Breaking News

မောင်သံပုံး - မြင်းပန်းတိမ်ရန်ပွဲ



မောင်သံပုံး - မြင်းပန်းတိမ်ရန်ပွဲ

(မိုးမခ) ဧပြီ ၂၈၊ ၂၀၂၁

မြန်မာ့အရေး အာဆီယံရဲ့ အဖြေထုတ်ပုံကို ကြည့်ပြီး ငယ်ငယ်က သင်ခဲ့ရဖူးတဲ့ စကားပြေ တစ်ပုဒ်ကို သတိရမိပါတယ်။ ဆရာ "မောင်ထင်" ရဲ့ "ထား၀ယ်လုံချည်" ဝတ္ထုတို လေးပါ။

မိုးရွာတဲ့တစ်နေ့မှာ ဆရာမောင်ထင်ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုဒေါင်း တစ်ယောက် သူများလင်မယား မိုးထဲရေထဲမှာ ရန်ဖြစ်တဲ့ကြား ၀င်ပါမိလို့ ရာဇ၀တ်အုပ်ထံမှာ အမှုဖွင့်တိုက်တန်းခံရပုံ၊ တစ်ခါသာ ၀တ်ရသေးတဲ့ ထား၀ယ်လုံချည်လေးကို ထုံရိပ်ရဲ့ အပေါင်ဆိုင်မှာ ငွေ ၆ ကျပ်နဲ့ ပေါင်ပြီး ဒဏ်ငွေ ဆောင်ရပုံ၊ ထား၀ယ်လုံချည်လေး အပေါင်ဆုံးသွားတာမို့ အနောက်အရပ်မှာ မိုးရိပ်ကလေး ညို့လာတိုင်း ထား၀ယ်လုံချည်လေးကို သတိရပြီး စုတ်တသပ်သပ်ဖြစ်ရပုံကို ရေးဖွဲ့ထားတဲ့ ၀တ္ထုလေးပါ။

၀တ္ထုထဲမှာ "မြင်းပန်းတိမ်" လင်မယားက ကိုဒေါင်းရဲ့ အိမ်နီးချင်းတွေပါ။ ပန်းတိမ်လုပ်ရင်း မြင်းမွေးလို့ မြင်းပန်းတိမ်လို့ ခေါ်ရခြင်းပါတဲ့။

တစ်ရက်မှာတော့ မြင်းပန်းတိမ်လင်မယား ရန်ဖြစ်ကြပါတယ်။ လင်လုပ်သူက သူ့မယားကို နှုတ်က ရင့်ရင့်သီးသီးပြောရင်း အနိုင်ကျင့်သလို၊ ကိုယ်ထိလက်ရောက်လည်း နိုင့်ထက်ကလူ ပြုနေပါသတဲ့။ အချစ်စမ်းရင်း ခဏတိုင်း ရန်ဖြစ်နေကျမို့ လင် မတရားလုပ်သမျှ မယားက ခံချပေမယ့်၊ မြင်းပန်းတိမ်က ယောက်ျားသားမို့ အားကြီးပြီး သူ့မယားလည်း အလူးအလိမ့် ခံနေခဲ့ရရှာပါတယ်။ ဆရာ မောင်ထင် ဖွဲ့ပြတာတဲ့ မြင်းပန်းတိမ်လင်မယား ရန်ပွဲရှုခင်း တစ်ကွက်က ဒီလိုပါ။

"မြင်းပန်းတိမ်လည်းအရိုက်၊ ချစ်ဇနီးအငိုက်တွင် မလဲအောင် မီရာလှမ်းဆွဲလိုက်ရာ ပြေကျနေသော ဆံပင်များ တစ်ပုံတစ်ခေါင်းကြီး ၎င်း၏လက်ထဲတွင်ပါလာလေ၏။ ပါလာသမျှဆံပင်တို့ကို တင်းကျပ်နိုင်သမျှ တင်းကျပ်စွာ လက်တွင်အထပ်ထပ်ရစ်ပတ်၍ ခိုင်မခိုင် နှစ်ချက် သုံးချက်ခန့် တုပ်ဆွဲစမ်းသပ်ပြီးမှ အိမ်ပေါ်သို့ ဇနီးချစ်အားဆွဲတင်၏။ အိမ်ပေါ်ရောက်သော် ထရံတွင်ညှပ်ထားသောလိပ်ကျောက်မြီးကို အားသောလက်တစ်ဖက်ဖြင့် လှမ်းဆွဲပြီးလျှင် အဘယ်မယားအား ကျောတစ်ရာ၊ ရင်တစ်ရာခတ်၏။ ပြီးလတ်သော် မြိုင်ရပ်နှင်ရန် ကျန်ပေသေးရကား ဇနီးသည်၏ဆံပင်ကိုဆွဲလျှက်နှင့်ပင် လှေကားကို သုံးထစ် လျှင်တစ်လှမ်းကျလှမ်း၍ ဆင်းပြန်ပြီးသော် လမ်းမတစ်လျောက် ဒရွတ်ပါအောင် ဆွဲငင်သွားလေ၏။"

အနှိပ်စက်ခံ မြင်းပန်းတိမ်ကတော်ကြီး တတ်နိုင်ရှာတာက အော်ဟစ်အကူအညီ တောင်းဖို့ပါပဲ။

" 'သိကြားမင်ကြီးရဲ့ ကြည့်နေရက်တော့မလား' ဟုနှာသံပါပါနှင့် တအားညှစ်ထုတ်လိုက်သော မြင်းပန်းတိမ်မိန်းမ၏အသံသည် မိုးခြိမ်းသံကိုအဖေါ်ပြုကာ စကြာဝဠာတံတိုင်းသို့ လိုက်ပါသွားဘိ၏။"

အဲဒီလို အားနွဲ့တဲ့ မိန်းမသားကို နိုင့်ထက်ကလူပြုတဲ့ လင်ယောက်ျားကို ကြည့်ရင်း ဇာတ်လိုက်ကျော် ကိုဒေါင်း မခံမရပ်နိုင်နဲ့ ရန်ပွဲမှာ ၀င်ပါလိုက်ပါတော့တယ်။

ဆရာ မောင်ထင်ကတော့ ကိုဒေါင်းကို "မြင်းပန်းတိမ်မိန်းမ တိုင်တည်လိုက်တဲ့ သိကြားမင်းကြီး" အဖြစ်နဲ့ တင်စားပြပါတယ်။

"မဟုတ်လျှင်မခံတတ်၊ မတော်သည်ကိုတွေ့လျှင် မနေတတ်သော ကိုဒေါင်းမှာ မိန်းမသား တအားနွဲ့အား ထိုသို့ စော်ကားနှိပ်စက်သည်ကိုမြင်လျှင် အူရောအသည်းပါ ကျွမ်းသန္တာလန်ကာ လှိုက်လှိုက်လှဲလှဲဖြစ်အောင် စိတ်ဆာသွားလေသည်။ အူထဲမှ လိမ့်၍တက်လာသော မခံချင်စိတ်သည် အထက်သို့ လျှံပြီး သကာလ လက်ဖျားသို့ရောက်လာအောင် ဝေကျလာလေရကား လက်ယားလာလေသည်။ ထိုယားလာသော လက်တစ်ဖက်သည် လောက်လေးကို အဆင်သင့်ကိုင်ပြီး ဖြစ်လေရာ ကိုဒေါင်းသည် သိကြားမင်းတို့၏ အဆောင်အယောင်ဖြစ်သော မကိုဋ္ဋ်အစား၊ ခမောက်ကိုခေါင်းပေါ်တွင်မာန်ပါပါနှင့်အသာတင်။ မိုးကြိုးသွားတည်းဟူသော လောက်စာလုံးကိုနှိုက်။ ဘယ်ခြေကိုရှေ့ ထား၊ ညာခြေဖြင့်ကိုယ်ကိုမတ်ပြီးလျှင် မိုးကြိုးသွားကို အားကုန်လွှတ်၏။"

ကျန်နေတဲ့ ဇာတ်လမ်းကို ချုပ်ပြောရရင် ကိုဒေါင်းပစ်လိုက်တဲ့ လောက်လေးဟာ မြင်းပန်တိမ်ကို ထိပြီး မယားကို လွှတ်ပေးလို့ အိမ်ပေါ်ကို ပြေးတက်သွားပါတယ်။ နောက်တစ်ချက် လောက်လေးနဲ့ ပစ်မယ်အလုပ်မှာ ကိုဒေါင်းကို တားသူက မြင်းပန်းတိမ်ကတော်ကြီးပါ။

သူ့ယောက်ျားကို လောက်လေးနဲ့ပစ်ရပါ့မလားဆိုပြီး ရန်ထောင်သလို ဆိုင်ရာကို တိုင်လို့ ကိုဒေါင်းတစ်ယောက် ဒဏ် ငါးကျပ် ဆောင်လိုက်ရပါတယ်။

ဒီဝတ္ထုတိုကလေးကို ဆရာ မောင်ထင် ရေးခဲ့စဉ်က လင်မယားကြား ၀င်ပါမိလို့ ဒုက္ခရောက်ရပုံ၊ မိမိမတရားပြုကျင့်ခံရချိန်မှာ ကူညီတဲ့သူကိုပဲ ကူညီရကောင်းလားလို့ အပြစ်ပြန်ဖွဲ့တတ်ကြပုံ‌တွေကို သရော်ပြီး ရေးဖွဲ့ခဲ့ပုံပါ။ စာဖတ်သူအများစုကလည်း ထား၀ယ်လုံချည် ၀တ္ထုကနေ အဲဒီ သရော်ချက်တွေကိုပဲ သင်ခန်းစာအဖြစ် ထုတ်ယူဖြစ်ခဲ့ကြပါတယ်။

ဆရာ့ အရေးအသားက လိုရင်းကို ရှင်းရှင်းလင်းလင်း ရောက်လွန်းတာမို့ ၀တ္ထုထဲက ကိုဒေါင်းရဲ့ "မတရားမှုကို လက်မခံခြင်း"၊ "အားနည်းသူဘက်က ရပ်တည်ကူညီခြင်း" စတဲ့ စိတ်ထားတွေ၊ ပြုမူပုံတွေဟာ မှန်ကန်မွန်မြတ်တယ် ဆိုတဲ့အချက်က နည်းနည်းလေး မှေးမှိန်သွားပါတယ်။ မျက်စိရှေ့မှာ မတရားတာ မြင်နေရပေမယ့် ကိုယ့်ကို အမှု မပတ်အောင် ၀င်မပါဘဲ နေလိုက်တာ ကောင်းတယ်ဆိုတဲ့ အယူအဆက ပိုပြီး ထင်ရှားသွားပါတယ်။

ဆရာ မောင်ထင်ရဲ့ ၀တ္ထု ကို ကျောင်းစာအုပ်တွေထဲ ထည့်သွင်းသင်ကြားလို့ တစ်ခုတည်းကြောင့်မဟုတ်ပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းမှာ "သူများတွေ ရန်ဖြစ်ရင် ၀င်မပါနဲ့၊ ဝေးဝေးနေ၊ အမှုပတ်မယ်" ဆိုတဲ့ သတိပေးသလိုလို ဆုံးမသလိုလို စကားတွေကတော့ အတော်လေး တွင်ကျယ်ပါတယ်။

ထားပါတော့။ လိုရင်းက ၀တ္ထုတိုဝေဖန်ရေး မဟုတ်သလို၊ အတွေးအခေါ်ပညာ သင်ခန်းစာ‌တွေ၊ လူမှုရေးသိပ္ပံ ပို့ချချက်တွေလည်း မဟုတ်ပါဘူး။ မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအ‌ပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံကြီးတွေရဲ့ ရပ်တည်ချက် သဘောထားတွေ၊ တုံ့ပြန်ဆောင်ရွက်ပုံတွေကို ကြားရ၊ မြင်ရ၊ သိရပြီး မြင်းပန်းတိမ်လင်မယားရဲ့ ရန်ပွဲကို သတိရမိလို့ ထား၀ယ်လုံချည် ၀တ္ထု အကြောင်းကို ပြန်ပြောဖြစ်သွားတာပါ။

ဒီကနေ့ မြန်မာပြည်သူလူထုရဲ့ ဘ၀က မြင်းပန်းတိမ်မယားဘ၀ပါ။ မိုးကြီးလေကြီးထဲမှာ မြင်းပန်းတိမ် နှိပ်စက်သမျှကို ခံနေရတာပါ။

ရောဂါကပ်ဘေးကြားမှာ ပြည်သူလူထုအနေနဲ့ ခက်ခက်ခဲခဲ ဖော်ထုတ်ပြသခဲ့တဲ့ သူတို့ရဲ့ ဆန္ဒအမှန် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စသ်အာဏာရူးတွေက လက်မခံဘဲ ပြည်သူ့အာဏာကို အဓမ္မ လူယူခဲ့ပါတယ်။ အာဏာလုပြီး သုံးလအတွင်း မြန်မာစစ်တပ်က ပြည်သူ ခုနစ်ရာကျော်ကို သတ်ဖြတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ မသတ်ဘူးလို့ ဗြောင်ငြင်းချင်ကြပါသေးတယ်။ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ဖမ်းဆီးထားသလို ဖမ်း၀ရမ်းထုတ်ခံထားရသူတွေကလည်း မနည်းလှပါဘူး။ ဖမ်းမထားသူတွေကို ညှင်းပမ်းနှိပ်စက်မှုတွေရှိနေတာကိုလည်း ဓာတ်ပုံအထောက်အထားတွေနဲ့ တွေ့လာနေရပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲချလို့ သေတဲ့သူတွေ၊ ရွာကိုပစ်ပြီး တောတွေတောင်တွေထဲ ပြေးနေရသူတွေကလည်း အမြောက်အများပါ။

မြင်းပန်းတိမ်ဆရာကြီး သူ့မယားကို နှိပ်စက်သလို မြန်မာပြည်သူတွေကိုလည်း စစ်အာဏာရူး လူတစ်စုက နှိပ်စက်နေတာပါ။ ကမ္ဘာ့စင်မြင့်မှာ အဆင့်အတန်းတစ်ခု ရရှိလာနေပြီဖြစ်တဲ့ မြန်မာပြည်ကြီးကို မြင်းပန်းတိမ်စစ်အုပ်စုက ဆံပင်ကဆွဲပြီး လှေခါးထစ်က ဆွဲချနေတာပါ။

ဒီလောက်နှိပ်စက်ခံနေရတဲ့ မြန်မာပြည်သူတွေအနေနဲ့ ကျိုးသင့်ကြောင်းသင့် မစဉ်းစားနိုင်အားပဲ "ကုလသမဂ္ဂ က လာကယ်ပါ" ၊ "R2P အမြန်၀င်ပါ"၊ "အမေရိကန် ကူညီပါ" လို့ အော်ဟစ်အကူအညီတောင်းနေတာကို အပြစ်တင်ဖို့ ခက်လှပါတယ်။ တနေ့တနေ့ နိုင်ငံတကာအကူအညီတွေကို မျှော်လင့်ချက်နဲ့ ပြောဆိုနေကြတာကို လူမှုကွန်ယက်ကနေတဆင့် ဖတ်ရတဲ့အခါ မြင်းပန်းတိမ်ကတော်ကြီးရဲ့ "သိကြားမင်ကြီးရဲ့ ကြည့်နေရက်တော့မလား" ဆိုတဲ့ အသံကိုပဲ ကြားယောင်လာမိပါတယ်။

မြန်မာပြည်သူတွေက နိုင်ငံတကာအသိုက်အ၀န်းကို သိကြားမင်းလို့ အထင်ရှိကြပေမယ့် ကုလ အပါအ၀င် အာဆီယံ နဲ့ တရုတ်၊ အမေရိကန်၊ ရုရှား၊ ဂျပန်၊ အိန္ဒိယ တို့လို နိုင်ငံကြီးတွေကတော့ ၀တ္ထုထဲက ကိုဒေါင်းလောက်တောင် သတ္တိမပြောင်ပါဘူး။

ကိုဒေါင်းရဲ့ "မတရားမှုကို လက်မခံခြင်း"၊ "အားနည်းသူဘက်က ရပ်တည်ကူညီခြင်း" စတဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ ရပ်တည်ချက်မျိုးတွေဟာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ စိတ်သုဉ်းနေပုံပါ။ ဒီလိုနဲ့ပဲ မတရားမှုကို မျက်စိရှေ့မှာ မြင်နေပါလျက် လက်ပိုက်ကြည့်ခြင်းအားဖြင့် မတရားမှုကျူးလွန်သူတွေဘက်က ပြောင်ပြောင်တင်းတင်း ဘက်လိုက်နေကြပါတယ်။

ဒါဟာ ကိုဒေါင်းလို ထား၀ယ်လုံချည်လေး အဆုံးခံရမှာ စိုးယုံသတ်သတ်တော့ ဟုတ်ဟန်မတူပါဘူး။

ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်အာဏာရူးတွေနဲ့ ပြည်သူလူထုအကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ဟာ မြင်းပန်းတိမ်ဆရာကြီးလင်မယား မကြာခဏဖြစ်‌တဲ့ ရန်ပွဲတွေလို အချစ်စမ်းနေကြတဲ့ ရန်ပွဲ မဟုတ်ပါဘူး။ မတရားသဖြင့် အနိုင်ကျင့်ပြီး အာဏာလုသူနဲ့ နိုင်ငံတော်အာဏာရဲ့ မူလပိုင်ရှင်တွေကြားက ပဋိပက္ခ ဖြစ်ပါတယ်။

ဒီလောက် ရှင်းလင်းပြတ်သားတဲ့ ပဋိပက္ခကြားမှာ အားနည်းသူ ပြည်သူတွေဘက်က မရပ်တည်ဘဲ လက်ပိုက်ကြည့်နေတာဟာ သူတို့အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေလို့လား၊ ဒါမှမဟုတ် အာဏာရူးလက်တစ်ဆုပ်စာနဲ့ ပုလင်းတူ ဗူးစို့တွေ ဖြစ်နေလို့လား မေးခွန်းထုတ်စရာပါ။

ဆရာမောင်ထင် သာ သက်ရှိထင်ရှားရှိနေသေးရင် ဒီကနေ့အခြေအနေနဲ့ကိုက်တဲ့ ထား၀ယ်လုံချည် ၀တ္ထုအသစ်တစ်ပုဒ် ရေးဖို့ တောင်းပန်ချင်မိပါရဲ့။

စာဖတ်သူ မိတ်ဆွေအနေနဲ့ရော၊ မြင်းပန်တိမ်လင်မယား ရဲ့ ရန်ပွဲကို ဘယ်လို အဆုံးသတ်စေချင်ပါသလဲ ခင်ဗျား။

မောင်သံပုံး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar