Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၅ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီလ ၂၅၊ ၂၀၂၁

သတင်း၊ အချက်အလက်၊ ပွင့်လင်းမှု နဲ့ မေးခွန်းများ


စစ်အာဏာသိမ်းပြီး ၃ လပြည့်ဖို့ သီတင်းတပတ်တောင် မပြည့်တော့ပါ၊ အဖြစ်အပျက်ပေါင်းများစွာ ပြီးခဲ့သည့် ၃ လနီးပါးအတွင်း ဖြစ်ပျက်ခဲ့သည်။ ဒေါသထွက်စရာ၊ ခံပြင်းစရာ၊ စိတ်အားတက်ကြွဖွယ်ရာ၊ စိတ်လှုပ်ရှားဖွယ်ရာ၊ ထိတ်လန့်ဖွယ်ရာ၊ ရွံံ့ရှာဖွယ်ရာ၊ လေးစားဖွယ်ရာ၊ ချီးကျူးဖွယ်ရာ၊ တသက်တာ မကောင်းသည့် ခံစားချက်ဖြင့် အမှတ်ရနေစရာ အစရှိသည့် အမျိုးအမည်ပေါင်းများစွာသော ခံစားချက်များ လွန်ခဲ့သည့် ၃ လအတွင်း တပြိုင်တည်းသော်လည်းကောင်း တလှည့်စီသော်လည်းေကာင်း ခံစားခဲ့ကြရသည်။

ဖေဖေါ်ဝါရီလ၊ မတ်လ ၂ လကျော် ၃ လနီးပါး လူအများစားလည်း ဒီစိတ် သွားလည်း ဒီစိတ် အိပ်လည်း ဒီစိတ်နဲ့ စားသောက်နေထိုင် ခဲ့ကြရသည်။ အားတက်ဖွယ်ရာ သတင်း၊ စိတ်လှုပ်ရှားဖွယ်ရာ သတင်းတွေ ရှိခဲ့သလို၊ စိတ်နှလုံးပူပန်စေ၊ ညှိုးနွမ်းစေသည့် မကောင်းသတင်းများလည်း နေ့စဥ် ဆိုသလို ရှိခဲ့သည်။ အချို့သော နေ့ရက်များတွင် တနေ့တာ အချိန်ဘယ်လို ကုန်ဆုံးသွားမှန်း မသိကုန်ဆုံးခဲ့ရသည့် နေ့များရှိခဲ့သည်။ အကြမ်းဖက် စစ်တပ်နဲ့ ရဲတို့၏ သေနတ်ပြောင်းဝတွင် ကျဆုံးသွားရသူစာရင်း မိနစ် အလိုက် နာရီအလိုက် ရေတွက်နေရသည့် နေ့ရက်များလည်း တရက်မက ရှိခဲ့သည်။ ထိုရက်များကို တနေ့တာ ဘယ်သို့ ဖြတ်သန်းကုန်ဆုံးသွားမှန်း မစဥ်းစားချင်လောက်အောင်ပင် စိတ်နှလုံး ညှိုးနွမ်းမှု၊ ခံပြင်းမှု၊ ရင်နှင့်အမျှ ခံစားမှုများဖြင့် ကုန်ဆုံးခဲ့ကြရသည်။

၂ လကျော် ၃ လထဲဝင် ရောက်လာသည့်အခါ ဖြစ်စဥ်များက စတင်ဖြစ်ပွားစဥ်ကလောက် အားလုံး ထင်သာမြင်သာ ရှင်းလင်းနေသည့် အရာများမဟုတ်ကြတော့။ အဖြစ်အပျက် ဘယ်လို ဘယ်ပုံဖြစ်ပျက်သလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိဖို့ အခွင့်အလမ်းနည်းပါးလာသည်ကို သတိပြုမိသည်။ သတင်းမီဒီယာများ ၊ သတင်းသမားများနေရာတိုင်းသို့ သွားခွင့်မရှိ၊ သတင်းယူခွင့်မရှိ၊ သတင်းရယူခြင်းကို စစ်အကြမ်းဖက်အုပ်စုဘက်ကလည်း ခွင့်မပြုသည့်အပြင် သတင်းဌာနရုံးခန်းများကို ဝင်စီးနင်းခြင်း၊ သတင်းသမားများကို အိမ်များတွင် လာရောက်ဖမ်းဆီးခြင်းများ ဆက်တိုက်ဖြစ်လာခြင်းကြောင့် သတင်းသမားများ သတင်းအလုပ်ကို တာဝန်ကျေအောင် လုပ်ေဆာင်ဖို့ အခြေအနေမပေးတော့၊ တခြားတဖက်မှာလည်း သတင်းယူခြင်း သတင်းဓါတ်ပုံရိုက်ခြင်း ဗီဒီယိုရိုက်ခြင်းများအပေါ် သူလျှိုလား၊ ဒလန်လား ဆိုသည့်သံသယဖြင့် ကြည့်လာခြင်းကြောင့် လည်းကောင်း အင်တာနက် ဖြတ်တောက်မှုကြောင့်လည်းကောင်း အစောပိုင်းကာလကဲ့သို့ သတင်းအဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း တင်ပြခွင့် မသာတော့သည် ကိုတွေ့ရသည်။

ထို့အပြင် နိုင်ငံရေး အနေအထားကလည်း အစောပိုင်းကာလကဲ့သို့ ရိုးရိုးရှင်းရှင်းမဟုတ်တော့သည့် အနေအထားဖြစ်လာသည်။ လုံခြုံမှု၊ သိုသိပ်မှု၊ လျှို့ဝှက်မှု လိုအပ်လာသည့် နိုင်ငံရေး အနေအထားမျိုးသို့ ပြောင်းလဲလာခြင်းကြောင့်လည်း နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်များ ယခင်လို ထင်သာမြင်သာ အခင်းအကျင်းမျိုး မဟုတ်တော့ပေ။ သို့သော် အများသိသင့်သည့် အများကို အသိပေးဖို့ လိုအပ်သည့် အချက်အလက်များ ပြောဆို စည်းရုံးမှုများ ရည်ရွယ်ချက်၊ ဦးတည်ချက်တူသည့်အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များအကြား ဆက်သွယ် ပြောဆိုမှု ဖလှယ်မှုများက လိုအပ်သည်မှာတော့ အမှန်ပင်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုများကတဆင့် ထုတ်ပြန်သင့်သည့်အချက်အလက်များကို အများသိဖို့ ထုတ်ပြန်ဖြန့်ချိဖို့ကလည်း အရေးကြီးပါသည်။

သတင်းမီဒီယာက အဆိုပါတာဝန်ကို ထမ်းဆောင်ဖို့ ဝတ္တရားရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ေသာ် သတင်းမီဒီယာများကိုယ်တိုင် တိမ်းရှောင်ပြေးပုန်း၊ ရွှေ့ပြောင်းရသည်က တချက် ၊ တဖက်တွင်လည်း ငဲ့ရသည့် အကြောင်းအချက်များ၊ မှန်သည့် အချက်အလက် ဖြစ်ပင်ဖြစ်သော်ညား အများ၏ အမြင်နှင့် အလိုဆန္ဒနှင့်ဆန့်ကျင်နေတတ်သည့် အခါမျိုးတွင် သတင်းမီဒီယာကိုယ်၌က နှုတ်ဆိတ်နေလိုက်ရသည့် အခြေအနေမျိုးလည်း ကြုံလာရသည့် အနေအထားဟု မြင်ပါသည်။ သတင်းသမားက သတင်းသမားအလုပ်ကို ပြည့်ပြည့်ဝဝလုပ်နိုင်ဖို့ အကြောက်တရားများ ကင်းစင်သည့် အခြေအနေရှိရမည် ဖြစ်သလို သတင်းသမားကို အကြောက်တရား ဖြင့် ခြိမ်းခြောက်လာလျင်လည်း အကြောက်တရားကို အရှုံးမပေးပဲ အန္တရာယ်လည်း မကျရောက်သည့် အခြေအနေမျိုး ကို ရှောင်လွှဲကာ ဖေါ်ပြသင့်သည့်အရာကို ဖေါ်ပြဖို့ ကြိုးစားကြဖို့လိုမည် ထင်ပါသည်။

တကယ်တော့ ကျနော်တို့တွေအားလုံး အရှုပ်ထွေးဆုံးကာလ တခု၊ အရက်စက်ဆုံး ကာလတခု၊ လူသားမျက်နှာဖုံးကွာကျဆုံးကာလတခု၊ အခြေအနေအပြောင်းအလဲ အမြန်ဆုံးကာလတခုကို ဖြတ်သန်းနေကြရသည်ဟုလည်း ထင်မြင်မိပါသည်။

အခုလို စစ်အာဏာသိမ်းပြီး ၂လနဲ့ ၂၅ ရက်အကြာမှာ သတင်းသမားများဘက်က အကြပ်အတည်းရှိသလို ပြည်သူများအတွက်ကလည်း မည်သည့်သတင်းနဲ့ မည်သည့်သဘောထားရပ်တည်ချက်က အစစ်အမှန်ဆိုသည်ကို လက်ခံဖို့ အခက်အခဲကို ရင်ဆိုင်နေရသည်။ အများက မရေရာသည့်ထင်မြင်ချက်များ ၊ အတည်မပြုနိုင်သည့်သတင်းများ အချက်အလက်များပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ်မှုများကို ဆောင်ရွက်နေကြရသည်။ သပိတ်သမားများ မြေပေါ်မြေအောက်လှုပ်ရှားနေသူများကိုယ်တိုင်ကလည်း ရှေ့က ခေါင်းဆောင်များနှင့် မြေပြင်အခြေအနေများကို တိုက်ရိုက် ထင်ထင်ရှားရှား ညွှန်ကြားချက်မရဘဲ ad-hoc (အရေးပေါ်တိုင်း) ရေတိုဆုံးဖြတ်ချက်များ ချမှတ်ပြီး တုန့်ပြန်နေရသည်၊ လတ်တလောအတွက်လုပ်ငန်းစဉ်များ ရေးဆွဲနေရသည်။ လက်ရှိမှာ ဆိုရှယ်မီဒီယာက ဖေ့စ်ဘွတ်နဲ့ တွစ်တာကို အားကိုးပြီး ခန့်မှန်းတွက်ချက် ဆွေးနွေး နှီးနှော ပြောဆိုနေကြသည်က အများစု ဟု ဆိုနိုင်သည်။ နိုင်ငံရေးခေါင်းဆောင်များ ၊ ထင်ရှားသူများ ၊ လူမှုမျက်နှာစာတွင် ရှေ့တန်းကနေရာယူထားသူ ပုဂ္ဂိုလ်များ၏ သဘောထားများ ခံစားချက်များ နှင့် ထုတ်ပြန်ချက်များက သတင်းဖြစ်လာပြီး အများစုက အဲသည် အကြား အသံ အထင် အမြင်နှင့် သူတို့၏ နေ့တနေ့ကို ရှင်သန်ကြသည်။ ဖြတ်သန်းနေကြသည်က လက်ရှိမြင်ကွင်းဟု ဆိုနိုင်သည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar