Breaking News

ဒီခေတ် - မြန်မာ့နွေဦးတော်လှန်ရေးအောင်ပွဲအတွက် လတ်တလောလိုအပ်ချက်

Art - Than Htay Maung


ဒီခေတ် - မြန်မာ့နွေဦးတော်လှန်ရေးအောင်ပွဲအတွက် လတ်တလောလိုအပ်ချက်

(MoeMaKa, April 5, 2021)

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးမှနေ၍ ခိုင်မာသည့်ရလာဒ်တခု ပေါ်ထွက်ခဲ့ပါသည်။ ထိုရလာဒ်မှာ အရေး တော်ပုံကြီး၏ အဓိကတောင်းဆိုချက်အတိုင်း မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် တပါတီနိုင်ငံရေးစနစ် ဖျက်သိမ်းပြီး၊ ပါတီစုံနိုင်ငံ ရေးစနစ်ကျင့်သုံး ခြင်းပင် ဖြစ်သည်။ ပါတီစုံနိုင်ငံရေးစနစ်ကျင့်သုံးရမည်ဆိုသည်မှာ စာရွက်ပေါ်တွင် ရေးသား ဖော်ပြစရာ မလိုဘဲ မည်သူမျှ တပါတီနိုင်ငံရေးစနစ်နဲ့ ပြန်သွားမည်ဟု လေသံပင် မဟနိုင်တော့အောင် ခိုင်မာခဲ့ပါသည်။

ဆက်လက်ဆင်နွှဲနေဆဲဖြစ်သော်လည်း ယခု မြန်မာ့နွေဦးတော်လှန်ရေးက ခိုင်မာသွားစေသည့် ရလာဒ်မှာ စစ်အာ ဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ်ကျင့်သုံးရေးပင် ဖြစ်သည်။

မြန်မာနိုင်ငံရေး ဖြစ်စဉ်တွင် စစ်အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မည်ဆို သည့် ခိုင်မာမှုမှာ မည်သည့်စာရွက်ပေါ်တွင်မျှ ရေးထိုးဖော်ပြစရာ မလိုတော့သည့်၊ မည်သူတွေ သဘောတူသည် မတူသည်ကို သဘော ထားဆန္ဒ ယူစရာမလိုတော့သည့်၊ မည်သည့်ဥပဒေနှင့် ကိုက်ညီသည် မကိုက်ညီသည်ကို စဉ်းစားစရာ မလိုတော့သည့် ခိုင်မာသည့် ပဋိညာဉ်ပင်ဖြစ်သည်။ 

တနည်းပြောရလျှင် ထိုပဋိညာဉ်ကို အင်္ဂလိပ်အသုံးအနှုန်းဖြင့် Unwritten Charter ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ တခါတရံတွင် ရေးသား ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(Written Constitution)၊ ရေးသားဖော်ပြထားသည့် ပဋိညာဉ်(Written Charter) ဆိုသည်တို့ထက် ရေးသားဖော်ပြထားခြင်းမရှိသည့် (Unwritten Constitution)၊ ရေးသားဖော်ပြထားခြင်း မရှိသည့် ပဋိညာဉ် (Unwritten Charter)တို့က ပိုမိုခိုင်မြဲတတ်ပါသည်။ (စာရှည်နေမည်စိုး၍ Unwritten Constitution ကို ကျင့်သုံးသည့် နိုင်ငံဥပမာများကို ထည့်သွင်း မဖော်ပြတော့ပါ၊ ရှာဖွေဖတ်ရှု၍ ရပါသည်။)

စစ်အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မည်ဆိုသည့် ရေးသားမထား သောပဋိညာဉ်(Unwritten Charter)သည် လက်နက်အင်အား အသုံးပြုပြီး ဖျက်ပစ်ရန်ကြိုးစားသော်လည်း မည်သို့မျှ ပြန်ဖျက်မရအောင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် ခိုင်မာစွာ တည်တံ့သွားတော့မည်ဖြစ်သည်။

ထို ပဋိညာဉ် တည်တံ့သွားမည့်အကြောင်းရင်းမှာ ကိုယ့်သွေးအုပ်စုကို ကိုယ့်လက်မှာရေး၊ ကိုယ့်သေတမ်းစာ ကိုယ်ရေး၊ ကိုယ့်မိသားစုကို နောက်ဆုံးနှုတ်ဆက်စကားတွေ ပြောပြီး၊ မည်သည့်လက်နက်မျှ မပါဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်ရန်အတွက် ပစ်ခတ်သတ်ဖြတ်နေသည့်စစ်တလင်းထဲကို ထွက်လာကြရင်း အသေခံတိုက်ပွဲဝင်သွားခဲ့ကြသည့် သူရဲကောင်း အာဇာနည် ရာပေါင်း များစွာ၏အသက်များဖြင့် တည်ဆောက်ထားသောကြောင့်သာဖြစ်သည် ၊ ထာဝရတည်တံ့မည့် မြန်မာ့နွေဦးတော်လှန်ရေး၏ "သွေးသစ္စာ ပဋိညာဉ်" ခေါ်နိုင်ပါသည်။

CRPH ၏ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို နိုင်ငံရေးရှုထောင့်မှ ချဉ်းကပ်ခြင်း

၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ CRPH က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကြေညာစာတမ်းဆိုပြီး ထုတ်ပြန်ခဲ့သည်။ ထိုကြေညာစာတမ်း၏ ပထမဆုံးစာမျက်နှာတွင် ယခုကဲ့သို့ရေးသားဖော်ပြထားပါသည်။

ဤ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ CDM ဦးဆောင်သူများ၊ အထွေထွေသပိတ်အင်အားစုများ၊ အမျိုးသမီးများနှင့် လူငယ်အင်အားစုများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ စုပေါင်း ဆွေးနွေးဆုံးဖြတ်လျက် အတည်ပြုသည်။

ထို့အပြင် စာတမ်း၏ အစိတ်အပိုင်း (၁) နိဒါန်း နှင့်၊ အခန်း(၂) တို့တွင် ဤပဋိညာဉ်ကြေညာစာတမ်းမှာ CRPH တစု တဖွဲ့တည်း၏ သဘောထားကြေညာစာတမ်းမဟုတ်ဘဲ၊ အင်အားစုများ အသီးသီး စုပေါင်းဆွေးနွေးဖော်ထုတ် သဘောတူ အတည်ပြု ထားကြသည့် ပဋိညာဉ် ကြေညာစာတမ်းဖြစ်ကြောင်း ပိုမိုခိုင်မာစေရန် ယခုကဲ့သို့ အတိအကျ ထပ်မံရေးသား ဖော်ပြထားပါသည်၊

အစိတ်အပိုင်း (၁) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း

နိဒါန်း - ပဋိညာဉ်ကို လက်ခံသဘောတူညီကြသူများ၏ စုပေါင်းခေါင်းဆောင်မှုမှတဆင့် စုပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မှုများသည် လိုရာပန်းတိုင်သို့ တွန်းပို့ရောက်ရှိနိုင်မည့် စုပေါင်းအင်အားကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ခိုင်မာသောယုံကြည်ချက်ဖြင့် ဤ ပဋိညာဉ်ကြီးအား အတည်ပြုပြဋ္ဌာန်းလိုက်သည်။

အခန်း(၂) ပဋိညာဉ်တွင် ပါဝင်သည့်အဖွဲ့အစည်းများ (Members of the Charter)

ဤ ပဋိညာဉ်တွင် ဖော်ပြပါ ဦးတည်ချက်၊ ရည်ရွယ်ချက်တို့ကို စုပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အောက် ဖော်ပြပါအဖွဲ့အစည်းတို့ ပူးပေါင်းပါဝင်ကြသည်။

၁။ ရွေးကောက်ခံကိုယ်စားလှယ်များ၊
၂။ နိုင်ငံရေးပါတီများ၊
၃။ CDM၊ အထွေထွေသပိတ်အင်အားစုများနှင့် အမျိုးသမီးနှင့် လူငယ်အသင်းအဖွဲ့အများအပါအဝင် အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊
၄။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊

ထိုပဋိညာဉ်နှင့်အတူ ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်း အစိတ်အပိုင်း(၁)၊ အခန်း(၁) တွင်

အခန်း(၁)
ဆောင်ရွက်သွားမည့်လုပ်ငန်းများ -

၁။ အာဏာရှင်စနစ်ပပျောက်ရေး၊
၂။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး၊
၃။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊
၄။ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး၊

ဟူ၍ ပြည်သူ့အစိုးရပေါ်ထွန်းသည်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဖော်ပြပါ လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန်အတွက် ပဋိညာဉ်၏ နိုင်ငံရေးလမ်းပြမြေပုံတွင် အချက်(၈) ချက် ထည့်သွင်းထားသည်။

အခန်း (၃) အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ

၁။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ကိုယ်စားပြုကော်မတီများဖွဲ့စည်း၍ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ခြင်း။

၂။ နိုင်ငံရေးဆိုင်ရာသဘောထားများ ဆွေးနွေးအတည်ပြုနိုင်ရေး နှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အ စည်းများနှင့် အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လက်တွဲ ဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ခြင်း။

၃။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(Charter) ကို ရေးဆွဲအတည်ပြုခြင်း။

၄။ ဤပဋိညာဉ်(Charter)နှင့်အညီ ကြားကာလအမျိုးသားညွန့်ပေါင်းအစိုးရ (Intrim National Unity Govern- ment) ဖွဲ့ စည်းခြင်း၊ ဥပဒေပြုရေး နှင့် တရားရေးမဏ္ဍိုင်ဆိုင်ရာ အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်း။

၅။ အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀ဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

၆။ တိုင်းပြုပြည်ပြုညီလာခံ (Constitutional Convention) ခေါ်ယူကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်း။

၇။ တိုင်းပြုပြည်ပြု ညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထု ဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြု ပြဋ္ဌာန်းခြင်း။

၈။ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တ ရား စီရင်ရေးမဏ္ဍိုင်များကို ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်(Constitutionalism)အရ လိုက်နာကျင့် သုံးခြင်း။

ပဋိညာဉ် ကြေညာစာတမ်း အစိတ်အပိုင်း (၂) တွင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရတရပ် ဖွဲ့စည်းပြီး အလုပ်လုပ် နိုင်ရန် နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံများ ဟူ၍ ကဏ္ဍ လိုက် ရေးသားဖော်ပြထားပါသည်။

CRPH ၏ ပဋိညာဉ်ကြေညာစာတမ်း အစိတ်အပိုင်း(၁) နှင့်ပတ်သက်၍ဖြစ်စေ၊ အစိတ်အပိုင်း (၂) နှင့် ပတ်သက်၍ ဖြစ်စေ ဆက်လက်ဆွေးနွေးညှိနှိုင်းစရာများ ရှိနိုင်ပါသည်။ သို့သော် အရေးကြီးသည်မှာ CRPH ၏ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်သည် လတ်တ လော မြန်မာ့နွေဦးတော်လှန်ရေး လိုအပ်ချက်အတွက် လုံလောက်မှု ရှိ မရှိ၊ လက်တွေ့ အသုံးပြု၍ ရ မရ ဆန်းစစ်ရန်ပင် ဖြစ်ပါသည်။

CRPH ၏ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို နိုင်ငံရေးအရ ဆန်းစစ်ကြည့်လျှင် ထိုပဋိညာဉ်တွင် အောက်ပါအချက်တို့ကို တွေ့ ရှိရပါသည်။

၁။ စစ်အာဏာရှင်စနစ်ကိုသာမက၊ အာဏာရှင်စနစ်ကိုပါ ဖျက်သိမ်းသွားမည်၊ စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုထားသည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းပစ်မည့်အကြောင်း ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြထားပါသည်။

ထိုသို့ဖော်ပြထားခြင်းသည် စစ်ဘက်အရပ်ဘက်ဆက်ဆံရေးကောင်းမွန်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး စသည့်နည်းဗျူဟာများ ပြန်လည်ခေါင်းထောင်လာစရာအကြောင်းမရှိတော့သည့် ရန်သူကို ရန်သူအဖြစ် ပြတ်ပြတ်သားသား ဖော်ပြထားခြင်းပင်ဖြစ်ပါသည်။

၂။ ပဋိညာဉ်ကြေညာစာတမ်းသည် CRPH တစုတဖွဲ့တည်းက ရေးသားထုတ်ပြန်ခြင်းမဟုတ်ဘဲ အင်အားစုများ စုပေါင်း ဆွေးနွေးအတည်ပြုထားကြောင်း ဖော်ပြထားသည့်အတွက် မဟာမိတ်ဆက်ဆံရေးကို အလေးထား တည်ဆောက်ထား ကြောင်း ပေါ်လွင်ပါသည်။

ပြီးခဲ့သည့် ပါတီစုံဒီမိုကရေစီခရီးတွင် မဟာမိတ်ဆက်ဆံရေးကို အကြောင်းအမျိုးမျိုးဖြင့် ငြင်းပယ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လမ်းကြောင်းအမှားမှ သွေဖည်ပြီး၊ မြန်မာ့နွေဦးတော်လှန်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် မဟာမိတ်အင်အားစုများကြား ညီညွတ်မှုကို ဖော်ထုတ်ပြလိုက်ခြင်းပင်ဖြစ်သည်။

၃။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော် လျှောက်လှမ်းမည်ဖြစ်ကြောင်း ပဋိညာဉ်တခုလုံး ၏စာမျက်နှာတိုင်းတွင် ထင်ဟပ်ဖော်ပြထားပါသည်။

ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို သွားရန်အတွက် နိုင်ငံရေးလမ်းပြမြေပုံ အမှတ် ၆၊ ၇၊ ၈ တို့တွင် မည်သို့ ဆောင်ရွက်မည်ကို အတိအကျရေးသားထားသည့်အတွက် အားလုံးပါဝင်မှု၊ ပြည်သူတရပ်လုံး ပါဝင်မှုဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ထွန်းလာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွေ့ရပါသည်။

သို့သော် ဤအချက်တွင် အမှန်တကယ် ရေးဆွဲကြသည့်အခါ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများမှ မည်မျှ လမ်းချော်ထွက်သွားမှာလဲဆိုသည်ကို စိုးရိမ်မှုများရှိနိုင်ကြပါသည်။

ထိုစိုးရိမ်မှုရှိသူများကိုဖြစ်စေ၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ဆွေးနွေးအတည်ပြုခဲ့ကြသည့် အင်အားစုများကိုဖြစ်စေ ထောက်ပြပြောဆိုစရာ အရေးကြီးအချက်တခု ရှိပါသည်။

ယခု ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဆိုသည်မှာ စာရွက်ပေါ်တွင် ရေးသားထားသည့် ပဋိညာဉ်ဖြစ်ပါသည်။ ထို ပဋိညာဉ်၏ နောက်တွင် အမှန်တကယ် မပျက်မယွင်း ထိန်းချုပ်ထားသည့် ပဋိညာဉ်ရှိပါသည်၊ ထို ပဋိညာဉ်မှာ အထက်တွင် ရေးသားဖော်ပြခဲ့သည့် "သွေးသစ္စာပဋိညာဉ်" ပင်ဖြစ်သည်။ CRPH က ကြေညာခဲ့သည့် ပဋိညာဉ်သည် မည်သည့်လားရာဖြင့် သွားသည်ဖြစ်စေ၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မည်ဆိုသည့် ရေးသားမထားသော သွေးသစ္စာပဋိညာဉ် ကို မည်သူမျှ ဖောက်ဖျက်၍ မရပါ။ ဖောက်ဖျက်လျှင် ဒေါ်အောင်ဆန်းစုကြည်အစ၊ CRPH အဆုံး၊ မည်သည့်အင်အားစုမဆို ဒုတိယနွေဦးတော်လှန်ရေးနှင့် ရင်ဆိုင်ရမည်သာဖြစ်သည်။

ထို့ကြောင့် ယခု မြန်မာ့နွေဦးတော်လှန်ရေးတွင် မျိုးဆက်အသီးသီး၏ သူရဲကောင်းစိတ်ဓါတ်နှင့် သွေးခင်းလမ်းကို လျှောက်ရဲသည့် ပြည်သူ့မျိုးဆက်များကို ယုံကြည်သည်ဆိုလျှင်၊ ထိုယုံကြည်မှုသည် CRPH က ကြေညာခဲ့သည့် ပဋိညာဉ်စာတမ်းအပေါ် စိုးရိမ်မှုမှန်သမျှကို ကျော်လွှားနိုင်ပါလိမ့်မည်။

အောင်ပွဲအတွက် လတ်တလောလိုအပ်ချက်

မြန်မာ့နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲရရေး၊ တနည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီ မိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ယနေ့ လတ်တလော လိုအပ်ချက်မှာ -

၁။ အင်အားစုအားလုံး ညီညွတ်နိုင်သမျှ ညီညွတ်မှု
၂။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအချင်းချင်း ညီညွတ်နိုင်သမျှ ညီညွတ်မှု
၃။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားများပါဝင်သည့် နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းနှင့် အဆင့်ဆင့်အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်မှု
၄။ ရေရှည်နိုင်ငံရေးလမ်းကြောင်းနှင့်ဆိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အခြေခံ သဘောတူညီမှု
၅။ တိုက်ပွဲလိုအပ်ချက်အတွက် ဘုံလုပ်ငန်းစဉ် နှင့် လက်တွေ့ပူးပေါင်း အကောင်အထည်ဖော်မှု

ဟူ၍ အချက်(၅)ချက် လိုအပ်ပါသည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် အားလုံး ရာနှုန်းပြည့်ညီညွတ်မှ အောင်ပွဲရမည်ဟု စိတ်ကူးယဉ်၍ မရပါ။ လွတ်လပ်ရေး ရယူခဲ့ကြ သည်ပင် ရာနှုန်းပြည့် ညီညွတ်ပြီး ရယူခဲ့ကြသည်မဟုတ်ပါ။ ပြည်သူတရပ်လုံးပါဝင်မှုဖြင့် နိုင်ငံရေးအင်အားစုများ အများစု ညီညွတ်မှုဖြင့် သာ လွတ်လပ်ရေး ရယူခဲ့ကြခြင်းဖြစ်ပါသည်။

ယခု မြန်မာ့နွေဦးတော်လှန်ရေးသည်လည်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကြေညာစာတမ်းလမ်းကြောင်းပေါ်တွင် ဖော်ပြပါ လတ်တလော လိုအပ်ချက် (၅) ချက်ကို တည်ဆောက်နိုင်လျှင်တည်ဆောက်နိုင်သလောက် အောင်ပွဲရရှိမှု အနှေး အမြန် ဖြစ်ပေါ်ပါလိမ့် မည်။ ။

ဒီခေတ်

၄.၄.၂၀၂၁

#MoeMaKaMedia
#WhatsHappeningInMyanmar