Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ (၂) - ဟိန်းနိုင် (မန္တလေး)၊ အောင်ပိုင်စိုး

Art- Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ -၂
မိုးမခ
ဧပြီ ၂၉၊ ၂၀၂၁

...

နွေဦး 
ဟိန်းနိုင် - မန္တလေး

တိုးတိုးတိတ်တိတ်
စိုးရိမ်စိတ်ဇောတွေနဲ့ကိုယ်ကိုဖော့ပြီး
ခြေသံမကြားအောင်လျှောက်ခဲ့တာမဟုတ်

တလောကလုံး တကမ္ဘာလုံးကြားအောင်
အဓမ္မတရားအမှောင်ကို
ဓမ္မတရားအလင်းဆောင်ဖို့ ငါတို့လာတယ်။ 
ငါတို့နိုင်တယ်။ 
ငါတို့အောင်ပွဲရမယ်။
ယုံတယ်။ ။ 

၂၇- ၄ - ၂၀၂၁

...

လမ်းဟာပွင့်ထွက်သွားတယ်
အောင်ပိုင်စိုး

လူငယ်မျိုးဆက်ဇီ(Z)တွေ
ဖီဆန်၊တော်လှန်တဲ့ဆိုင်းဘုတ်တွေ
အမှန်တရားအလံတွေစွဲကိုင်လို့
အကြမ်းမဖက်တဲ့နည်းလမ်းနဲ့
အာဏာရှင်ကိုသံပြိုင်မောင်းထုတ်ကြ
လမ်းဟာပွင့်ထွက်သွားတယ်။

နွေဦးအသစ်တော်လှန်ရေး
မျိုးဆက်အသစ်တော်လှန်ရေး
ဆယ်ကျော်သက်သူရဲကောင်းတွေရဲ့
ပါဖောင်းမန့်အသစ်
တော်လှန်ပုံစံအသစ်တွေနဲ့
အာဏာရှင်ကိုကိုင်လှုပ်ခဲ့တယ်
လမ်းဟာပွင့်ထွက်သွားတယ်။

တကျော့ပြန်နာကျင်မှုတွေအမှတ်ရစေဖို့
စစ်ကျွန်ဘဝပြန်မရောက်ဖို့
အရာရာနိမ့်ကျတဲ့ဘဝကိုပြောင်းပစ်ဖို့
အာဏာရူးတွေရဲ့မထူးဇာတ်ကို ထူးခတ်ဖို့
လက်ကိုင်တုတ်တွေကို ရိုက်ချိုးဖို့
လမ်းဟာပွင့်ထွက်သွားတယ်။

သွေးစက်တွေ၊မျက်ရည်တွေ
ကျည်ဆံတွေ၊အနာဂါတ်တွေ
ကျည်မှန်ရာတွေ
လက်ဖျံနဲ့ယုံကြည်ချက်ကိုထူမတ်လို့
မျက်ရည်ဟာ
နာကျည်းမှုနဲ့အတူစီးကျလာတယ်
သံပြိုင်ဟစ်အော်သံဟာ
မြေကမ္ဘာမှာပဲ့တင်ထပ်နေတယ်
ရုံးမတက်နဲ့ရုန်းထွက်ကြ
ကမ္ဘာမကြေဘူး
အာဏာရှင်စနစ်ကျဆုံးပါစေ
အရေးတော်ပုံ အောင်ရမည်
လမ်းဟာပွင့်ထွက်သွားတယ်။

အယူမှန်သူပြည်သူတို့
မတရားမှုဟာ မတရားမှုပဲ
တော်လှန်စရာကိုတော်လှန်ရမှာပဲ
လက်သုံးချောင်းတံဆိပ်သ‌င်္ကေတနဲ့
‌CDM 
ကမ္ဘာကျော်သံပုံးမြည်သံ
အာဏာရှင်တွေရဲ့ကျဆုံးခန်းမှာ
လမ်းဟာပွင့်ထွက်သွားတယ်။

အာဏာရူးတွေတပ်ပျက်နေပြီ
အာဏာရူးတွေ သွေးပျက်နေပြီ
အာဏာရူးတွေတုန်လှုပ်နေပြီ
အာဏာရူးတွေ ခွေးဖြစ်နေပြီ
အာဏာရူးတွေမီးပါတ်လည်ဝိုင်းနေပြီ
လမ်းဟာပွင့်ထွက်လို့  
လမ်းပေါ်မှာပြည့်လျှံသွားတယ်
ပြည်သူတွေရဲ့ဆန္ဒအားမာန်တွေ။          ။
 
၂၅၊ဖေဖော်ဝါရီ၊၂၀၂၁
....

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar