Breaking News

ဒိုရိဂို - လူလည်တွေနဲ့ နွေဦးလက်ဆောင်


Image - GOOGLE.COM
လူလည်တွေနဲ့ နွေဦးလက်ဆောင်
ဒိုရိဂို
(မိုးမခ) ဧပြီ ၂၇၊ ၂၀၂၁

“တို့ အဖေကြီးကို ကာကွယ်မယ်..၊ တို့ အမေကြီးကို ကာကွယ်မယ်... တဲနှယ်... တူနှယ်...” စသဖြင့် တေးသွား အတိုင်း သေနတ်တွေ၊ ဗုံးတွေ ကိုင်ပြီး အော်ဟစ်, သီဆို, ခုန်ပေါက်, ပြေးလွှားနေတဲ့ ‘ကိုပု’ နဲ့ ‘ဝက်ကလေး’ ကို ကြည့်ရင်း မျက်စေ့ နောက်လာတာနဲ့ ပေါက်ဖော်ကြီး ‘ချဉ်ကျင့်ဖင်’ က “ဟေ့ ကောင်လေးတွေ... နေပူကျဲကျဲထဲမှာ ဘာလို့ ဒီလောက် အော်နေရ တာလဲ? လာခဲ့စမ်း ဒီကို” လို့ လှမ်းပြောလိုက်တာနဲ့ သူတို့နှစ်ယောက်ဟာ အညာမြေ နွေထနောင်းပင်အောက်က ကွပ်ပျစ်လေးနားကို ရောက်လာကြတယ်။

ကွပ်ပျစ်လေးပေါ်မှာတော့ ပေါက်ဖော်ကြီးနဲ့ အတူ ကိုဗချော တို့ ရွာက ‘ကိုပူတင်း’ ကို တွေ့လိုက်ရတယ်။ ‘ကိုပူတင်’ ကိုတွေ့ လိုက်ရတော့ ကောင်လေး ၂ ယောက်က သူတို့လက်နက်တွေကို ဘေးချိတ်၊ လက်လေးတွေ ကိုယ်စီပိုက်ပြီး ရပ်နေကြတယ်။

‘ကိုပူတင်း’ က စပြောတယ်။ “ဒီလိုကွ... ‘ကမ္ဘာ့စစ်ပုလိပ်ကြီး ဦးစ’ က နှစ်သစ်ကူး နွေးဦးလက်ဆောင် ဆိုပြီး အကြော်တွေ ပို့လိုက်တယ်။ အဲဒီလက်ဆောင်တွေ ငါက မင်းတို့ အတွက် ယူလာပေးတာပဲ။ ကဲ... ကဲ... တစ်ယောက် တစ်ထုပ်စီ ယူကြ။ ပေါက်ဖော်ကြီးလည်း တစ်ထုပ်ယူဗျာ။ ကျုပ်လည်း တစ်ထုပ်ပေါ့” ဆိုပြီး ဝေပေးတယ်။

သူတို့ဟာ လက်ဆောင်အထုပ်လေးကို ဖွင့်ကြည့်လိုက်တော့ အကြော် ၅ ခုကို တွေ့ကြရတယ်။ ‘ကိုပူတင်း’ က သူ ရရှိတဲ့ လက်ဆောင်အထုပ်ထဲက အကြော်တစ်ခုကို စားလိုက်တယ်။

‘ဟာ..., အကြော်မှ မဟုတ်ဘဲ။ ခွေးချေးတုံးတွေဟ’ ဆိုပြီး ဆက်မစားဘဲ ရပ်လိုက်တယ်။ ပေါက်ဖော်ကြီး ‘ချဉ်ကျင့်ဖင်’ ကလည်း ဒီလိုပဲ ၁ တုံး စားပြီးမှ... ‘ဟင်... ခွေးချေးတုံးတွေဟ... အကြော်မဟုတ်ဘူး’ လို့ သိသွားတာနဲ့ ရပ်လိုက်ပြန်တယ်။

ဒါပေမဲ့... အကြော်တွေကို မြိန်ရေ ယှက်ရေနဲ့ စားသောက်နေတဲ့ ‘ကိုပု’ နဲ့ ‘ဝက်ကလေး’ တို့ကတော့ ထနောင်းပင်ရင်းက ရေချမ်းစဉ်က ရေကို သောက်လိုက်၊ အကြော်တွေ စားလိုက်နဲ့ ဟုတ်နေကြတာပေါ့။ ပေါက်ဖော်ကြီးနဲ့ ကိုပူတင်းကလည်း သူတို့ရဲ့ အကြော်တွေ ပေးတာနဲ့ ကလေး ၂ ယောက်ဟာ အကုန်လုံးကို အဝအပြဲ စားသောက်ကြတော့တယ်။

အကြော်မဟုတ်မှန်း ၁ တုံး ကုန်မှ သိသွားတဲ့ ‘ ကိုပူတင်း’ နဲ့ ပေါက်ဖော်ကြီး ‘ချဉ်ကျင့်ဖင်’ တို့က  ၅ တုံး ကုန်သွားရုံမက နောက်ထပ်ပေးတာတွေပါ ကုန်သွားတာတောင် ခွေးချေးမှန်း မသိကြတဲ့ ‘ကိုပု’ နဲ့ ‘ဝက်ကလေး’ ကို ကြည့်ပြီး “ဟင်း... ဟင်း... ဟင်း... မင်းတို့ထက်တော့ ငါက လည်ပါတယ်ကွာ” လို့ စိတ်ထဲက ပြောရင်း မိန့်မိန့်ကြီး ပြုံးနေကြလေရဲ့။       ။

ဒိုရိဂို
ဧပြီ ၂၃၊ ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar