Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၆ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီလ ၂၆၊ ၂၀၂၁

စစ်ကောင်စီက အာဏာသိမ်းပြီး ၃လ ပြည့်ခါနီးတဲ့ ရက်တွေမှာ ပေါက်ကွဲမှုတွေ၊ ရဲနဲ့ စစ်ကားတွေနဲ့ မြို့ခံရွာခံတွေအကြား ပစ်ခတ်မှုတွေ၊ အိမ်တွေထဲ ဝင်ဖမ်းဆီး ခေါ်ဆောင်မှုတွေ၊ လမ်းမှာ မသင်္ကာလို့ ဖမ်းဆီးခေါ်ဆောင်သွားမှုတွေ ဖြစ်နေဆဲဖြစ်ပါတယ်။ မင်းတပ်မြို့ကနေ ထွက်ခွာလာတဲ့ စစ်ကားရဲကားကို နယ်ခံတွေက တူးမီးသေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီး သတင်းအချို့က စစ်ကောင်စီဘက်က ၄ ယောက်သေတယ်လို့ ဖေါ်ပြပြီး သတင်းတပုဒ်မှာတော့ နေရာ ၂ နေရာမှာ ဖြစ်တဲ့ ဖြစ်စဥ် နှစ်ခုပေါင်း စစ်ကောင်စီဘက်က ၁၅ ယောက် သေတယ်လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ဘက်မှာ ခုလိုပစ်ခတ်တာ ခုခံတိုက်ခိုက်တာ ပထမဆုံးဖြစ်စဥ်လည်း ဖြစ်ပါတယ်။ ချင်းကာကွယ်ရေး အင်အားစု လို့အမည်ရတဲ့ ကာကွယ်ရေး အဖွဲ့တွေကို ပျောက်ကြားသဖွယ် ဖွဲ့ထားကြပြီး ချင်းပြည်ကို စစ်ကောင်စီက မအုပ်ချုပ်နိုင်အောင် ကာကွယ်ခုခံကြမယ်လို့ ရည်ရွယ်ထားကြပါတယ်။

စစ်ကောင်စီကို ဟိုနေရာ သည်နေရာမှာ ဆန္ဒပြသူတွေရဲ့ ခုခံစစ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ရဲ့ စစ်မျက်နှာ ဖွင့်မှုနဲ့ အကြပ်ရိုက်စေအောင် အင်အားပြန့်အောင် အသက်နဲ့ရင်းပြီး ကြိုးစားခုခံတာ တိုက်ခိုက်တာတွေ လုပ်နေကြတာတွေ့ရပါတယ်။ တနေ့တနေ့ စစ်ကောင်စီ အုပ်ချုပ်နိုင်ပြီလို့ မကြေညာနိုင်အောင် ခုလို ခုခံမှုတွေ လက်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲမှုတွေ ဖြစ်ပွားနေတဲ့ အပေါ် မင်းအောင်လှိုင်က အခြေအနေ မတည်ငြိမ်သေးကြောင်းနဲ့ အာဆီယံ အစည်းအဝေးမှာ ၂၄ ရက်နေ့က ကတိပေးခဲ့တဲ့ အာဆီယံကိုယ်စားလှယ်ကို လက်ခံရေးကိုလည်း ခုလို အခြေအနေ မတည်ငြိမ်သေးရင် ခေါ်မှာ မဟုတ်ဘူးလို့ နေပြည်တော်မှာ ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

မင်းအောင်လှိုင်အနေနဲ့ ဂျာကာတာ အစည်းအဝေးမှာ ပေးခဲ့တဲ့ ကတိကို ပြန်ရောက်ပြီး ၂ ရက်အကြာမှာ ဟိုလိုလိုသည်လိုလို လုပ်တဲ့ အရိပ်အရောင်လည်း ဖြစ်ပါတယ်။ ဂျာကာတာမှာ အာဆီယံကိုယ်စားလှယ်တွေကို လက်ခံဖို့ ပြောဆိုတာကို မကန့်ကွက်ခဲ့ဘူးဆိုတာရယ် ၊ အကြမ်းဖက်မှုတွေ ကို ချက်ြခင်း ရပ်တန့်ရမယ်ဆိုတဲ့ အချက် အပါအဝင် သဘောတူညီမှု ၅ ချက်ရလဒ်ကြောင့် စစ်ကောင်စီက လိုက်လျောလာပြီလားလို့ ယူဆမှုဟာ ရက်အနည်းငယ်အတွင်း ပျက်ပြယ်သွားတဲ့ သဘောလည်း ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့ပြောဆိုတာကို နိုင်ငံမှာ ငြိမ်ဝပ်ပိပြားရေး အခြေအနေ ရှိမှ တိုင်းပြည်တိုးတက်နိုင်မယ်ဆိုတဲ့ စကားနဲ့ ဆင်ခေြပေးပြီး ဆက်လက် ပစ်ခတ်ဖြိုခွဲတာတွေ သတ်ဖြတ်တာတွေ လုပ်ဦးမယ်ဆိုတဲ့ သဘောလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။

ဒီလို အခြေအနေတွေ ဖြစ်ပွားနေချိန်မှာ စီအာရ်ပီအိတ်ချ်၊ စီအာရ်ပီအိချ်၊ အမျိုးသားညီညွတ်ရေး အစိုးရတို့ အနေနဲ့ မိမိတို့ကို ထောက်ခံသူ လူထုတွေကို မူဝါဒ စံနှုန်းတွေ ၊ နိုင်ငံရေး လမ်းကြောင်းချပြခြင်း စသဖြင့် ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ မူဝါဒ ပြတ်သားဖို့လိုအပ်သလို ၊ လက်နက်ကိုင် တပ်မတော် ထူထောင်မယ့် ကိစ္စတွေမှာလည်း ပြတ်သားဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အနေနဲ့ စီအာရ်ပီအိချ်ကို မယုံရဲသေးတဲ့ သဘော၊ ပြတ်ပြတ်သားသား လမ်းကြောင်းချမှတ်ပြီး အဲဒီလမ်းကြောင်းနဲ့ တစိုက်မတ်မတ် လျောက်လှမ်း ပါ့မလားဆိုတဲ့ သံသယတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့် စီအာရ်ပီအိတ်ချ် အနေနဲ့ ရှင်းလင်း ပြတ်သားတဲ့ လမ်းစဥ်၊ မူဝါဒ ၊ လက်တွေ့ ကျင့်သုံးမှုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို စည်းရုံးပူးေပါင်းဖို့ လိုလိမ့်မယ်လို့ မြင်ပါတယ်။

စီအာရ်ပီအိတ်ချ်ကတော့ ဒီနေ့ လွှတ်တော်ရေးရာ ကိုယ်စားပြုကော်မီတီမှာ ဥက္ကဌနဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တွေ ထပ်မံတိုးခန့်ခဲ့ပါတယ်။ အများစိတ်ဝင်စားကြတဲ့ ဦးအောင်ကြည်ညွန့် (ဥက္ကဌ)၊ ဒေါ်ဖြူဖြူသင်း (အတွင်းရေးမှူး)၊ ဦးလမာနော်အောင်နဲ့ ကိုစည်သူမောင် (အဖွဲ့ဝင်များ) တို့ ပါဝင်လာကြပါတယ်။ ဦးထွန်းမြင့်၊ ဦးလမင်းထွန်း (ခ) အဖြိုးတို့ကတော့ အတွင်းရေးမှူးအဖွဲ့ဝင်များ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ CRPH လွှတ်တော်မှာ ရေးရာကော်မီတီတွေလည်း တိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။ NUG အစိုးရ၏ ဝန်ကြီးများ ဝန်ကြီးဌာနများ ဖွဲ့ပြီးနောက် အခုလို လွှတ်တော်အခန်းကဏ္ဍကိုလည်း မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလမှာ တော်လှန်သောလွှတ်တော်၊ တော်လှန်သော အစိုးရဆိုပြီး ဘယ်လိုဆက်လှုပ်ရှားကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။ တကယ်တန်းပြည်သူတွေ စိတ်ဝင်စားနေတာက NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ စတာတွေ ပြောက်ကျားတပ်၊ Natioanl Guard စတဲ့ စုဖွဲ့မှုတွေ ကာကွယ်ရေး ပြည်ထဲရေးက ဦးစိးချုပ်တွေ ရဲချုပ်တွေ ခန့်အပ်မှုကို ပိုစိတ်ဝင်စားကြပါတယ်။ NCA စာချုပ်ချုပ်သူတွေကော စာချုပ်မချုပ်သူတွေမှာ လက်နက်ကိုင် တိုက်ပွဲအတွေ့အကြုံ နယ်မြေစိုးမိုးမှုနဲ့ ခေါင်းဆောင်မှု အဆင်သင့်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်းမှုတွေကိုလည်း ပြည်တွင်းပြည်ပက မျော်လင့်နေကြပါတယ်။

CRPH (International) အဖွဲ့က USA မှာ အခြေစိုက်ထားတာဖြစ်ပြီး သူတို့ကတော့ လက်ရှိအလှူငွေလက်ခံမှု အလှူငွေ စီးဆင်းမှုတွေ မြန်ဆန်သွက်လက်စေဖို့ အစီအစဉ်များ စဉ်းစားပြင်ဆင်နေရာကနေ CRPH - Official Fundraiser Program (CRPH - OFP) အစီအစဉ်ကို ထုတ်ပြန်လိုက်ပါတယ်။ CRPH OFP ဆိုတာက နိုင်ငံတကာရှိ ကွန်မြူနီတီများ အဖွဲ့အစည်းများ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကြီးအပါအဝင် ရန်ပုံငွေအလှူခံခြင်းကို တရားဝင်ခွင့်ပြုကြောင်း အသိအမှတ်ပြုအလှူခံခွင့်လက်မှတ် လျောက်ထားလာပါက စိစစ်ပြီးထုတ်ပေးခြင်းဖြစ်ပါတယ်။ အလှူခံခွင့်လက်မှတ်ရသူများထံ၊ အဖွဲ့များထံ ပြည်သူများက ယုံယုံကြည်ကြည် အလှူထည့်ကြပြီး CRPHကနေ အလှူခံဖြတ်ပိုင်း အမြန်ဆုံးထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ လိုအပ်နေတဲ့ မြန်မာအရေးပေါ်ကဏ္ဍများဖြစ်တဲ့ CDM, NUG, CRPH, PDF နဲ့ စစ်ကောင်စီဘေးသင့်သူများ ကူညီရေး တိုက်ရိုက်လှူဒါန်းမှုများကို အလှုခံများ အလှူရှင်များနဲ့ CRPH က တိုက်ရိုက်အသိပေး အကြောင်းကြား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲသည်အစီအစဉ်ကို လျောက်ထားဆောင်ရွက်နေတဲ့ အဖွဲ့များ လူပုဂ္ဂိုလ်များ ပေါ်ထွက်လာနေပြီလို့ ဆိုပါတယ်။

ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတော့ တော်လှန်သော ပညာရေးစနစ်ကို ပြင်ဆင်နေပုံရပါတယ်။ ကျောင်းမတက်နဲ့ ကျောင်းပျက်ဆိုတဲ့ လူငယ်တွေ၏ ကြွေးကြော်သံနောက်မှာ စစ်ကောင်စီကျောင်းပညာရေးစနစ်ကို ငြင်းပယ်သော CDM ပညာရေးစနစ်ဖြင့် ကျောင်းများ ကျောင်းသားများကို ပေးအပ်ဖို့ ထုတ်ပြန်ချက်တွေ စတိတ်မင့်တွေ ထုတ်လာပါတယ်။ ကြားကာလပညာရေးစနစ်ကို ထူထောင်မယ်၊ စစ်ကောင်စီပညာရေးစနစ်ကပေးတဲ့ ကျောင်းလက်မှတ်တွေ တရားမဝင်ဘူးလို့ ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲကနေ ပြည်သူတွေက သူတို့ကိုဦးဆောင်မှုပေးမယ့် ခေါင်းဆောင်တွေ ရွေးချယ်ကြပါတယ်။ တော်လှန်ရေးကနေလည်း ပြည်သူတွေကို ဦးဆောင်မှုပေးနိုင်တဲ့ တိုက်ပွဲကြားက ခေါင်းဆောင်တွေ ပေါ်ထွက်လာပါတယ်။ ခေါင်းဆောင်တွေ ပြည်သူတွေနဲ့အတူ တော်လှန်ရေးကို ဖော်ဆောင်ကြတဲ့ ဂျန်းဇီတို့လို တိုက်ရဲသူတွေ အောင်စိတ်ပြင်းထန်သူတွေလည်း အများအပြား ထွက်ရှိလာကြပါတယ်။ အခုနွေဦးတော်လှန်ရေးဟာ အချိန်နဲ့အမျှ ဘက်ပေါင်းစုံက ပြင်းထန်သော မဆုံးနိုင်သော စိန်ခေါ်မှုလှိုင်းလုံးတွေကြားကနေ ရုန်းကန်တိုက်ပွဲဝင်နေရတာ ဖြစ်ပါတယ်။ ဘယ်အထိတိုက်မလဲ ? အဆုံးထိတိုက်မယ် … သည်စိတ်ဓာတ်နဲ့တိုက်ရဲသူတွေအတွက် အောင်ပွဲသာ ရှိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar