Breaking News

သီအိုဇော် - ကမ္ဘာကြီးက ငါတို့ဘက်မှာ



သီအိုဇော် - ကမ္ဘာကြီးက ငါတို့ဘက်မှာ

(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၁ 

အတော်လေးတရားကျဖို့ ကောင်းပါသည်။ ဒေါ်လာ နှစ်သန်းအကုန်အကျခံကာ ငှားရမ်းထားသည့် လော်ဘီ ကြားပွဲစား Ari Ben-Menashe စီစဥ်သော CNN ရုပ်သံဌာန အဖွဲ့ နှင့် သတင်းမီဒီယာ အဖွဲ့ ၏ မြန်မာနိုင်ငံ ခရီး စဥ်အပြီး ရက်ပိုင်းအတွင်း၌ စစ်အာဏာသိမ်းအုပ်စု၏ ဒုတိယစစ်ခေါင်းဆောင် ဆိုသူက တပ်ရင်းတပ်ဖွဲ့ မိသားစုများထံ အပြေးအလွှား သွားရောက်၍ CNN၏ သတင်းမှားများကို နားမယောင်ကြရန် ပြောကြားရ ပြန်သည်။ Clarissa Ward နှင့် CNN ရုပ်သံထုတ်လွှင့်မှု့သည် စစ်ခေါင်းဆောင်များ မျှော်လင့်ထားသလိုဖြစ်မ လာပဲ၊ မျက်မှောက် မြန်မာ့နွေဦးတော်လှန်ရေး ဖြစ်စဥ်နှင့် မြန်မာပြည်သူများ၏ကြုံတွေ့ခံစားနေရမှု့များကို ရရှိသည့်အခွင့်အရေး အကန့်အသတ်ဘောင်အတွင်းမှ ထင်ဟပ်ပေါ်လွင်အောင် အတတ်နိုင်ဆုံးတင်ဆက်နိုင် ခဲ့၍ မြန်မာပြည်သူလူထုအကြိုက်တွေ့ခဲ့ရသည်။ Clarissa Ward၏ သတင်းတင်ဆက်မှု့ကို ပြည်တွင်း၊ပြည်ပ ရှိ မြန်မာလူမျိုးများ အသေးစိတ်ကြည့်ရှု့လေ့လာပြီး ဖြစ်၍ အထူးကောက်နှုတ်တင်ပြရန်လိုမည်မထင်။ သို့ ဖြစ်၍ CNN ခရီးစဥ်တွင် အတူလိုက်ပါခွင့်ရသော အခြား သတင်းမီဒီယာဌာန ဖြစ်သည့် Southeast Asia Globe မှ သတင်းထောက်တစ်ဦးဖြစ်သူ Allegra Mendelson ၏ခရီးစဥ်အတွေ့အကြုံနှင့် တွေ့မြင်သုံး သပ်ချက်များ ကို ဤဆောင်းပါးတွင်အဓိကထားရေးသားလိုပါသည်။

Allegra Mendelson သည် ကနေဒါနိုင်ငံသူဖြစ်ပြီး လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အခြေစိုက် Southeast Asia Globe သတင်းဌာန ၌လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ ကံအားလျော်စွာပင် စာရေးသူ သည် Southeast Asia Globe၏ “Inside the Myanmar military’s controversial PR tour” webinar တွင်ပါဝင်ခွင့်ရပြီး သိလိုသည့်မေးခွန်းအချို့ကိုလည်း မေးမြန်းခွင့်ရရှိခဲ့သည်။ Allegra Mendelson သည် မြန်မာခရီးစဥ်နှင့်ပတ်သက်သော သတင်းဆောင်းပါးများကို The Washington Post နှင့် Al Jazeera တို့တွင် ရေးသားဖေါ်ပြခဲ့ပြီး ဤဆောင်းပါး အဆုံးတွင် ထပ်မံရှာဖွေဖတ်ရှု့နိုင်ရန် စာရင်းပြုလုပ်ပေးထားပါသည်။ ယခင်ကပင် သူမသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ဆောင်းပါးများကို ရေးသားလေ့ရှိပြီး စစ်အာဏာသိမ်း မှု့အကြောင်းကိုလည်းမျက်ခြေမပြတ်ရေးသားနေသည့်အပြင် CNN ခရီးစဥ်တွင် မမျှော်လင့်ပဲလိုက်ပါသတင်း ယူခွင့်ရရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။

Ben-Menashe နှင့်ပတ်သက်သော အင်တာဗျူး ဆောင်းပါး ရေးသားရန် ပြင်ဆင်နေစဥ် ပြီးခဲ့သည့် မတ်လ (၁၅) ရက်နေ့တွင် Ben-Menashe က သူမကို CNN ခရီးစဥ် တွင်လိုက်ပါလိုလျှင်စီစဥ်ပေးမည်ဟု ကမ်းလှမ်း လာသည့်အတွက် အံ့အားသင့်စရာဖြစ်ခဲ့ရသည်။ထိုခရီးစဥ်နှင့်ပတ်သက်၍ လွတ်လပ်စွာ ရေးသားဖေါ်ပြနိုင် သည်ဟုလည်းဆိုခဲ့သည်။ထို့နောက် မိခင်သတင်းဌာနနှင့် အကြံဥာဏ်ယူတိုင်ပင်ပြီးနောက် CNN ခရီးစဥ်တွင် လိုက်ပါရန်ပြင်ဆင်ခဲ့ကြောင်းသိရသည်။ မြန်မာအာဏာသိမ်းစစ်အုပ်စု၏သတင်းဆိုးများနှင့် Ben-Menashe ၏သမိုင်းနောက်ကြောင်းကိုကြားသိထားကြသူများဖြစ်၍သတိကြီးစွာထားကာစေ့စပ်သေချာစွာ လုပ်ဆောင် ခဲ့ကြရပုံပေါ်သည်။ Ben-Menashe နှင့် မြန်မာ စစ်တပ် ပူးပေါင်းစီစဥ်ထားသော ပုံရိပ်မြှင့်တင်ရေးနှင့် ဝါဒ ဖြန့်ချိရေး ခရီးစဥ်ဖြစ်ကြောင်းသိရ‌သော်လည်း ခရီးစဥ် အသေးစိတ်အား ကြိုတင်သိခွင့်မရရှိခဲ့၊ မူလအစီအ စဥ်အရ နေပြည်တော်သို့သွားရောက်ရမည်ဟုသာသိရှိထားပြီး အချိန်နီးကပ်မှ ရန်ကုန်တွင်လည်းသုံးရက်နေ ထိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြန်သည်။

ဤခရီးစဥ်နှင့်ပတ်သက်၍ Southeast Asia Globe နှင့် Allegra Mendelson က ပွင့်လင်းမြင်သာမှု့ရှိစေရန် အတွက်သူတို့၏သတင်းဌာနအနေဖြင့်ငွေကြေးဆိုင်ရာလက်ခံရရှိမှု့တစ်စုံတရာမျှမရှိခဲ့ကြောင်းအသိပေးကြေငြာခဲ့သည်။ လေယာဥ်လက်မှတ်ခများ၊နေပြည်တော်ရှိ Aureum Palace Hotel တည်းခိုစားရိတ်များ၊ ကမ္ဘောဒီးယားနိုင်ငံ ပြန်အရောက် Hotel quarantine ၂ ပတ်အတွက်ကုန်ကျစားရိတ်များအားလုံးကို ၎င်းတို့ ၏အစီအစဥ်ဖြင့်သာကျခံခဲ့ ကြောင်း ပြောကြားခဲ့သည်။ ထိုကုန်ကျမှု့များအတွက် အတိုင်းအတာ တစ်ခုအထိ အကူအညီဖြစ်စေရန် အမေရိကန်နိုင်ငံ Pulitzer Center မှ ပံ့ပိုးမှု့ပေးခဲ့ကြောင်းလည်းသိရှိရသည်။ The Washington Post နှင့် Al Jazeera မှရရှိသောဆောင်းပါးခများ ထည့်ဝင်အပြီး လိုအပ်ဆဲဖြစ်သော ကုန်ကျ စားရိတ်အား Southeast Asia Globe မှ စိုက်ထုတ်သုံးစွဲခဲ့ကြောင်းရှင်းပြခဲ့သည်။

Ben-Menashe စီစဥ်သော အသွင်သဏ္ဏာန်ကွဲပြားခြားနားမှု့ရှိသည့် သတင်းဌာန ၂ ခု၏ ခရီးစဥ်အဆုံး၌မြန်မာ ပြည်အရေးနှင့် စစ်တပ်အပေါ် သုံးသပ်ဖေါ်ပြမှု့များသည် သိသိသာသာ ကွာဟချက်မရှိသည်မှာ အံ့ဩစရာ တော့မရှိ။ စင်စစ် Allegra Mendelson သည် မြန်မာနိုင်ငံနှင့်စိမ်းသူမဟုတ်၊ မြန်မာနိုင်ငံသို့လေးကြိမ်တိုင် ရောက်ဖူးသူဖြစ်ပြီး ကယားပြည်နယ်၊ရခိုင်ပြည်နယ်များသို့လည်း သွားရောက်လေ့လာခဲ့ဖူးသူဖြစ်သည့်အ ပြင် ရန်ကုန်တွင်လအနည်းငယ်ကြာ အလုပ်လုပ်ဖူးသူလည်းဖြစ်သည်။ ထို့အတွက် သူမရောက်ရှိနေထိုင်ခဲ့ဖူး သည့် ဒီမိုကရေစီအခိုက်အတန့်ရရှိစဥ်က မြန်မာနိုင်ငံ နှင့် စစ်အာဏာရှင် လက်အောက်ရှိယနေ့ မြန်မာနိုင်ငံ ကို ကောင်းစွာခွဲခြားနိုင်မည်ကတော့ သေချာသည်။ အလားတူစွာ ရိုးသားပွင့်လင်း ဟန်ဆောင်မှု့ကင်းသော မြန် မာ့လူ့အဖွဲ့အစည်းကို ကြုံတွေ့ဆက်ဆံဖူးသော သူမအတွက်၊ ဇာတ်တိုက်ထားသော စစ်တပ်မှကြိုတင်စီစဥ် ထားသင်ကြားထားသူများအား အင်တာဗျူးရသောအခါ ခွဲခြားသိမြင်နိုင်စွမ်းရှိပေမည်။ သူမသည် စစ်တပ်မှ စီစဥ်ပေးထားသော စကားပြန်၏ အတိအကျဘာသာမပြန်ပဲ ဖြည့်စွက်ဖြေကြားနေမှု့ကိုလည်း ရိပ်စားမိလေ သည်။ စကားပြောရှေ့ နောက်မညီသော၊ရက်စွဲကိုပင် ခုတမျိုး တော်ကြာတမျိုး ပြောတတ်သူများ၊ ကိုယ်ထိ လက်ရောက်ကျူးလွန်ခံရသည်ဟုစွပ်စွဲလာသူများ၏ဒဏ်ရာကိုစစ်ဆေးကြည့်သောအခါတွင်လည်းအမာရွတ်ကမရှိ၊ အနာတရဖြစ်ခဲ့ဟန် လက္ခဏာလည်းမရှိ၊ အနောက်တိုင်းမီဒီယာများ စိတ်ညွတ်နူးမှု့ရှိလာစေရန် “လူ့အခွင့်အရေး ချိုးဖေါက်ခံရ ပါသည်” ဆိုသည့် သင်ကြားထားသည့်စကားလုံးကို ထပ်ခါတလဲလဲသုံးကာ ဖြေဆိုသည်များကြားရဖန်များ လာတော့ မည်သူကမှန်၊မည်သူကမှား ဆိုသည်ကို ရှည်ရှည်ဝေးဝေး စဥ်းစား စရာ သူမအတွက်လိုအပ်တော့မည် မဟုတ်။ ဆယ်မိုင်ကုန်းစျေးတွင် အဖမ်းအဆီးခံရသူများ အကြောင်းကြား သိလျှင်သိချင်း ပြန်လွှတ်ပေးရန် ပြောကြားစဥ်ကလည်း ထိုဖြစ်ရပ်ကိုလုံးဝမသိသယောင် ဟန်ဆောင်သည် ကိုကြုံတွေ့လိုက်ရခြင်းကလည်း “လိမ်ညာနေတဲ့သူတွေကို ခွဲခြားရှု့မြင်ရတာလွယ်ပါတယ်” ဟုယုံကြည်မှု့ရှိ ရှိပြောနိုင်ဖို့အထောက်အကူဖြစ်စေခဲ့သည်။

ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသော်လည်းမရရှိခဲ့၊ ထိုနည်း တူစွာ ယခင်အရပ်သားအစိုးရ၏ တာဝန်ရှိသူများနှင့်သော်လည်းကောင်း၊ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် များနှင့်သော်လည်းကောင်း တွေ့ဆုံနိုင်ရန် တောင်းဆိုမှု့များကိုလည်း ငြင်းဆိုခြင်း၊အကြောင်းမပြန်ခြင်းတို့ ဖြင့်သာ ကြုံခဲ့ရသည်။ စစ်တပ်သည် အနောက်တိုင်းမီဒီယာများ ထံမှ အပြုသဘော၊ အပေါင်း လက္ခဏာ ဆောင် သည့်တုန့်ပြန်မှု့မျိုး ကြိတ်၍မျှော်လင့်ခဲ့ဟန်ရှိသော်လည်း၊ လက်တွေ့တွင် အကြီးအကျယ်တွက်ကိန်း လွဲခဲ့ကြ သည်။ Allegra Mendelson ၏ သုံးသပ်ချက်တစ်ခုကိုကြည့်ခြင်းဖြင့်ပင် Ben-Menashe နှင့် စစ် တပ်တို့ ကြိုးပမ်းအားထုတ်ရကျိုးမနပ်ကြောင်း ပေါ်လွင်ထင်ရှားခဲ့သည်။ “သူမအတွက်တော့ စစ်တပ်ဟာ လက်တွေ့ ဖြစ်ရပ်တွေနဲ့ ဘယ်လောက်ကင်းကွာနေတယ်ဆိုတာ သိသာထင်ရှားလှပါတယ်” ဟု ပြောကြားခဲ့ ခြင်းပါ။ အန္တရယ်များကြားမှ စွန့်စွန့်စားစား သတင်းပေးပို့ရေးသားနေကြသော မြန်မာသတင်းမီဒီယာသမား များကိုလည်း အထူးလေးစားမိပါကြောင်း လည်းသူမက မမေ့မလျော့ပြောခဲ့သေးသည်။

သူတို့သည်ယုံကြည်လက်ခံနိုင်လောက်သောသူများ ဖြစ်ကြောင်း ကမ္ဘာကိုရှင်းပြလိုသောအာဏာသိမ်းစစ် အုပ်စုသည် သူတို့ဖိတ်ခေါ်ခဲ့သော သတင်းဌာနများ၏ခရီးစဥ်ပြီးဆုံးချိန်တွင် သူတို့သည် မည်သည့်အခါတွင် မျှယုံကြည်စိတ်ချရမည့်သူများ၊ အမှန်တရားကိုပြောကြားမည့်သူများမဟုတ်ကြောင်းကမ္ဘာကိုထပ်မံပြသ လိုက်သကဲ့သို့ဖြစ်ခဲ့လေသည်။ မြန်မာပြည်သူများ အတွက် အဘယ်သို့သောသတင်းစကားပြောကြားချင်ပါ သလဲ ဟုဆိုသောအခါ Allegra Mendelson က မြန်မာပြည်သူ၊ပြည်သားများ၏ဆန္ဒ၊ရင်တွင်းမှအသံများကို သူမ ကောင်းစွာကြားပါကြောင်း၊ ထိုအသံများသည် စစ်တပ်ဘက်ခြမ်းမှ ကြားသိရသောအသံများနှင့်နှိုင်းယှဥ် ၍မရနိုင်အောင်ကွာခြားကြောင်း၊ ပြစ်တင်ရှုတ်ချသောကြေငြာချက်များထက် ထိရောက်သော အရေးယူလုပ် ဆောင်ချက်များ အလျင်အမြန်လိုအပ်နေသည်ကို နိုင်ငံတကာမှ ပိုမိုသိရှိလာနိုင်စေရန်၊ သတင်းထောက် တစ်ဦးအနေဖြင့် မိမိဆောင်ရွက်နိုင်သမျှကို အစွမ်းကုန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါ သည်။

စာရေးသူ ဆက်လက်စဥ်းစားနေမိသည်မှာ အကန့်အသတ်များစွာကြားမှ ခေတ္တ ခဏလာရောက်လေ့လာကြ ရသည့် သတင်းမီဒီယာသမား များကို လုပ်ကြံဇာတ်လမ်းများဖြင့် နားသွင်းရန်ကြိုစားခဲ့ကြသော စစ်အုပ်စု သည် ၎င်းတို့ဖိတ်ခေါ်ခဲ့သူများမှာ မြဝတီ၊MRTV နှင့် စစ်တပ်ထိန်းချုပ်ထားသော နေ့စဥ် ထုတ် သတင်းစာများ ကဲ့သို့ ပြောစေချင် ရေးစေချင်သောအရာများကို “၏၊သည်” မရွေး ထုတ်လွှင့်ရေးသား မည့်သူများမဟုတ်ကြ ကြောင်း၊ အစကနဦးကပင် နားမလည်ကြရ‌လောက်အောင် ထုံထိုင်းနုံအကြလေသလား၊ သို့တည်းမဟုတ် မောက်မာသောစိတ်ကိုအရင်းခံကာကိုယ့်ကိုယ်ကိုသာအထင်ကြီးပြီး တဖက်သား ၏အသိဥာဏ်ကို အထင်အ မြင်သေး တတ် သော၊ စစ်ဝါဒီတို့၏ပင်ကိုဥာဥ်ဆိုးကြောင့်လား၊ သို့တည်းမဟုတ် ဖေါ်ပြပါ အချက်နှစ်ရပ်လုံး ကို ပေါင်းစပ်ပိုင်ဆိုင်ထားလေခြင်းကြောင့်လား၊ ဆိုသည်ပင်။ ဤမေးခွန်း၏အဖြေကိုတော့ကာယကံရှင်များ ကသာအသိဆုံးဖြစ်ပါလိမ့်မည်။ အကယ်စင်စစ် အာဏာရရန်အတွက်ဆိုလျှင်မလုပ်ရဲတာ ဘာမှမရှိသောသူ နှင့် ငွေကြေးရရှိမည်ဆိုလျှင် ကမ္ဘာကြီးကိုလှည့်ဖျားရန် ဝန်မလေးသောသူတို့၏ ပူးပေါင်းကြံစည်မှု့မှာပွဲဦး ထွက် မကောင်းခဲ့သလို၊ဇာတ်သိမ်းလည်းလှမည်မဟုတ် ဆိုသည်ကတော့ အထူးပြောပြစရာလိုမည်မထင်။

Further reading

Allegra Mendelson (2021). Myanmar military may extend emergency rule by up to two years. Al Jazeera. It was co-published by Southeast Asia Globe and Al Jazeera.

Allegra Mendelson (2021). My unusual week with Myanmar’s violent, paranoid military junta. The Washington Post. It was co-published by Southeast Asia Globe and The Washington Post.


( Theo Zaw)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar