Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၅ ရက် မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၁

သင်္ကြန် အကြတ်နေ့


အာဏာသိမ်းပြီး ၂ လနဲ့ ၁၅ ရက်မြောက်နေ့ ၊ သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့က တစပြင်လို ခြောက်ကပ်နေ၊ စျေးဝယ်စင်တာအချို့မှာ စားသောက်ကုန်ရောင်းတဲ့ ဆိုင်အချို့ဖွင့်ထားတာကြောင့် စျေးဝယ်သူအချို့က လွဲရင် လမ်းမကြီးတွေပေါ်မှာ အသွားအလာ မရှိသလောက် ရှင်းလင်းနေတဲ့ အကြတ်နေ့ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ အချိန်မရွေး စစ်ကား ၊ လုံထိန်းရဲကား တားပြီးစစ်တာတွေ ရှိနေဆဲ ဖြစ်သလို တချက်တချက် သေနတ်သံလို၊ အသံမိုင်းလိုမျိုးက ကြားရလေ့ရှိဆဲ ဖြစ်ပါတယ်။ လူထုတွေ အနေနဲ့ စစ်မက်ကာလလို အသက်ဆုံးရှုံးခဲ့ရသူတွေ နာရေးကြောင့် ဝမ်းနည်းမှုကို ပြသတဲ့အနေနဲ့ ရေမပက်၊ အပျော်အပါး မသွားကြ ဘာအခမ်းအနားမှ မလုပ်ကြပဲ တိတ်ဆိတ်စွာ ဖြတ်သန်းနေကြ ၊ စစ်ကောင်စီကို ဆုံးမမယ့် နိုင်ငံတကာ ကြားဝင်မှုမျိုးကို ဖြစ်နိုင် မဖြစ်နိုင် မဝေခွဲတတ်သော်လည်း မျှော်လင့်ချက်တော့ ထားရှိကြပါတယ်။ သူတို့တင်မက တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့လည်း စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်နေကြတာရှိတာကြောင့် တိုင်းရင်းသားဒေသအချို့မှာလည်း လေယာဥ်ဗုံးကြဲမှု ပစ်ခတ်မှုတွေကနေ ရှောင်တိမ်းဖို့ အသင့်ဖြစ်နေခဲ့ကြတဲ့ ကာလဖြစ်ပါတယ်။

နေ့စဥ် ရက်ဆက်ကြေညာနေတဲ့ ၅၀၅( က) ဆိုတဲ့ ဝရန်းထုတ်တဲ့ စာရင်းက လူအများကို နေ့စဥ် ခြိမ်းခြောက်နေပါတယ်။ ဒါကို စိတ်ဓါတ်စစ်ဆင်ရေးသဖွယ် သုံးပြီး လူအများ ဆိုရှယ်မီဒီယာ ပေါ်ကနေ မလှုံ့ဆော်ရဲအောင် စစ်တပ်ရဲ့ ရမ်းကား ရက်စက်တဲ့ လုပ်ရပ် အဖြစ်မှန်တွေကို မတင်ရဲအောင် လုပ်ဆောင်နေတဲ့ သဘောလို့ အကဲခတ်ရပါတယ်။ တရက်ကို အယောက် ၂၀ ကြေညာရာမှာ လူသိများသူ၊ ဆရာဝန်တွေ၊ အစိုးရဆေးရုံက အထူးကုဆရာဝန်တွေကိုလည်း ပစ်မှတ်ထား ကြေညာနေသလို အနုပညာသည်တွေကိုလည်း ပစ်မှတ်ထားကြေညာပါတယ်။ အစောပိုင်းက ဆိုရှယ်မီဒီယာ အင်ဖလူအင်ဇာတွေကို ထုတ်ပြန်ခဲ့ရာမှာ လူသိများသူတွေ ဖြစ်ခဲ့ပေမယ့် ခုနောက်ပိုင်း ပုဒ်မ ၅၀၅ ဝရန်းထုတ်သူစာရင်းထဲက အချို့သူတွေဟာ လူသိများသူတွေလည်း မဟုတ်ကြသလို စစ်အာဏာသိမ်းမှုကို တိုက်ရိုက်ဆန့်ကျင်တဲ့ အရေးအသား ပို့စ်တွေ ဖြန့်နေသူလည်း မဟုတ်ကြပါဘူး။ ဘယ်လိုစံနဲ့ အမှုဖွင့်နေသလဲ မမှန်းဆတတ်ပေမယ့် ခုလို ကြေညာတာတွေရဲ့ ရည်ရွယ်ချက်ကတော့ လူတွေကို ကြောက်လန့်အောင် လုပ်တာဖြစ်တယ်ဆိုတာ အသေအချာပါ။ ဥပဒေကို လိုရာသုံးပုဒ်မတပ် တဲ့သဘောဖြစ်ပြီး နေ့စဥ် အယောက် ၂၀ စာရင်းကြေညာနိုင်အောင် တာဝန်ယူ စာရင်းပြုစုနေတဲ့ ပြည်ထဲရေးက သူတွေလည်း နေ့စဥ်ရက်ဆက်လာတဲ့အခါ ဘယ်သူ့ကို ထည့်လို့ထည့်ရမှန်းမသိတာကြောင့် လက်တန်း သဘောနဲ့ ဖေ့စ်ဘွတ်ပေါ်က အကောင့်တွေ ဆွဲယူကြေညာနေသလိို လို့ ယူဆစရာပါ။ နောက်တချက်စဉ်းစားစရာကတော့ စစ်အုပ်စု၏ သတင်းပေးတွေ အုပ်ချုပ်ရေးမှူးတွေက သူတို့မြို့နယ်ရပ်ကွက်ထဲမှာ ပါဝါပြတဲ့အသုံးချစရာ လက်နက်အဖြစ် ၅၀၅(က)ကို ကိုင်စွဲလာတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့လက်တို့သူမှန်သမျှ ပုဒ်မစွဲခံရတယ်ဆိုရင် သူတို့၏မတော်ဩဇာကို လူထုအပေါ် မတရားကျင့်သုံးတဲ့ခြေလှမ်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အခုလို လုပ်ရပ်က နိုင်ငံက လူအများစုကြီး ဖြစ်တဲ့ လူသန်းနဲ့ချီတဲ့သူတွေကို တပြိုင်နက်ထဲ ကြေညာလိုက်ယုံပဲ ရှိတယ်လို့ အကြံပေးချင်ပါတယ်။ အဲလိုဆိုရင် ထောင်တွေလည်း ဆန့်မှာ မဟုတ်တော့သလို လူသန်းနဲ့ချီတဲ့ စစ်အာဏာရှင် ဆန့်ကျင်သူတွေက တဖက် စစ်ကောင်စီ စစ်အာဏာရှင်စနစ်ကို ထောက်ခံသူတွေက လူနည်းစုဖြစ်လို့ သူတို့က သီးခြားနေချင်သပဆို ထောင်ထဲဝင်နေပြီး သန်းနဲ့ချီတဲ့လူထုက အပြင်မှာနေခြင်းက ပိုပြီး အမြှော်အမြင်ရှိတဲ့ လုပ်ဆောင်မှု ဖြစ်ပါလိမ့်မယ်။

ခုကြေညာခံရသူတွေရဲ့ အလုပ်အကိုင်ကို အုပ်စုခွဲကြည့်မယ်ဆိုရင် ဆရာဝန်က အများဆုံးပါပြီး အနုပညာရှင်၊ သတင်းမီဒီယာ၊ တက်ကြွလှုပ်ရှားသူတွေက အသီးသီးပါဝင်ကြတာတွေ့ရပါတယ်။

ဒီအကျိုးဆက်ကိုကြည့်ရင် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို စစ်ကောင်စီက ရိုက်ချိုးလိုက်သလို ဖြစ်နေပြီဆိုတဲ့ သဘော ကောက်ချက်ချလို့ရသလို ဒုတိယ ထိခိုက်မှာက ပညာရေး နယ်ပယ် ဖြစ်မယ်လို့ ထင်ပါတယ်။ တက္ကသိုလ် ကထိကတွေ၊ ဆရာတွေ၊ ဌာနမှုးတွေ၊ ပါမောက္ခတွေ က စီဒီအမ်ထဲပါဝင်ခဲ့ကြပြီး ခုစစ်ကောင်စီက အရေးယူ ဖြုတ်ပယ်တာတွေကြောင့် ပညာရေးနယ်ပယ်လည်း ရိုက်ချိုးခံရသလို ဖြစ်နေပြီလို့ ဆိုရပါမယ်။ နောက်နယ်ပယ်က သတင်းမီဒီယာ နယ်ပယ်ကိုလည်း ပြစ်မှတ်ထား တရားစွဲ၊ လိုင်စင်သိမ်း၊ လူကို ဖမ်းတာတွေကြောင့် သတင်းလွတ်လပ်ခွင့် ထိခိုက်၊ လူထုသတငး်ရပိုင်ခွင့် ထိခိုက်ပြီး သတင်းမီဒီယာ နယ်ပယ်လည်း ကမောက်ကမ ဖြစ်လာနေတာတွေ့ရပါတယ်။

ဒါတွေခြုံကြည့်မယ်ဆိုရင် စစ်ကောင်စီက အာဏာကို ထိန်းချုပ်ဖို့ ကိုင်စွဲဖို့အတွက်ဆို ဘယ်နယ်ပယ် မဆို ဖျက်ဆီးဖို့ ဝန်မလေးဘူးဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ကျန်းမာရေး၊ ပညာရေး ၊ အုပ်ချုပ်ရေးနယ်ပယ်တွေမှာ စစ်တပ်လက်အောက်မှာ မလုပ်ချင်လို့ ဆန့်ကျင်လို့ ဖမ်းဆီးခံရသူ ဌာနက ထွက်သွားတဲ့ သူတွေအစား စစ်ကောင်စီက စစ်ဘက်က သူတွေနဲ့ အစားထိုးမယ်လို့ ယူဆထားရင် အဲဒီအယူအဆဟာ အမိုက်မဲဆုံးအယူအဆ ဖြစ်ပါလိမ့်မယ်။

ဒီနေ့ မြန်မာနိုင်ငံတနံတလျား ဖြစ်ပေါ်တဲ့ သတင်းတွေထဲက လူစိတ်ဝင်စားတဲ့ ဟာတွေကတော့ မုံရွာက သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးသွားတဲ့သတင်း၊ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း၊ အဆိုတော် ပိုပို တို့ကို ဖမ်းဆီးလိုက်တဲ့ သတင်း၊ ကချင်ပြည်နယ် က လိုင်ဇာအနီးက အာလောဘွမ်တောင်ကုန်း တိုက်ပွဲသတင်းတွေ က ဒီနေ့အတွက် ထူးခြားတဲ့ အဖြစ်အပျက်သတင်းတွေ ဖြစ်ပါတယ်။ အဲသည်နောက်မှာကတော့ မြန်မာနောင်းသတင်းဌာနကနေ CRPH ၏ အမျိုးသားညီညွတ်ရေးအစိုးရ သင်္ကြန်အတက်နေ့မှာ ထုတ်ပြန်ဖို့ရှိကြောင်း သတင်းဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်ဝေစိုး ဦးဆောင်ပြီး အမျိုးသားအတိုင်ပင်ခံကောင်စီမှာ မင်းကိုနိုင်က ဥက္ကဌဖြစ်တယ်လို့ မြန်မာနောင်းကို အမည်မဖော်လိုသူ CRPH ရင်းမြစ်ဆိုပြီး ရေးသားသွားပါတယ်။

မည်သို့ပင်ဖြစ်စေ CRPH ဦးဆောင်တဲ့ မြန်မာနိုင်ငံရေးတိုက်ပွဲကတော့ ရက်အနည်းငယ်အတွင်း အချိုးအကွေ့တခုကို ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ကြားကာလ အစိုးရ၊ အတိုင်ပင်ခံကောင်စီ၊ ကြားကာလဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွေနဲ့ ခြေလှမ်းသစ်တခု ပြတ်ပြတ်သားသား လှမ်းတော့မယ် ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြည်တွင်း သပိတ်တိုက်ပွဲအင်အားစုတွေ အခြားသော Civil Society တွေနဲ့ ပြည်တွင်းပြည်ပက ကူညီထောက်ပံ့ဝန်းရံနေသူတွေ မည်၍မည်မျှ သိမ်းသွင်းစည်းရုံးပြီး တော်လှန်ရေးအရှိန်ကို မြှင့်တင်ပြောင်းလဲပစ်မလဲဆိုတာကတော့ အားလုံးက ဝိုင်းဝန်း စောင့်ကြည့်နေကြပါတယ်။ ပြည်သူလူထုကလည်း မိမိတို့ အခြေပြုတဲ့ ဒေသ မြို့ရွာမှာ ရှိနှင့်ပြီးသား အင်အားတွေကို ဆက်ပြီး တောင့်တင်းခိုင်မာအောင် ဝန်းရံထောက်ခံထားကြဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ မိုးပေါ်က လာမှာကို မျှော်နေရင်းက မိမိတို့ ကတုတ်ကျင်းတွေ နက်နက်တူးပြီး မိမိတို့ အင်အားနဲ့ လက်နက်ကိုလည်း ပြင်ဆင်စုဆောင်း ထားကြရပါလိမ့်မယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar