Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၃၊ ၂၀၂၁

ယနေ့ကျဆုံးသူပေါင်း - ၅
မုံရွာ - ၃၊ သထုံ - ၁၊ ကလေး - ၁၊

အနှစ် ၇၀စာ မိခဲ့သောမှိုင်းများမှ လွတ်မြောက်ဖို့


စစ်အာဏာသိမ်းပြီးနောက် ၂ လနဲ့ ၂ ရက်မြောက်တဲ့နေ့ မှာတော့ စီဒီအမ်တွေ ရဲ့ အနေအထား၊ မြန်မာနိုင်ငံအနှံ့က ဆန္ဒပြမှု အခြေအနေ၊ စီအာရ်ပီအိတ်ချ် ရဲ့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု၊ စစ်အာဏာသိမ်းကောင်စီက အနုပညာရှင်နဲ့ ဆိုရှယ်မီဒီယာအင်ဖလူရင်စာတွေကို ပုဒ်မ ၅၀၅ (က) နဲ့ ဝရန်းကပ်လိုက်တဲ့ တာတွေက ဒီနေ့ ရဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။

CDM အစိုးရဝန်ထမ်းတွေအတွက်ကတော့ မတ်လကုန်မှာ စာရင်းပိတ်သွားပါပြီ။ အစိုးရဝန်ထမ်းတွေကို ထောက်ကူမှုကွန်ယက်တွေက ဆက်ပြီး ကူညီနေကြဆဲ ဖြစ်ပါတယ်။ အချို့ဝန်ထမ်းတွေက ရုံးပြန်တက်နေကြတယ်လို့ သတင်းထွက်လာပါတယ်။ အဲသည်အတွက် လူထုကလည်း စောင့်ကြည့်သတင်းပို့နေကြပါတယ်။ လူထုတုန့်ပြန်မှုက Social Punishment ဖြစ်ပါတယ်။ စီဒီအမ်တွေမှာပါဝင်ခဲ့တဲ့ သူတွေထဲက ထင်ရှားတဲ့ အရိုးအထူးကု ဆရာဝန်တဦးကို အိမ်ဝင်စီးပြီး ဖမ်းဆီးသွားတဲ့ သတင်းတွေက ဒီနေ့ရဲ့ အပ်ဒိတ်သတင်းတွေပါ။

တနေ့တနေ့ စစ်အာဏာရှင် ဆန့်ကျင်သူတွေဘက်က ပုံစံအမျိုးမျိုးနဲ့ သပိတ်တွေကို တီထွင်ကြံဆပြီး ဖေါ်ဆောင်နေကြပါတယ်။ ကျဆုံးသူတွေအတွက် ပန်းတွေထားရှိပြီး ဂုဏ်ပြုကြတဲ့ သပိတ်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့ကြပြီး အာရုဏ်ဦးသပိတ်၊ ညသပိတ် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ပြနေကြတာပါ။ လမ်းပေါ်သပိတ်တိုက်ပွဲဟာ လူနေထူထပ်ပြီး အခြေခံလူတန်းစားများတဲ့ မြို့နယ်ရပ်ကွက်တွေမှာ တောင့်ခံကျန်ရစ်ပါတယ်။ စစ်အုပ်ချုပ်ရေးပြဌာန်းပြီး ရက်ရက်စက်စက် နှိပ်ကွပ်နေတဲ့ မြို့နယ်တွေကလည်း အခြေခံလူတန်းစား ထူထပ်တဲ့ အဲသည်မြို့နယ်တွေ ဖြစ်ပါတယ်။ လမ်းပေါ်သပိတ်တွေဟာ လူစည်ကားရာ မြို့လယ်လမ်းမကြီးတွေ ကုန်တိုက်စျေးဆိုင်ကြီးတွေ လမ်းဆုံလမ်းခွကြီးတွေကနေ ဆုတ်ခွာသွားပါတယ်။ လူထုပရိသတ်နဲ့ တိုက်ပွဲဝင်နေသူတွေထဲမှာ နယ်မြေခံတွေ အိမ်ရှင်တွေ လမ်းရှင်တွေက ကျားကုတ်ကျားခဲ ခုခံနေရတာကို တွေ့ရပါတယ်။ ပျောက်ကြားသပိတ် ထိုင်သပိတ် ချီတက်သပိတ်တွေကို လုပ်ဆောင်နိုင်သေးတယ်ဆိုပေမယ့် သပိတ်စခန်း သပိတ်လမ်းတွေမှာ စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဝင်ရောက်လာတဲ့အခါ လူထု၏ပိတ်ဆို့ ခုခံမှုတွေမှာတော့ အထိအခိုက်အကျအဆုံးများတာကို ဝန်ခံရမှာ ဖြစ်ပါတယ်။ အသံသပိတ်၊ အသံတိတ်သပိတ်၊ အိမ်ရှေ့သပိတ်၊ ဟွန်းသပိတ်စတဲ့ လူထု၏ တယောက်တလက်ချိတ်ဆက်ပါဝင်မှုတွေကို ဆက်အရှိန်မြှင့်နေကြပါတယ်။

စစ်အာဏာသိမ်းပြီး ၂လအကြာမှာ သပိတ်တိုက်ပွဲအပြင် နိုင်ငံရေးစစ်မျက်နှာမှာ CRPH က ၂၀၀၈ ခြေဥကို ဖျက်ပြီး ပြည်ထောင်စုပဋိဉာဏ်အသစ်တခု ပြဌာန်းတဲ့ ခြေလှမ်းသစ်ကို တိုးထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ မြန်မာစစ်တပ်၏ စစ်မက်ဖြစ်ပွားမှုကလည်း တိုးပွားလာပါတယ်။ နိုင်ငံတကာမျက်နှာစာမှာလည်း ဒီမိုကရေစီနိုင်ငံများနဲ့ နိုင်ငံတကာပြည်သူများထံက ထောက်ခံအားပေး ကူညီမှုတွေ သံတမန်ရေး ဆောင်ရွက်မှုတွေကလည်း အားကောင်းနေဆဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင် တိုက်ပွဲဝင်ကြတဲ့အခါ ဒီမိုကရေစီ ဘက်တော်သားတွေအနေနဲ့လည်း မဟာဗျူဟာ ၊ နည်းဗျူဟာတွေအရ အားကောင်းဖို့ လိုအပ်တာအမှန်ပါပဲ။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ၊ နိုင်ငံတကာဆက်ဆံမှုအရ အသီးသီးသော မျက်နှာစာတွေက မဟာဗျူဟာတွေက တခုနဲ့တခု အချိတ်အဆက်ရှိပြီး ပေါင်းစပ်ဆောင်ရွက်မှု coordination ၊ စုစည်းအား synergy တွေ ရှိဖို့လိုအပ်ပါတယ်။ အခုဟာက သူ့နေရာနဲ့ သူကတော့ အသီးသီး အားရစရာကောင်းသော်လည်း ချိတ်ဆက်မှု ယှဉ်တွဲမှုတွေ အသိအမှတ်ပြုတာတွေ ဒီထက်ပိုလိုအပ်သေးတယ်လို့ ဆိုရပါမယ်။ CRPH က လူထုထောက်ခံမှုအရ တပ်ဦးက ဦးဆောင်နေတယ်ဆိုရင် သူ့မှာ နိုင်ငံရေးမဟာမိတ်၊ လူထုလှုပ်ရှားမှုမဟာမိတ်၊ စစ်ရေးမဟာမိတ်၊ နိုင်ငံတကာနဲ့ civil society မဟာမိတ်များ ထုတ်ပြန်ခြင်း၊ တိုးချဲ့ခြင်း၊ ချိတ်ဆက်ခြင်းတွေကို မြင်တွေ့လိုလှပါတယ်။ ဒါက အစိုးရတရပ်ဖွဲ့သည်ဖြစ်စေ မဖွဲ့ခင်ဖြစ်စေ ဖွဲ့ပြီးသည့်တိုင် ဆက်ပြီး တည်ဆောက်နေရ ဖြန့်ကျက်နေရဦးမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် CDM မျက်နှာစာမှာ ကျန်းမာရေးနယ်ပယ်ကစပြီး အစိုးရဝန်ထမ်းတွေအဓိက သပိတ်မှောက်ထားကြပြီး ပုဂ္ဂလိကဘဏ်တွေကိုလည်း CDM ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ စစ်တပ်၏ ဖိနှိပ်မှုအရ ပုဂ္ဂလိကဘဏ်တွေလည်ပတ်မှု အကန့်အသတ်ရှိနေတာကြောင့် ငွေသွင်းငွေထုတ် အခက်အခဲတွေ ရင်ဆိုင်လာကြရပါတယ်။ ကိုယ့်ဘက်က ထောက်ပံ့ရေးလမ်းကြောင်း မပြတ်အောင် ငွေကြေးအဖွဲ့အစည်းဖြစ်တဲ့ ပုဂ္ဂလိကဘဏ်လိုမျိုးရဲ့ ဘယ်လိုဝန်ဆောင်မှုတွေကို ခွင့်ပြုပေးထားဖို့ လိုအပ်သလဲ ဆိုတာတွေ ကို ဗျူဟာကျစွာစဥ်းစားကြရမယ် ဖြစ်ပါတယ်။ ပြင်လွယ်ပြောင်းလွယ်တဲ့ တိုက်ကွက်တွေ ရှိရပါမယ်။ နောက်ဥပမာတခုကတော့ - တရားစီရင်ရေးက တရားရုံးဝန်ထမ်းတွေ လုပ်ငန်းတွေက CDM သပိတ်ထဲမပါဘဲ ဆက်ပြီး လည်ပတ်နေကြတာကို တချို့က ဝေဖန်ကြပါတယ်။ တရားရုံးနဲ့ အချုပ်တွေ ထောင်တွေကို စစ်ကောင်စီက တိုက်ရိုက်ကိုင်တွယ်ထားတာဖြစ်တဲ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူပုဂ္ဂိုလ်မှန်သမျှအတွက် တရားစီရင်မှုမှာ ဒေါ်အောင်ဆန်းစုကြည်ကစပြီး လမ်းတွေ ရပ်ရွာတွေထဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူတဦးစီတိုင်းအတွက် ဥပဒေအားဖြင့် တရားမျှတစွာရင်ဆိုင်ခွင့်ကို တရားခွင်ရှေ့နေတွေ အဖွဲ့တွေက စစ်အုပ်ချုပ်ရေးဖြစ်နေဦးတော့ ရင်ဆိုင်တောင်းဆိုနေခြင်းကလည်း တိုက်ပွဲတခုဖြစ်ပါတယ်။ CDM ထဲ ပါတဲ့ အလုပ်တွေ လူတွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ကို သပိတ်တိုက်ပွဲခေါင်းဆောင်တွေ CRPH ကော်မီတီတွေက ပြန်ကြားပေးနိုင်ဖို့ လမ်းညွှန်ချက် ထုတ်ပြန်ဖို့ လိုပါတယ်။

နောက် နိုင်ငံတကာမျက်နှာစာမှာ ဖိအားနဲ့ အက်ရှင်ရထားပြီးဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးစုတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမှာ စစ်ကောင်စီအား အဓိကတရားခံ ရာဇဝတ်ကောင်အဖြစ် အမြန်ဆုံး အရေးယူနိုင်ရေးကို တိုက်တွန်းနှိုးဆော်နေကြတာကိုလည်း သဘောထား ချပေးဖို့ လိုနေပါတယ်။ ဦးအောင်ထူးနဲ့ Legal Aid Network က ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး တိုက်တွန်းဝေဖန်စာထုတ်ခဲ့သလို အခုလည်း ရိုဟင်ဂျာအရေးအကြောင်းပြုပြီး စစ်အုပ်စုကို အမြန်စွပ်စွဲပြစ်တင်အရေးယူနိုင်ဖို့ ရှိထားပြီးသားလမ်းကြောင်းကို ကိုင်စွဲပါရန် ထပ်မံတိုက်တွန်းထားတာကိုလည်း ဥပမာတခု အဖြစ် ရှုမြင်နိင်ပါတယ်။ သူတို့ထောက်ပြထားတာကတော့ - ( မြန်မာနိုင်ငံ အဓိကအားဖြင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို ဆန့်ကျင်၍ ပြစ်မှုကျူးလွန်သော မင်းအောင်လှိုင် ခေါင်းဆောင်သည့် ထိပ်သီးစစ်ခေါင်းဆောင်ခြောက်ဦး အပါအဝင် အမှုနှင့်ဆက်စပ်သော အခြားစစ်ခေါင်း ဆောင်များတဦးချင်းစီ ကျူးလွန်မှုများအတွက် အမှုသည် ICC သို့ ရောက်နေပြီးဖြစ်သည်။)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ စစ်အုပ်စုနဲ့ ဆက်ဆံရေးကို လက်နက်ကိုင်ထားသူချင်း ဆက်ဆံရေးတရပ်အဖြစ် ထားရှိပါတယ်။ နိုင်ငံရေးအရ စစ်အုပ်စုဟာ အဖြေမဟုတ်ဘူးလို့လည်း ရှုမြင်ထားပုံ ရပါတယ်။ (NCA လက်မှတ်ထိုးသူ မထိုးသူတွေအားလုံးက စစ်အုပ်စုရွေးကောက်ပွဲထဲ မပါခဲ့ကြပါ)။ ဒါကြောင့် လူထုလှုပ်ရှားမှု CDM, နဲ့ CRPH ထွက်ပေါ်လာမှုတွေကို လက်ခံကြိုဆိုပြီး နိုင်ငံရေးအရ ဆွေးနွေးတာ ဆောင်ရွက်တာတွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပြည်သူလူထုကို အကာအကွယ်ပေးတာ ကူညီတာတွေကိုလည်း ပြုလုပ်ပါတယ်။ စစ်အုပ်စု သို့မဟုတ် မြန်မာတပ်မတော်ဟာ မြန်မာပြည်၏နိုင်ငံရေးအတွက် အဖြေထဲမှာ မပါတော့ဘူး လို့ ဆုံးဖြတ်ပြီဆိုရင် စစ်အုပ်စု အနှစ် ၇၀ လုံးလုံး မှိုင်းတိုက် သွေးခွဲထားခြင်းတွေထဲက လူမျိုးရေးမှိုင်း ဘာသာရေးမှိုင်း အမျိုးသားရေးမှိုင်း လူတန်းစားမှိုင်းတွေကို ဖယ်ရှားပစ်ပြီး စစ်အုပ်စုကို ပြည်သူလူထုနဲ့အတူ နိုင်ငံရေးနည်းနဲ့ ရင်ဆိုင်တာအပြင် တိုင်းရင်းသားလက်နက်ကိုင်များကဲ့သို့ သင်ခန်းစာယူပြီး လက်နက်ကိုင်ထားသူချင်း စစ်ရေးအရ ရင်ဆိုင်ဖို့လည်း ပြတ်သားစွာ ဆုံးဖြတ်ရပါမယ်။ လက်နက်မဲ့နည်း အကြမ်းမဖက်နည်း ရွေးကောက်ပွဲနည်း ရင်ကြားစေ့နည်း ပြန်လည်သင်မြတ်ရေးနည်း ပြည်ထောင်စုမပြိုကွဲရေး နည်းနာတွေဆိုတာ စစ်အုပ်စုက မြန်မာပြည်သူတွေကို အနှစ် ၇၀ လုံးလုံး မှိုင်းတိုက်သွေးခွဲခဲ့တဲ့ နည်းနာတွေများ ဖြစ်နေမလားလို့ ဖောက်ထွက် တွေးမကြည့်ချင်ကြဘူးလား။ စစ်အုပ်စုကလည်း သူတို့မင်းသားခေါင်းမဆောင်းတော့ဘဲ ဘီလူးစွယ်ထုတ်ပြထားပါပြီ။ သူတို့က မပြန်လမ်းကို ရွေးထားပြီဆိုရင် သည်ဘက်ကလည်း နောက်ဆုတ်ဖို့ မဖြစ်နိုင်ပါ။ ဒူးထောက်အလျော့ပေးကြဦးမည်ဆိုရင် နောင် အနှစ် ၇၀ မက မြန်မာပြည်သူတွေ စစ်ကျွန်ဘ၀က ထွက်ကြဖို့ လမ်းမမြင်ပါကြောင်း။

(art - Than Htay Maung)

#MoeMaKaMedia

#WhatsHappeningInMyanmar