Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၉ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီလ ၂၉၊ ၂၀၂၁

စစ်ကောင်စီ တပ်တွေ မြန်မာနိုင်ငံရဲ့ နေရာ အတော်များများမှာ တိုက်ခိုက်ခံနေရတဲ့ သတင်းတွေ နေ့စဥ် ဆိုသလို ထွက်ပေါ်နေပါတယ်။ ဒီနေ့ ကြားသိရတဲ့ သတင်းတွေကတော့ ကချင်ပြည်နယ် အာလောဘွမ် တောင်ကုန်းစခန်း ကေအိုင်အေက သိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဒီနေ့လည်း ဆက်လက် ဖြစ်နေဆဲ ဖြစ်ပါတယ်။ လေယာဥ်တွေ သုံးပြီး ဗုံးကျဲတဲ့အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့သတင်းတွေ ယနေ့လည်း ကြားသိနေရဆဲဖြစ်ပါတယ်။

ကေအိုင်အေ အနေနဲ့ စစ်ကောင်စီရဲ့ စခန်းတွေကို သိမ်းယူပြီး ပြည်တွင်းမှာ မြို့အသီးသီး ကျေးရွာတွေအထိ ဆန္ဒပြသူတွေကို ရက်စက်စွာ ဖိနှိပ် ဖြိုခွဲနေတဲ့ စစ်တပ်ကို မြို့ပေါ်ကနေ စစ်စခန်းတွေ စစ်မြေပြင်ဆီ ဆွယ်ထုတ်တဲ့ သဘော၊ မြို့ပေါ်မှာ ဖိနှိပ်မှုတွေ အားလျော့သွားအောင် လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်မှုတွေကို ကေအိုင်အေသာမကပဲ ကေအန်ယူ အဖွဲ့ကလည်း တပ်မဟာ ၅ နဲ့ အချို့တပ်မဟာ နယ်မြေတွေမှာ တိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။

ကရင်ပြည်နယ် ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်ထဲမှာလည်း ကေအန်ယူ တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေ ဖြစ်ပွားနေတဲ့ သတင်းတွေလည်း ကြားသိနေရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အမျိုးသားညီညွတ်ရေး အစိုးရကို ထောက်ခံတဲ့ဆန္ဒပြမှုကို ဖြိုခွဲဖို့လာတဲ့ စစ်ကောင်စီ တပ်တွေကို ကေအန်ယူက ပစ်ခတ်လိုက်လို့ စစ်ကောင်စီတပ်သား အချို့ သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

နောက်ထပ် လက်နက်ကိုင် ခုခံ ဆန့်ကျင်နေတဲ့ ဒေသတခုကတော့ ချင်းပြည်နယ် မင်းတပ်မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက မင်းတပ်မြို့အဝင် စစ်ကားတွေ နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တူးမီးသေနတ်တွေနဲ့ ခုခံ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့ခံတွေထဲက ဆန္ဒပြလို့ဖမ်းဆီးထားသူ ၇ ဦးကို လွှတ်ပေးဖို့ တောင်းဆိုတာကို စစ်ကောင်စီဘက်က လိုက်လျောခဲ့တာတွေလည်း ရှိပါတယ်။

အခြားတိုက်ခိုက်မှု တခုကတော့ မိတ္ထီလာနဲ့ မကွေးမြို့တို့မှာရှိတဲ့ လေတပ်စခန်းကို ရှော့တိုက်ဒုံး နဲ့ ပစ်ခံရတဲ့ အဖြစ်အပျက်လည်း ခုမနက် ဖြစ်ပွားခဲ့ပါသေးတယ်။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာမှာ လေကြောင်း အင်အားကို သုံးစွဲပြီး ဗုံးကျဲတာတွေ လုပ်ဆောင်နေတာကြောင့် လေတပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ ယူဆရပါတယ်။

အခုချိန်မှာ ပြည်သူတွေ နားစွင့်နေတာကတော့ CRPH NUG ဦးဆောင်နေသူခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်တွေ ပြောကြားချက်တွေ ဖြစ်ပါတယ်။ လက်ရှိမှာ ပြင်ပက လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရဲ့ သဘောထား ထုတ်ပြန်တာတွေ ဝေဖန်ချက်တွေကိုလည်း လူတွေက နားစွင့်ကြပါတယ်။ CDM အတွက် CRPH က ဆက်ပြီး ထောက်ပံ့နေတယ် ကူညီနေတယ် ပြောနေရင် လူတွေက ဝမ်းသာကြ ပျော်ရွှင်ကြပါတယ်။

တနေ့က ရိုက်တာသတင်းဌာနကနေပြီးတော့ ရုပ်သံသတင်းအဖြစ် နယ်စပ်တနေရာမှာ လူငယ်တွေ စစ်ရေးလေ့ကျင့်နေတာကို တွေ့ကြရပါတယ်။ အဲသည်အတွက် ပြည်သူတွေက ဝမ်းသာကြပါတယ်။ မျော်လင့်ချက်တွေ တက်ကြပါတယ်။ နယ်စပ်ဒေသမှာ သတင်းသမားတွေ အတော်များများ ရှောင်တိမ်းနေထိုင်ကြတာကို လူထုက သိထားတဲ့အတွက် ပြည်တွင်းသတင်းသမားတွေကများ သည်လိုနယ်စပ်သတင်းတွေ တင်ကြလေမလားလို့ မျော်လင့်ပေမယ့် ပြည်ပသတင်းဌာန ရိုက်တာခေါင်းစဉ်ကနေ သတင်းကို တင်တာဖြစ်လို့ မြန်မာသတင်းထောက်တွေက ဘာလို့ မပြောဘဲ ထားတာလဲ ဆိုတာက မေးခွန်း ဖြစ်လာပါတယ်။

မြန်မာသတင်းဌာနနဲ့ သတင်းထောက်တွေကတော့ သပိတ်မှောက်သတင်း၊ တိုက်ပွဲသတင်း၊ အဖမ်းအဆီးသတင်းတွေကို ဦးစားပေးတင်ခဲ့ကြရာကနေ အင်တာဗျုးတွေ တင်ဆက်လာကြပါတယ်။ နောက်ပိုင်းမှာတော့ မျက်မှောက်ရေးရာကို ထင်ဟတ်ပေါ်လွင်စေတဲ့ သတင်းဆောင်းပါးတွေကို ဦးလှည့်လာကြလိမ့်မယ် ထင်ပါတယ်။ ဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာမှာ ဟစ်အဖြစ်ဆုံး ရှယ်အများဆုံးက ထိပ်တိုက်ရင်ဆိုင်ကြတဲ့သတင်းတွေ ဖြစ်နေရာက အခုချိန်မှာ အမြင်တွေ သဘောထားတွေ စဉ်းစားစရာတွေ အချက်အလက်တွေအကြောင်းကို လူငယ်တွေ လူရွယ်တွေက ပြောဆိုဆွေးနွေးလာကြတာကို တွေ့နိုင်ပါတယ်။ အပေါ်ယံကြော ခံစားချက်ထုတ်ပြန်တာကနေ နောက်ကွယ်ကအခြေအနေ အကြောင်းအရာကို ထောက်ဆကြည့်တာ စူးစမ်းတာမျိုး ဖြစ်လာပါပြီ။

ဥပမာ အားဖြင့် - လက်နက်ကိုင်တော်လှန်ရေးမှာ ကချင် KIA ကနေ လေ့ကျင့်သင်ကြားပေးလိုက်တဲ့ ရခိုင်တပ်တော်၏ ယခင်နဲ့ ယခုလှုပ်ရှားမှု ရပ်တည်ချက်ကို ပိုင်းဖြတ်ကြည့်ခြင်း၊ ရခိုင်ပြည်သူတွေ၏ မြေပြင်သဘောထားကို စုံစမ်းခြင်းဆိုတာကို ထုတ်ပြောလာကြတာ တွေ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ခေါင်းဆောင်တွေ အစုအဖွဲ့တွေကို အဝေးမြင် အနီးမြင် လေ့လာ ဝေမျှလာကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု ရှေ့တန်းပြန်ရောက်လာရင် ယခု နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မလဲ ဆိုတာကို မေးခွန်းထုတ်တာ တွေ့ရပါတယ်။ မြေပြန့်က ပြည်မက ဗမာလူမျိုးကြီးတွေ ဗမာနဲ့လက်တွဲထားတဲ့ တိုင်းရင်းသားတွေနဲ့ တောင်ပေါ်နဲ့ ကျေးလက်ဒေသ၊ နယ်စပ်ဒေသတွေက တိုင်းရင်းသားတွေရဲ့ ရပ်တည်ချက်သဘောထား မတူညီတာတွေ၊ ကွဲပြားတာတွေကို စုံစမ်း မေးမြန်းလာကြပါတယ်။

၈၈ အရေးတော်ပုံတုန်းက ကျောင်းသားလူငယ်တွေ (၈၈မျိုးဆက်တွေ) နယ်စပ်ဒေသတွေရောက်ရှိသွားချိန်မှာ ကရင်တွေ မွန်တွေက (အခြားဒေသခံ တိုင်းရင်းသားတွေလည်း အပါအဝင်) အစောပိုင်းကာလတွေမှာ ဗမာစစ်သားတွေလို သဘောထားပြီး ခါးခါးသီးသီး တုန့်ပြန်ကြပါတယ်။ နောက်ပိုင်း နယ်စပ်မှာ အနှစ် ၃၀ ကျော် အတူတူဖြတ်သန်းခဲ့ပြီးနောက် တိုင်းပြည်အတွက် နိုင်ငံရေးအမြတ်တခုကတော့ တိုင်းရင်းသားတွေက (ဗမာ) မြန်မာဆိုသူတွေအပေါ် နားလည်မှု ချစ်ခင်မှု ပိုပြီး ကျယ်ပြန့်စွာ ထူထောင်နိုင်ခဲ့တယ် ဆိုရမှာပါ။ အခု အဲသည်အကျိုးအဖြစ် နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားတွေ တိုင်းရင်းသားလက်နက်ကိုင်တွေက ပြည်မက မြေပြန့်က ထွက်ခွာလာသူတွေကို နွေးထွေးစွာကြိုဆိုပြီး အကာအကွယ်ပေးကြတာ၊ လက်တွဲပြီး တိုက်ပွဲဝင်နေကြတာကို အထင်အရှားသက်သေတွေ့နေရပြီ ဖြစ်ပါတယ်။

Links on News on Myanmar Youth in Black to Train to Fight Junta (Reuters)