မြန်မာ့နွေဦးတော်လှန်ရေးကဗျာ - တိုးနှောင်မိုး
လက်ရှိအနေအထား
တိုးနှောင်မိုး
ဆေးမထိုးဖြစ်တာကြာပြီ
ဆေးမသောက်ဖြစ်တာလည်းကြာပါပြီ
ဖုန်းကအစ လူအထိပျက်နေတာ
ဆက်သွယ်ရေးပြင်ပက
သတင်းတွေရောက်လာတုန်း
ဝမ်းနည်းခြင်းတွေက
ပေါင်မုန့်ဖုတ်နည်းမှမဟုတ်တာ။
သစ်ပင်တွေမှာ အရွက်စုံနေပြီ
သစ်သားကလည်းမာနေပြီ
အလံက ပန်ကာကလေမှာလွှင့်နေတယ်
သွေးချင်းဆက်ထားတဲ့လက်
ဆက်လက်ချီတက်ဆဲ။
တစ်ခါကလမ်းမပေါ်ထွေးမိတဲ့
ကွမ်းတံတွေး
အခုတော့သွေးတွေ
ဉာဏ်ပညာက အဓမ္မကိုအနိုင်ယူမယ်
စိတ်ပူရလွန်းလို့
ဆီးချိုတောင်မတက်တာကြာပေါ့။
ကဗျာဆရာဆိုတာ
ငွေကြေးကနာမည်ပဲ
ဆရာမောင်ကြူးရင့်စကား
ငါ့လည်းအခုကာလထဲ အသက်ရှူကြပ်ဆဲ
ပြက္ခဒိန်စာရွက်တွေကိုငေးပြီး
တော်လှန်ရေးကြီးပြီးစေချင်ပြီ။
အရေးတော်ပုံအောင်ရမည်
လက်သီးထဲလက်မောင်းတန်းလို့
ခြံစည်းရိုးလှန်းထားတဲ့ထမီကို
ဘာလို့တစ္ဆေကလန့်နေပါလိမ့်
ဆပ်စရာအကြွးက
ဓာတ်ပုံရိုက်ထားတဲ့တက်တူးတွေ
wifiမကောင်းတဲ့အရပ်မှာနေတယ်
ဆရာဝန်မရှိတဲ့ရပ်ဝန်းရောက်နေတယ်
ဆီးချိုကျတဲ့အရွက်တိုင်းစားတယ်
ဖုန်းအစုတ်လေးကခုဆိုသုံးမရတော့ဘူး
တောမီးဟာ
ဂြိုဟ်တုစလောင်းထဲကနေ
ငါ့အခန်းအထိလောင်နေတယ်။
ဘုရားပန်းအိုးမှာ
မျှော်လင့်ချက်ကိုထိုးထားတယ်
သံသရာကပြေးလည်း ရပ်နေတာပဲ
မရူးဘယ်မှာရှိမလဲ
သိုက်တူးစရာ ဘနဖူးလည်းမရှိ
ချစ်မေတ္တာသာအဓိက။
အဲဒီလိုပူပင်သောက သွေးဒုက္ခမှာ
သက်ငြိမ်သစ်ကလည်း ဆုံးပြန်ပြီ
ကျနော်တို့ဂတ်စ်ဘူးကို ဖောက်ရမယ်
ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေအတွက်
အချစ်ရေ.......
၂၄ရက်နေ့မှာ
ကမ္ဘာကြီးပျက်မယ်ဆိုရင်တောင်
တို့တွေလက်တွဲမပျက်ချစ်ရအောင်
ကဗျာဆရာတွေဘေးကင်းပါစေ
တော်လှန်ရေးအောင်မြင်ပါစေ
ပေးဆပ်သူများကောင်းရာသုဂတိလားပါစေ
နွယ်မြက်သစ်ပင်ဆေးဖက်ဝင်တဲ့အထိ။
တိုးနှောင်မိုး
22.4.2021
13:35 pm
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar