Breaking News

ခိုင်ကြည်သစ် - “တိုင်းပြည်ကိုဖျက် ကိုယ်ပါပျက်"



ခိုင်ကြည်သစ် - “တိုင်းပြည်ကိုဖျက် ကိုယ်ပါပျက်"

(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၁

တိုင်းပြည်တစ်ပြည်ဟာ လူဖျင်းလူညံ့တွေ အုပ်စိုးခွင့်ရသွားရင် ကြာကြာမခံပဲ ပျက်သွားရလေ့ ရှိပါတယ်။ တိုင်းပြည်ပျက်သလို အဲဒီလို တိုင်းပြည်ပျက်အောင် ဖျက်ခဲ့တဲ့ အုပ်စိုးသူတွေဟာလည်း မမျှော်မှန်းနိုက်လောက်တဲ့ ပျက်စီးခြင်းမျိုးနဲ့ ပျက်စီးရလေ့ ရှိပါတယ်။

ဟံသာ၀တီရွှေနန်းတော်ကြီးနဲ့ ၁၆ ရာစုမှာ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံးအင်ပါယာကြီးကို စစ်ရေးနဲ့ တည်ထောင်ပြီးနောက် ဘုရင့်နောင်မင်းတရား နတ်ရွာလားပါတယ်။ အသက်ရှင်စဉ် ဧကရာဇ်ဘ၀မှာ အာဏာစက်နယ်ပယ်ချဲ့ထွင်တာနဲ့ပဲ အချိန်ကုန်ပြီး တိုင်းပြည်တည်ဆောက်ရေး ဘာမျှလုပ်သွားပုံမရပါဘူး။ သူ့ထက် အနှစ် သုံးလေးရာ စောတဲ့ ပုဂံခေတ်က အနော်ရထာကမှ မိုးခေါင်ရေရှားတဲ့အရပ်မှာ ဆည်ဆောက်၊ မြောင်းဖောက်တာ လုပ်ခဲ့ပါသေးတယ်။ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ပြီး သားတွေ၊ ညီတွေကို ဘုရင်ခံထား အုပ်ချုပ်နိုင်ခဲ့ပြီး မြေပုံ ကြီးလာတာသာ ဘုရင့်နောင်ထူထောင်တဲ့ ဒုတိယမြန်မာနိုင်ငံတော်ရဲ့ ဝိသေသ လို ဖြစ်နေတာပါ။

နှောင်းလူတို့က ကြီးမားကျယ်ပြန့်လှတဲ့ ဘုရင့်နောင်ရဲ့ ဟံသာ၀တီ အင်ပါယာကြီးကို တခမ်းတနားနဲ့ ဂုဏ်ယူခဲ့ကြပေမယ့် အဲဒီအင်ပါယာကြီး သူ့သားလက်ထဲမှာတင် ပျက်စီးခဲ့ရတာကိုတော့ သင်ခန်းစာ ယူဖို့ မေ့နေခဲ့ကြပါတယ်။ ကလေးတွေ သင်ရတဲ့သမိုင်းဘာသာမှာလည်း ဘုရင့်နောင်ရဲ့ နောင်ရိုးတိုက်ပွဲ ကိုသာ တမြတ်တနိုးသင်ယူကြရပြီး သားတော် နန္ဒဘုရင်မျက်စိရှေ့မှာ ကမ္ဘောဇသာဒီနန်းတော်ကြီး မီးရှို့ခံလိုက်ရတာကို ထည့်မပြောပြထားပါဘူး။

သက္ကရာဇ် ၉၄၃၊ တန်ဆောင်မုန်း လပြည့်နေ့မှာ ဘုရင့်နောင် နတ်ရွာစံပါတယ်။ ခရစ်သက္ကရာဇ် ၁၅၈၁ အောက်တိုဘာ ၁၀ ရက်် ပါ။ မြန်မာ့သမိုင်းမှာ စစ်အတိုက်ဆုံးဘုရင်တွေထဲက တစ်ယောက်မို့ သူ့ကြောင့် လူအသေအပျောက်အများဆုံးပါ။ စစ်ပွဲမှာ မဟုတ်ဘဲ ‌အာဏာပြပြီး သူ့လက်နဲ့ ကိုယ်တိုင်သတ်တဲ့သူချည်း မနည်းလှပါဘူး။ အဲဒီလောက် လောဘ၊ ဒေါသများတဲ့သူက သေပြီးတဲ့နောက် နတ်ရွာလားဖို့ မရှိမှန်း လူတိုင်းသိပါတယ်။ ဒါပေမယ့်လည်း ထုံးတမ်းအစဉ်အလာအတိုင်း နတ်ရွာစံ တယ်လို့ပဲ ရေးပါရစေတော့။

ဘုရင့်နောင် နတ်ရွာလားတော့ သားတော်ကြီး နန္ဒ က ဟံသာ၀တီ ထီးနန်းကို ဆက်ခံပါတယ်။ ငါးဆူဒါယကာ မင်းလို့ သမိုင်းဆရာတွေက မှတ်တမ်းထိုးပါတယ်။

တကယ်ဆို နန္ဒဘုရင်လုပ်ရမှာက အဖေဖြစ်သူ စုစည်းသွားတဲ့ နိုင်ငံတော်ကို တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်ကြီးပွားအောင် ဆောင်ရွက်ဖို့ပါ။ (အဲဒီကာလမှာ ဥရောပက စပိန်၊ ပေါ်တူဂီတို့လို့ ဟံသာ၀တီနဲ့ နယ်နိမိတ်အကျယ်အ၀န်းချင်းယှဉ်ရင် ဆင်နဲ့ဆိတ်လောက်မျှမက ကွာခြားလွန်းတဲ့ နိုင်ငံငယ်လေးတွေက ကမ္ဘာကြီးကို အရှေ့အနောက် နှစ်ပိုင်းခွဲပြီး စီးပွားအရှာထွက်နေပါပြီ။ စပိန်က ကိုလံဘတ်စ် ကြောင့် အမေရိကကို ရှာတွေ့ထားပါပြီ။ ပေါ်တူဂီက ဗာစကိုဒဂါးမား ကျေးဇူးနဲ့ အိန္ဒိယ ကို ရောက်နေပါပြီ။)

အာဏာရှင်တွေဟာ မျိုးဆက်တွေသာပြောင်းသွားပေမယ့် အတွေးအခေါ်နဲ့ လုပ်ပုံကိုင်ပုံက မပြောင်းပါဘူး။ ဘုရင့်နောင်လက်ထက်ကတည်းက အပြတ်အသတ်မနိုင်တဲ့ ယိုးဒယားကိုပဲ ထပ်ခါထပ်ခါ သွားတိုက်ပါတယ်။ ဒါနဲ့ပဲ သူ့ဘုရင်သက်တမ်းဟာ ပြည်သူအတွက် ဘာတစ်ခုမှ မလုပ်ဘဲ ကုန်သွားရတာပါ။ တကယ်တော့ ပဒေသရာဇ်‌တွေ စစ်တိုက်တယ်ဆိုတာလည်း လူသတ်၊ ဓါးပြတိုက်ပြီး ပြည်သုကို အကြောက်တရားသွင်း အုပ်ချုပ်ဖို့ ကြိုးစားတာပါပဲ။ ဒီတော့ ပြည်သူကို နှိပ်စက်ရင်း ဘုရင်သက်တမ်းကုန်သွားတယ်လို့ ဆိုရင် ပိုမှန်ပါတယ်။

နယ်မြေချဲ့ထွင်ဖို့၊ စစ်တိုက်ဖို့ လောဘဇောတိုက်နေပြီး၊ တိုင်းပြည်ကို ထူထောင်ဖို့ ဉာဏ်ပညာ ချို့တဲ့တာဟာ အာဏာရူးတွေရဲ့ လက္ခဏာပါပဲ။

နန္ဒဘုရင်ဟာ ဘုရင့်နောင်မျိုးဆက်ဆိုပြီး ဂုဏ်မောက်ချင်ရင် မောက်နိုင်ပေမယ့် လက်တွေ့မှာတော့ တိုက်တိုင်းရှုံး လို့ ဆိုရမှာပါ။ ကိုယ်တိုင်ထွက်တိုက်ပြီး ယိုးဒယားကို သိမ်းပေမယ့် မအောင်မြင်ပါဘူး။

ယိုးဒယားကို မရတဲ့အပြင် အိမ်ရှေ့အရာထားပြီး ဟံသာ၀တီမှာ နန်းစောင့်ထားခဲ့တဲ့ သားကြီး "မင်းကြီးစွာ" က သူစစ်တိုက်ထွက်တုန်း ထင်ရာစိုင်းထားလို့ စိတ်ညစ်ရပါသေးတယ်။ (အိမ်ရှေ့မင်း မီးမွှေးပုံကို နောက်မှ ရေးပါဦးမယ်။)

"ကောဓော၊ အမျက်ထွက်ခြင်းသည်၊ ဝါ၊ အမျက်ထွက်သောသူသည်။ အတ္ထံ၊ အကျိုးစီးပွားကို။ နဇာနာတိ၊ မသိ မမြင်နိုင်။"

ဒါက မြတ်ဗုဒ္ဓရဲ့ ဒေသနာပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာကို ကြည်ညိုလှပါချည်ရဲ့ ဆိုတဲ့ အာဏာရှင်တွေဟာ အဲဒီ အတိုရှင်းဆုံး တရားကိုသော်မှ နှလုံးသွင်းဖို့ မေ့နိုင်လွန်းပါတယ်။ ဒါကြောင့်ပဲ အာဏာရှင်တွေဟာ တစ်ဖက်မှာ ဘုရားတည်၊ ဘုန်းကြီးဆွမ်းကပ်နေရင်း၊ တစ်ဖက်မှာ လူသတ်နေကြတာပေါ့။ ငါးဆူဒါယကာ ဆိုတဲ့ ဘုရားတရား ကြည်ညိုသူကြီးဟာ ယိုးဒယားမနိုင်တော့ ဒေါသကို မထိန်းချုပ်နိုင်ဘဲ ကိုယ့်တိုင်းပြည်၊ ကိုယ့်မှူးမတ်၊ ကိုယ့်ပြည်သူ ကို ဒေါသထွက် အပစ်ရှာတော့တာပါပဲ။

"မင်းညီ မင်းသားနှင့် မှူးမတ် သေနာပတိများသည် ငါ့ကျေးဇူးကိုသာ ခံစား၍ ငါ့အမှုတော်များကို သက်စွန့်ကြိုးပမ်း ထမ်းရွက်ခြင်း မရှိကြ။ ကျေးဇူးကို ကျေးဇူးမတင်၊ အရှင်၏ သစ္စာကို သစ္စာမမှတ်ဘဲ ပေါ့လျော့စွာနေထိုင်၍ အမှုထမ်းလစ်ဟင်းကြသည့်အတွက် ယိုးဒယားဗြနရာဇ် ပုန်ကန်သောင်းကျန်းလေသည်ကို အကြိမ်ကြိမ်ချီတက်တိုက်ခိုက်ရာတွင် မအောင်မြင်ဘဲ ရှိရသည်။ ငါ့ကျေးဇူးသစ္စာကို ထောက်၍ ပေါက်ပေါက်ရောက်ရောက် အမှုတော်ကို ထမ်းဆောင်ကြပါလျှင် ယိုးဒယားဗြနရာဇ်ငယ်သည် ငါ့လက်တွင်းက ထွက်နိုင်မည်လော" တဲ့။ သက္ကရာဇ် ၉၅၄ မှာ ဗိုလ်ရှုသဘင်ခံရင်း ပြောခဲ့တာလို့ မှတ်သားရပါတယ်။ ကိုယ်ညံ့လို့ ဘာလုပ်လုပ် မအောင်မြင်တာကို မဝေဖန် မဆန်းစစ်ဘဲ၊ ၀န်ထမ်းတွေ အလုပ်မလုပ်လို့ ဆိုပြီး အပြစ်ထိုးချတဲ့ နိုင်ငံ့ဥသျှောင်ကြီးပါပဲ။

ဘုရင့်နားကပ်ပြီး အမှုထမ်းနေရတဲ့ ရာထူးကြီးတွေကလည်း ဘုရင့်ကို ကြောက်တာရယ်၊ ရာထူးလက်လွှတ်ရမှာ စိုးတာရယ်ကြောင့်သာ မင်းလိုလိုက်ပြီး မင်းပြောသမျှ လိုက်အကောင်အထည်ဖော်နေရပုံပါ။ စိတ်ထဲက သိပ်ပါလှဟန် မရှိပါဘူး။ အခွင့်သာတဲ့အခါ ပြန်ပြီး ပြန်ပြီး ပညာပြကြတာပါပဲ။ ခုခေတ်စကားနဲ့‌ ပြောရရင်တော့

တော့ "အချွန်နဲ့ မ" ကြတာ‌ပေါ့လေ။ မွန်အမတ် ဗညားလောက ဘုရင့်သားတော် "အိမ်ရှေ့မင်း" ကို လွှတ်ပြီး တိုက်စေဖို့ အကြံပေးပါတယ်။ အချွန်နဲ့ မမှန်း မသိအောင်တော့ ပြောရတာပေါ့လေ။

"စစ်တို့၏သဘောမှာ အင်အားများပြားခြင်းက ပဓာန မဟုတ်လှပါ။ လုပ်ရည်ကြံရည်နှင့် စွမ်းရည်သတ္တိသာ ပဓာနဖြစ်ပါသည်။ ကျွန်တော်မျိုးတို့မှာလည်း မဟာဥပရာဇာ အိမ်ရှေ့ဘုရားနှင့် ပြည်ဘုရင် သတိုးဓမ္မရာဇာ၊ တောက်ငူနတ်သျှင်နောင်တို့သည် လုပ်ရည်၊ ကြံရည်၊ လက်ရုံးရည်နှင့် ပြည့်စုံ၍ ရဲစွမ်းသတ္တိများလည်း ရှိတော်မူကြပါသည်။ အလုံးအရင်းများစွာနှင့် ခန့်ထားစေလွှတ်တော်မူပါလျှင် အရေးပြီးလွယ်မည် ဖြစ်ပါကြောင်း" လို့ လျှောက်ပါသတဲ့။

ဒီလို အလျှောက်ကောင်းကြောင့် နန္ဒဘုရင်ဟာ ၁၅၉၂ မှာ အိမ်ရှေ့မင်းကို လွှတ်ပြီး ယိုးဒယားကို တိုက်ခိုင်းပြန်ပါတယ်။ ရှုံးတဲ့အပြင် အိမ်ရှေ့မင်းပါ တိုက်ပွဲကျပါတယ်။

ယိုးဒယားဘုရင် ဗြနရာဇ် နဲ့ စီးချင်းထိုးရင်း ကျတာပါ။

ခေါင်းဆောင်ကျသွားတာနဲ့ မြန်မာတပ်က ကြာကြာမစဉ်းစားပါဘူး။ အိမ်ရှေ့မင်း အလောင်းထမ်းပြီး ဟံသာ၀တီကို တပ် ပြန်ဆုတ်လာတော့တာပါပဲ။

နန္ဒဘုရင်မှာ သားသုံးယောက်ရှိတဲ့အနက် အကြီးဆုံးသား မင်းကြီးစွာ ခေါ် မဟာဥပရာဇာ ကို နန္ဒဘုရင်ကိုယ်တိုင် သင်္ဂြိုဟ်ခဲ့ရတာပါ။ အိမ်ရှေ့မင်းကို ခမည်းတော်ဘုရင်က သင်္ဂြိုဟ်ပေးရတာ ဖြစ်တောင့်ဖြစ်ခဲပါ။

သားကြီးဆုံးပြီးတော့ သားလတ်ကို အိမ်ရှေ့အရာ ထားပါတယ်။ သားလတ်ကလည်း နဂိုကမှ ပြည်သူကို နှိပ်စက်ကလူပြုသူရယ်လို့ နာမည်ကြီးတဲ့သူပါ။ အရည်အချင်းညံ့ဖျင်းလှတဲ့ မင်းသားတစ်ပါးပေါ့။ အင်း၀မှာ ဘုရင်ခံအဖြစ်ထား ထားတဲ့ မင်းရဲကျော်စွာ ဖြစ်ပါတယ်။ အိမ်ရှေ့မင်း ဖြစ်တော့မှာမို့ အင်း၀က မြန်မာတွေကို ခေါ်ပြီး အောက်ပြည်အောက်ရွာ ဟံသာ၀တီနေပြည်တော်ကြီး ဆီ စုန်ဆင်းလာလို့ "မင်းရဲကျော်စွာစုန်" လို့ နာမည်တွင်ပါတယ်။

ခပ်ညံ့ညံ့ နန္ဒဘုရင်နဲ့ သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာစုန် တို့ ပေါင်းမိတဲ့အခါ ဟံသာ၀တီ ထီးနန်းပျက်တော့တာပါပဲ။

နန္ဒဘုရင်ဟာ ယိုးဒယားကို အကြိမ်ကြိမ်စစ်ရှုံးတာမို့ ဒေါသက ကြီးသည်ထက်ကြီးလာပါတယ်။ သားကြီးကို ဆုံးရှုံးရတော့ ပိုပြီး ဆိုးပါတယ်။ အာဏာရှင်များဟာ ကိုယ်တိုင်ကသာ သူတပါး သားသမီးအသက်ကို တနါးဖိုးမထားဘဲ သတ်ချင်တိုင်းသတ်ပြီး စာရင်းဖျောက်တတ်ကြပေမယ့် ကိုယ့်သားသမီးကျတော့ အသက်သေဖို့ ခဏထားလို့၊ နာမည်ပျက်ကလေးတောင် မခံနိုင်ကြဘူး မဟုတ်လား။ ဒါ့အပြင် အိမ်ရှေ့မင်းသား တိုက်ပွဲကျတယ်ဆိုတာကလည်း နိုင်ငံရေး၊ စစ်ရေးအရ နည်းတဲ့ အရှုံးမဟုတ်ဘူးလေ။

အဲဒီဒေါသကို ဟံသာ၀တီသား‌တွေဆီ ထိုးချပါတယ်။ ဒါကလည်း အာဏာရှင်တွေရဲ့ စရိုက်ပါပဲ။ နှောင်းခေတ် အာဏာရှင်တွေ သတိပြု ဆင်ခြင်စရာပါ။

နန္ဒဘုရင်ရဲ့ ဒေါသဟာ မွန် အမတ်တွေအပေါ် ပိုလို့တောင် ပုံကျပါသေးတယ်။ မွန်အမတ်တွေ၊ အမှုထမ်းတွေကို "ယိုးဒယားဘက်ငို့ စိတ်ပါကြသလော၊ သင်တို့ တစ်မျိုးလုံးကို ယိုးဒယားသို့ ပို့မည်" လို့ ကြိမ်းဝါးပါသတဲ့။ အကြိမ်းခံရဖန်များလာတော့ စိတ်ထဲ အကြိတ်အခဲ ဖြစ်ကြပေမပေါ့။ ဒီတော့ ကြာလာလေလေ အတွင်းတော်မှာ ဘုရင့်အပေါ် သစ္စာပျက်မယ့်သူ ပိုများလာလေလေ ဖြစ်မှာပါပဲ။ နှောင်းခေတ် အာဏာရှင်တွေနဲ့ အာဏာရှင် လက်ပါးစေ အမှုထမ်းတွေ သင်ခန်းစာ ထုတ်ယူစရာ သမိုင်းစာမျက်နှာ တစ်ခုပါ။

အာဏာရှင်တွေဟာ လူမြင်ကောင်းအောင် ဘုရားတရား အလွန်ကြည်ညိုပြကြပေမယ့် သူတို့အကျိုးစီးပွားနဲ့ ယှဉ်လာရင် ဘုန်းကြီးသော၊ ဘာသော နားမလည်ပါဘူး။ ငါးဆူဒါယကာ ဆိုတဲ့ သာသနာပြုမင်းဟာ စစ်တပ်အတွက် သာသနာကို အကြီးအကျယ်ဖျက်ခဲ့သူလည်း ဖြစ်ပါတယ်။ ရဟန်းတွေများလွန်းလို့ စစ်သားနည်းရတာ ဆိုပြီး ရဟန်းတချို့ကို အတင်းလူ၀တ်လဲပြီး စစ်တပ်ထဲသွင်းတာ ငါးဆူဒါယကာ နန္ဒဘုရင်ပါပဲ။

လူ၀တ်မလဲရတဲ့ ရဟန်းတွေလည်း အေးအေးဆေးဆေး မနေရပါဘူး။ မွန်ရဟန်းတွေ ဂိုဏ်းဖွဲ့ပြီး ယိုးဒယားဘက် ပါမှာစိုးတာကြောင့် သံဃာအစုအသင်း ကွဲပြားအောင် မွန်ရဟန်းတွေကို အင်း၀၊ စစ်ကိုင်း၊ ရှမ်းပြည် စသည်ဖြင့် နေရာတွေ ခွဲပြီး ပို့ထားပါတယ်။

‌လောကီပညာတွေနဲ့ ထင်ရှားပြီး ဟံသာ၀တီနေပြည်တော်မှာ ကိုးကွယ်သူမျလှတဲ့ ဘားမဲ့ဘုန်းကြီး၊ ဘားတမော့ဘုန်းကြီး နှစ်ပါးကိုတော့ ညောင်ရမ်းကို ပို့လိုက်ပါတယ်။

သားလတ် မင်းရဲကျော်စွာစုန် ကလည်း ဖအေနည်းတူ ဟံသာ၀တီပြည်သူကို နှိပ်စက်တာပါပဲ။ သူခေါ်လာတဲ့ အလုံ၊ တပယင်း၊ ရွှေဘို က မြန်မာတွေရော၊ ဧရာ၀တီမြစ်ဝှမ်းတလျှောက်က မြန်မာတွေရောကို သုံးပြီး မွန်တွေကို နှိပ်ကွပ်တာပါ။

နောက်ဆုံးတော့ မွန်နွယ်တဲ့ "မှော်ဘီမြို့စား" က ပုန်ကန်တဲ့ အဆင့်ရောက်လာပါတယ်။ မှော်ဘီ ကို နှိမ်နှင်းနိုင်တဲ့နောက် ဖမ်းမိသမျှ မွန်တွေကို သတ်ဖျက်ပြန်ပါတယ်။ မှော်ဘီစားကို အကြောင်းပြုပြီး ဖိနှိပ်မှု အရှိန်ကို ပိုမြှင့်ပါတယ်။

နန္ဒဘုရင်နဲ့ အိမ်ရှေ့မင်းသား မင်းရဲကျော်စွာစုန် တို့သားအဖတတွေ နှိပ်စက်လွန်းမက နှိပ်စက်တာကို မခံနိုင်တဲ့အဆုံး ပြည်သူအချို့ တိုင်းပြည်ထဲက ထွက်ပြေးကြပါတယ်။ ယိုးဒယား၊ ဇင်းမယ်၊ ရခိုင်၊ ပြည်၊ တောင်ငူ တို့ကို ထွက်ပြေးခိုလှုံတဲ့ မွန်ဦးရေ တိုးပွားလာပါတယ်။ တချိန်တည်းမှာ ဟံသာ၀တီနေပြည်တော်ဟာ အတွင်းကနေ လှိုက်စားပြီး အင်အားချိနဲ့လာပါတော့တယ်။

သုံးနှစ်အကြာ ၁၅၉၅ မှာတော့ ယိုးဒယားဘုရင်က ဟံသာ၀တီနေပြည်တော်ကို ပြန်လာဝိုင်းနိုင်တဲ့ အဆင့် ရောက်သွားပါတယ်။

အကျိုးပေးကောင်းပြီး အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး အင်ပါယာကြီးကို အမွေရခဲ့တဲ့ နန္ဒဘုရင်ဟာ အဲဒီ အင်ပါယာပိုင်ရှင်ဘ၀မှာ ပြုခဲ့တဲ့ အကုသိုလ်တွေ အကျိုးပေးချိန်တန်လာပြီလို့ ဆိုရမှာပါ။

ယိုးဒယားရန် ကြီးမားလာချိန်မှာပဲ သားသုံးယောက်ထဲက အငယ်ဆုံးသား ပြည်ဘုရင် "မင်းကြီးနှောင်း" က ဟံသာ၀တီအင်ပါယာကနေ ခွဲထွက်ပါတော့တယ်။ နန္ဒဘုရင် အကုသိုလ် အကျိုးပေးပုံက အံ့ဩစရာပါ။

ရိုးရိုးစဉ်းစားကြည့်ရင် သူ့ကို ပုန်ကန်ခွဲထွက်တဲ့ သားလတ်ဟာ သားအဖချင်းမို့ နောင်တချိန် ပြန်စေ့စပ်ဖို့ မျှော်လင့်ချက်ရှိပါတယ်။ ဒါမှမဟုတ် သာမန်မိဘတစ်ယောက်ရဲ့ မေတ္တာတရားနဲ့ ယှဉ်ပြီး သဉ်းစားကြည့်ရင် "ငါ့သားပဲလေ" ဆိုပြီး ခွင့်လွှတ်လိုက်ရင်လည်း ရတာပါပဲ။ သားကြီးကို ဆုံးရှုံးလိုက်ရတာကြောင့် အငယ်ဆုံးသားလေး အသက်နဲ့ ခန္ဓာ အိုးစားမကွဲသေးတာကပဲ ၀မ်းသာစရာ ပါ။

ဒါပေမယ့် ကံကြမ္မာက အဲဒီလောက် မျက်မှာသာ မပေးပါဘူး။ သားလတ် မင်းကြီးနှောင်းဟာလည်း ဟံသာ၀တီက ခွဲထွက်ပြီး တစ်ထီးတစ်နန်းနဲ့ ကြာကြာမနေလိုက်ရပါဘူး။ အာဏာသိမ်းခံလိုက်ရပါတယ်။ မင်းကြီးနှောင်းကို စောင့်ရှောက်ဖို့ နန္ဒဘုရင်ကိုယ်တိုင် ခန့်ထားပေးတဲ့ အထိန်းတော် "ရန်နိုင်စား" က အာဏာသိမါးပြီး သတ်ဖြတ်တာ ခံလိုက်ရတာပါ။ နန္ဒဘုရင်ရဲ့ သားသုံးယောက်အနက် အကြီးဆုံးနဲ့ အငယ်ဆုံး နှစ်ယောက် သူတပါးလက်ချက်နဲ့ အသက်ပျောက်ခဲ့ရတာပါ။

အကုသိုလ်အကျိုးပေးရင် အလုံးအရင်းနဲ့ပဲ လို့ ဆိုရမှာပါ။ ဟံသာ၀တီရဲ့ စစ်ရေးမှာ အားကိုးရတဲ့ တောင်ငူ နတ်သျှင်နောင် ကလည်း ဟံသာ၀တီကို ပုန်ကန်ဖို့ ကြံစည်နေတာ ကြလှပါပြီ။ ယိုးဒယားမှာ တိုက်ပွဲကျတဲ့ မဟာဥပရာဇာ မင်းကြီးစွာ က နတ်သျှင်နောင် မြတ်နိုးလှတဲ့ ရာဇဓာတုကလျာ ကို လုယူခဲ့တဲ့ အငြိုးကလည်း ရှိနေတာကိုး။

ဒီကြားထဲမှာ ရခိုင်ဘုရင်ကလည်း ဟံသာ‌၀တီကို တိုက်ဖို့ တပြင်ပြင်နဲ့ပါ။ ရခိုင်ဘုရင် "မင်းရာဇာကြီး" ဟာ ပေါ်တူဂီကြေးစား စစ်မှုထမ်းတွေလည်း ရှိနေပါပြီ။ ကြေးစားစစ်တပ်ရဲ့တပ်မှူးက ဆာလ်ဗာဒေါ ရီဘေအီရို (Salvador Ribeiro) ဖြစ်ပါတယ်။ သူ့တွဲဖက်ကတော့ အားလုံးသိတဲ့ ငဇင်ကာ ပါ။ ပေါ်တူဂီနာမည်က ဖိလစ်ဒီဘရစ်တိုနီကိုတီ (Filippe de Brito Nicote) ဖြစ်ပါတယ်။

တဖက်မှာလည်း ဟံသာ၀တီအကျမှာ ညောင်ရမ်း ရှင်သစ္စာက အင်အားတိုးလာနေပါတယ်။

အဲဒီလို ဟံသာ၀တီကို ရန်သူဝိုင်းနေချိန်မှာ တောင်ငူ နဲ့ ရခိုင် မဟာမိတ်တွေ ဖြစ်သွားပါတယ်။ ဟံသာ၀တီကို အထက်ဘက်က တောင်ငူ အိမ်ရှေ့မင်းသား နတ်သျှင်နောင်က နဲ့ အောက်ဘက်က ရခိုင်အိမ်ရှေ့မင်းသား "မင်းခမောင်း" တို့ ညှပ်ပြီး တိုက်ပါတယ်။ ၁၅၉၈ မှာပါ။

ဟံသာ၀တီကို တောင်ငူနဲ့ ရခိုင် က ဝိုင်းထားလိုက်ပြီ ဆိုတာနဲ့ နန္ဒဘုရင်ရဲ့ အားသုံးအား ဆိုတဲ့ သားသုံးယောက်အနက်မှာ အသက်ရှင်ကျန်နေသေးတဲ့ တစ်ဦးတည်း‌သောသား အိမ်ရှေ့မင်း မင်းရဲကျော်စွာစုန် ဟာ လက်နက်ချလိုက်ပါတော့တယ်။ အားကိုးရချက်ကတော့ ခမည်းတော် ဘုရင်နဲ့တောင် မတိုင်ပင်ခဲ့ဘူး လို့ ဆိုပါတယ်။

အဲဒီ တစ်ဦးတည်းကျန်တဲ့ သားလတ်ကလည်း အသတ်ခံရပြန်ပါတယ်။ သမိုင်းစာအုပ်တွေ ရှာဖတ်ရင်း မင်းရဲကျော်စွာစုန် ကို ဘယ်သူ သတ်သလဲ သိရတော့ အံ့ဩမိပြန်ပါတယ်။ နန္ဒဘုရင်ရဲ့ အကုသိုလ်ကိုလည်း စုတ်သတ်မိပါတယ်။

ဟံသာ၀တီ ကျသွားတဲ့အခါ နန္ဒဘုရင် ဟာ တောင်ငူဘုရင်ရဲ့ သုံ့ပန်းဖြစ်သွားရပါတော့တယ်။ တောင်ငူဘုရင်ဆိုတာ သူစိမ်းတော့ မဟုတ်ပါဘူး။ ညီ၀မ်းကွဲလည်းတော်၊ နှမချင်း အပြန်အလှန်ယူထားကြတဲ့ ယောက်ဖလည်း တော်တဲ့သူ ဖြစ်ပါတယ်။ တောင်ငူဘုရင်က နန္ဒဘုရင်ရဲ့ ညီ၀မ်းကွဲဖြစ်ပြီး တောင်ငူ မိဖုရားဟာ နန္ဒဘုရင်ရဲ့ ညီမအရင်းပါ။

နန္ဒရဲ့ တစ်ဦးတည်း အသက်ရှင်ကျန်သူ သားလတ်ကို နန္ဒရဲ့ ညီမရင်း တောင်ငူမိဖုရားက သတ်လိုက်တာပါ။ အံ့ဩစရာပါပဲ။

နန္ဒဘုရင်ကို ဟံသာ၀တီ ထီးနန်းကချပြီး လက်ရဖမ်းတာက တခါက သူအားကိုးခဲ့တဲ့ တူတော်သူ နတ်သျှင်နောင် မင်းသားပါ။ တူတော်တာမှ ညီ၀မ်းကွဲနဲ့ ညီမအရင်းက မွေးတဲ့ တူပါ။

ဘုရင့်နောင် တည်ထောင်ခဲ့တဲ့ ဟံသာ၀တီ အင်ပါယာကြီးဟာ သူ့ရဲ့သား လက်ထက်မှာပဲ ပြိုလဲပျက်စီးသွားရပါပြီ။ ဘုရင့်နောင် ဆောက်ခဲ့တဲ့ ကမ္ဘောဇသာဒီ နန်းတော်ကြီးကိုလည်း မင်းခမောက် တို့ ရခိုင်တပ်တွေက မီးရှို့ဖျက်စီးလိုက်ကြပါပြီ။

သားသုံးယောက်လုံး ဆုံးရှုံးရတာ၊ သူပိုင် အင်ပါယာကြီး ပြိုကျသွားတာ၊ ဆွေရင်းမျိုးရင်းတွေက နှိပ်စက်ကလူပြုတာတွေကို မျက်မြင်ကိုယ်တွေ့ခံစားရပြီးတဲ့နောက် ဆယ်လလောက်အကြာမှာ တူတော် နတ်သျှင်နောင် လက်ချက်နဲ့ နန္ဒဘုရင် အသက်နဲ့ ခန္ဓာ အိုးစားကွဲရရှာပါတယ်။

အာဏာရှင်တွေဟာ သူစိမ်းသူရံတွေရဲ့ အသက်ကို ဖတ်ကွက်လောက်မျှ တန်ဖိုးမထားဘဲ သတ်ခဲ့တဲ့ အကုသိုလ်ဟာ ဘ၀မခြားဘဲ အကျိုးပေးတယ် ထင်ပါရဲ့။ နန္ဒဘုရင်ဟာ ပြည်သူတွေကို နှိပ်စက်ခဲ့သမျှ ဆွေရင်းမျိုးရင်းတွေထံမှာ ပြန်ပေးဆပ်ခဲ့ရရှာပါတယ်။

ဒါကတော့ ညံ့ဖျင်းလွန်းတဲ့ အာဏာရှင်တစ်ယောက်ကြောင့် ဒုတိယမြန်မာနိုငံတော်လို့ သမိုင်းထိုးကြတဲ့ ဟံသာ၀တီအင်ပါယာကြီး နှစ်အနည်းငယ်အတွင်း ပြိုလဲကျသွားပုံပါ။

သမိုင်းဆိုတာ မအအောင် သင်ရတာလို့ ဆိုပါတယ်။ သမိုင်းထဲက သင်ခန်းစာ မထုတ်ယူတတ်တဲ့ "လူအ" တွေကတော့ လက်ထဲကို တိုင်းပြည်ကြီး အရယူလိုက်နိုင်ရင်တောင် ခေတ်သစ်နန္ဒဘုရင် တွေ ဖြစ်သွားနိုင်ပါတယ်။ နှောင်းလူတွေ သတိပြုဆင်ခြင်စရာပါပဲ။

နန္ဒဘုရင်လို အာဏာလောဘကြောင့် ဒေါသမိုက်တွင်းနက်မှုဟာ ရာထူး၊ စည်းစိမ်ဥစ္စာ၊ အာဏာတွေကိုသာမက ရင်နှစ်သီးခြာတွေ ကိုယ့်ရှေ့မှာတင် ဒုက္ခရောက်ရတာပို ထိုင်ကြည့်နေရတတ်တယ် ဆိုတဲ့ တရားကို ဟံသာ၀တီသမိုင်းထဲက ထုတ်ယူသဘောကျနိုင်ကြဖို့ လိုပါတယ်။

ငါဟဲ့ အာဏာရှင် ဆိုပြီး အင်အားတွေ ထုတ်ပြနေပေမယ့် လက်တွေ့မှာ အဲဒီအင်အားတွေဟာ ထင်သလောက်မစွမ်းဘူး ဆိုတာ သတိပြုစရာပါပဲ။

ပြည်သူ့နှလုံး မသိမ်းကျုံးသမျှ ကြီးမားလှတဲ့ စစ်အင်အားတွေဟာ အရာမရောက်နိုင်ကြောင်း၊ ပြည်သူကို နှိပ်စက်တာဟာ တိုင်းပြည်ကိုရော၊ မိမိကိုယ်ကိုယ်ကိုပါ ဖျက်စီးရာရောက်ကြောင်း နန္ဒဘုရင်နဲ့ သားတော် မင်းရဲကျော်စွာစုန် တို့က ပြော‌ပြနေပါတယ်။

မိမိရှုံးနိမ့်ရတဲ့ အခြေအနေတွေ၊ အကြောင်းအရင်းတွေကို မှန်မှန်ကန်ကန် တွက်စစ်တာမျိုး မလုပ်ဘဲ တပါးသူအပေါ် အပြသ်ပုံချပြီး ဒေါသနဲ့ အာဏာပေါင်းစပ် ဖြေရှင်းတာ ၊ သံသယနဲ့ ချဉ်းကပ်တာ၊ ပညာမဲ့စွာ ဖြေရှင်းတာတွေက တိုင်းပြည်နဲ့ မိမိကိုယ်ကို ကိုယ်တိုင်ဖျက်စီးတတ်တယ် ဆိုတာကိုလည်း သတိပြုဖို့ လိုပါတယ်။

ငါးဆူဒါယကာ နန္ဒဘုရင်ရဲ့ရာဇ၀င်ကို အနှစ်ချုပ်ပြီး တရားသဘောနဲ့ မြင်ကြည့်မိတာတော့ "ပညာမဲ့ခြင်းနှင့် လောဘကြောင့် ပြုသော အမှား"၊ "ထိုအမှားကို ‌ဖြေရှင်းသော ဒေါသ" တို့က နန္ဒဘုရင်နဲ့ သူ့တိုင်ပြည်ကြီးကို ဖျက်စီးခဲ့တာပါလား ဆိုတာပါပဲ။

၂၁ ရာစုမှာ "တိုင်းပြည်ကိုဖျက်၊ ကိုယ်ပါပျက်" ရတဲ့ နန္ဒဘုရင်လို အာဏာရှင်တွေ မမြင်တွေ့ရပါစေနဲ့လို့ ဆုတောင်းမိပါတယ်။

ခိုင်ကြည်သစ်
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar