မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - လင်းနွေးအိမ်၊ ရင်ရိုး၊ ဒီဒေးသစ်
...
အာဇာနည်ဗိမာန်များ
လင်းနွေးအိမ်
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၁
ဒီနွေဦးလွန်တဲ့အခါ
မြို့တိုင်းရွာတိုင်းမှာ
အာဇာနည်ဗိမာန်ရှိရမယ်။
ရပ်ကွက်ထဲမီးလောင်နေတာမဟုတ်ဘူး
ပြည်တွင်းစစ်ဖြစ်နေတာ။
မိသားစုတခုအတွက်
တိုက်တလုံးကားတစီးရဖို့မဟုတ်ဘူး
သန်း ၆၀ လူတန်းစေ့နေနိုင်ဖို့လုပ်နေတာ။
ပြည်နယ်ထူထောင်နေတာမဟုတ်ဘူး
နိုင်ငံသစ်တည်နေတာ။
ကြက်သွန်နွှာ ငရုတ်သီးထောင်းရင်တောင်
မျက်ရည်ကျတာ
တော်လှန်ရေးဆိုတာလေညင်းခံလမ်းလျှောက်တာမဟုတ်ဘူး။
သိက္ခာရှိတဲ့တိုင်းပြည်မှန်သမျှ
ကိုယ့်လွတ်လပ်ရေးကိုယ်တိုက်ခဲ့တယ်။
နိုင်ငံသစ်ရဲ့
မြို့တိုင်းရွာတိုင်းမှာ
စာသင်ကျောင်းရှိရမယ်
ဆေးရုံရှိရမယ်
ကိုးကွယ်ရာဘာသာရေးအဆောက်အဦးတွေရှိရမယ်
ကုန်ထုတ်လုပ်ကြသူများအပန်းဖြေဖို့
ပြဇာတ်ဂီတအနုပညာရုံရှိရမယ်
ကလေးများအတွက် ကစားကွင်းရှိရမယ်
ချစ်သူတွေအတွက် ပန်းခင်းအပြည့်ရှိရမယ်။
အဓိကအကျဆုံးက
ဒီနွေဦးလွန်တဲ့အခါ
မြို့တိုင်းရွာတိုင်းမှာ
အာဇာနည်ဗိမာန်တွေရှိရမယ်။
လင်းနွေးအိမ်
...
အမေ့ထဘီအထက်ဆင်ကလေးတွေ
ရင်ရိုး
တော်လှန်ရေးရဲဘော်ကလေး
တကုပ်ကုပ်နဲ့အလုပ်ရှုပ်နေတာ
သူ့အမေရဲ့ထဘီအထက်ဆင်ကို
လက်ကောက်ဝတ်မှာ စွပ်နေတာတဲ့။
တစ်ယောက်က လက်ကောက်ဝတ်မှာ
တစ်ယောက်က လက်မောင်းမှာ
တစ်ယောက်က လည်တိုင်မှာ
လတ်တလော ရရာလက်နက်က
အမေ့ထဘီစတွေပဲ။
ကျွန်တော် အမေနဲ့အဖေကို
ကန်တော့ခဲ့ပြီတဲ့
ကျွန်တော် မိန်းမနဲ့ ကလေးကို
မှာခဲ့ပြီတဲ့
ကျွန်တော် ရည်းစားက သဘောမတူလို့
ဖြတ်ခဲ့ပြီတဲ့
တစ်ယောက်ချင်းမှာ စွန့်လွှတ်ခြင်းကိုယ်စီနဲ့
ငါ ဂုဏ်ယူလေးစားမိ
မျက်ရည်ကျမိ။
နိုင်ငံတော်တပ်ဦးမှာ
အမေ့ထဘီအထက်ဆင်ကလေးတွေကို
အောင်လံလွှင့်ပြီး ပြန်လာခဲ့ပါ
ပြည်သူတွေက ကြိုနေမှာ။
24-4-2021
...
စစ်တုရင်
ဒီဒေးသစ်
မျှော်လင့်ခြင်းက လက်ယပ်ခေါ်တော့
မလွဲချင်တဲ့အဆုံး ရဲကြရဦးမပေါ့
သေ မြေကြီး ရှင် ရွှေထီးတော့လည်းမဟုတ်
ကွက်လပ်တွေက သေလမ်း ရှင်လမ်းခင်းထားတယ်
၂၆ ဧပြီ ၂၀၂၁
...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar