Breaking News

မောင်သံပုံး - "ရန်သူကို အရင်တိုက်မလား၊ အောင်ပွဲအကြောင်း အရင်ပြောမလား"


မောင်သံပုံး - "ရန်သူကို အရင်တိုက်မလား၊ အောင်ပွဲအကြောင်း အရင်ပြောမလား"

(မိုးမခ) ဧပြီ ၂၀၊ ၂၀၂၁

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေအကြား ဖက်ဒရယ် ကို အဓိပ္ပာယ်ဖွင့်ဆိုပုံတွေ ကွဲပြားနေတာကို သတိပြုမိပါတယ်။

UWSA ၀ အဖွဲ့ အနေနဲ့က ဖက်ဒရယ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် သီးခြားရပ်တည်နေနိုင်တဲ့အနေအထား ဖြစ်ပါတယ်။ ဖက်ဒရယ်ဖြစ်သွားရင် ဗဟိုကို တာ၀န်ခံရတဲ့ ၀န်တောင် ပိုသွားဦးမယ်လို့ ယူဆနေပုံပါ။ (ဒါပေမယ့် ၀ အဖွဲ့ဟာ ခုလို သီးခြားရပ်တည်နိုင်တယ် ဆိုရုံနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ အရ မပြီးပြည့်စုံသေးဘူး ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။ ၀ ပြည် လို့ သူတို့ ကိုယ်တိုင် ကြွေးကြော်နေပေမယ့် လက်တွေ့မှာတော့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်အောက်က ပြည်နယ်တစ်ခုလို ဂုဏ်သိက္ခာမျိုး ရဖို့ ခက်ခဲနေဆဲပါ။ အများအမြင်မှာတော့ သူပုန်အဖွဲ့တစ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတစ်ခုပါပဲ။)

အချို့ EAOs တွေကတော့ ၀ ကို အားကျတယ်၊ ၀ ရဲ့ ပုံစံမျိုးလိုချင်ကြောင်း တရား၀င်ထုတ်ပြောတာမျိုးတောင် ရှိနေတယ်။ တကယ်တော့ ပထဝီနိုင်ငံရေးကို ထည့်စဉ်းစားမှ အခြေအနေမှန်နဲ့ဘနီးစပ်မှာပါ။ ၀ ရဲ့ ပထဝီ၀င်၊ စီးပွားရေး၊ သမိုင်းနောက်ခံ၊ ကျောထောက်နောက်ခံနဲ့ နိုင်ငံရေးရေချိန် တို့ဟာ အားသာချက်ဖြစ်ပါတယ်။

AA က သူတို့မှာ ကိုယ်ပိုင်လမ်းစဉ် ရှိတယ်လို့ ဆိုပြန်ပါတယ်။ လမ်းစဉ်မတူဘူးဆိုတော့ ပန်းတိုင်ရော တူရဲ့လား စဉ်းစားစရာပါ။

တချို့ကတော့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အရ ကိုယ်ပိုင်ပြဌာန်းခွင့်ရယူပြီး ဗဟိုနဲ့ ချိတ်ဆက်ထားတဲ့ ဖက်ဒရယ် ကို ရည်မှန်းတာပါ။ အဲဒီထဲမှာ အမျိုးအစား ထပ်ကွဲပါတယ်။

သူတို့ထဲက တချို့ EAOs တွေက ခြံစည်းရိုး ခွထိုင်နေတယ်လို့ မြင်မိတာပါပဲ။ အခြေအနေကို စောင့်ကြည့်နေကြတာပါ။ ဒါလည်း အပြစ်တော့ မဆိုသာပါဘူး။ တည်ငြိမ်မှုရခါစ သူတို့ဒေသတွေမှာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ ရောက်လာရင် သူတို့ပြည်သူတွေ နစ်နာရမှာ မဟုတ်လား။

တချို့ကတော့ ဖက်ဒရယ် ရည်မှန်းချက် ရှိပေမယ့် အဲဒီရည်မှန်းချက် အကောင်အထည်ပေါ်ဖို့ လက်ရှိ ဘုံရန်သူကို အရင် ဖယ်ရှားရမယ် ဆိုတဲ့ အမြင် ရှိပုံရပါတယ်။ ရတဲ့အခွင့်အရေးကို ထိထိမိမိ အသုံးချနေတာ တွေ့ရပါတယ်။ ဒါတောင် တစ်ဖွဲ့တည်းမှာ မူကွဲတွေထွက်နေတာမျိုး တွေ့ရပါသေးတယ်။ KNU ဗဟို နဲ့ တပ်မဟာအချို့ဟာ ရပ်တည်ပုံ ကွာခြားနေသလို မြင်ရပါတယ်။ တုံ့ပြန်လုပ်ဆောင်ပုံတွေ ခြားနားနေတာ် မဟုတ်လား။

ဖက်ဒရယ် အပေါ် အဓိပ္ပာယ်ဖွင့်ဆိုပုံ ကွဲပြားနေတာက လက်တလော ညီညွတ်ရေးရော၊ ရေရှည်မှာ အဖြေထွက်ဖို့အတွက်ပါ အခက်အခဲ ဖြစ်စေပါတယ်။

ဒီနေရာမှာ သတိပြုသင့်တာကတော့ ဖက်ဒရယ် နဲ့ အာဏာရှင်စနစ်က ဘယ်လိုမှ မသက်ဆိုင်ပါ။ ဘယ်လို ဖက်ဒရယ် ကို မျှော်မှန်းသည်ဖြစ်စေ၊ အာဏာရှင်စနစ် မချုပ်ငြိမ်းသ၍ ဘယ်လိုဖက်ဒရယ်မှ မဖြစ်နိုင်ပါဘူး။

အဲဒီအခြေခံအပေါ်ကနေ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေး တပြိုင်နက်တည်း လုပ်လို့ ရ၊ မရ ဆိုတာကို အလေးအနက် သုံးသပ်သင့်တယ်လို့ မြင်ပါတယ်။ ဖက်ဒရယ်နိုင်ငံတော်ကို လိုလားသူတွေ ပေါင်းစည်းမှု မြန်မြန်ဖြစ်ဖို့ ‌ဆောင်ရွက်ရာမှာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ဗဟိုချက်ထားမှာလား၊ ဖက်ဒရယ် နိုင်ငံထူထောင်ရေးကို ဗဟိုချက်ထားမှာလား၊ နှစ်ခု တွဲပြီး သွားမှာလား ဆိုတဲ့ မေးခွန်းတွေကို အလေးအနက် ပြန်စဉ်းစားဖို့ လိုပါတယ်။

"နှစ်ခုစလုံး တပြိုင်နက်" ဆိုတာ သီအိုရီအရတော့ မှန်ကောင်းမှန်နိုင်ပါတယ်။ ပြည်သူအများစု လိုလားတောင့်တတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်မှု အပိုင်းမှာ အင်မတန်နှေးကွေးလိမ့်မယ်လို့ မြင်ပါတယ်။ NLD အစိုးရလက်ထက် ခြေဥ ပြင်ရေး နဲ့ ငြိမ်းချမ်းရေး တွဲစဉ်းစားခဲ့ပေမယ့် အောင်မြင်မှုက မျှော်မှန်းသလောက် မလျင်မြန်ခဲ့ဘူး မဟုတ်လား။

နှစ်ခုလုံးတွဲသွားတယ် ဆိုပေမယ့် တကယ်တော့ စည်းလုံးမှုကို တည်ဆောက်ရာမှာ ဖက်ဒရယ် တည်ဆောက်ရေး အပေါ် အခြေခံနေရတာကိုပဲ တွေ့ရမှာပါ။ ဒီတော့ ဖက်ဒရယ်တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေရမှ အာဏာရှင်ကို တိုက်မယ် ဆိုတဲ့ လမ်းကြောင်းကြီးကို လျှောက်မိလျက်သား ဖြစ်သွားပါတယ်။ တစ်ဖက်မှာကျတော့ ဖက်ဒရယ် ကို အဓိပ္ပာယ်ဖွင့်ပုံတွေက ကွဲပြားနေပြန်တာမို့ "အတော်ခွကျတဲ့ ကိစ္စကြီး" လို့ ပြောရမှာပါ။

ဘယ်လို ကိုယ်ပိုင်ပြဌာန်းခွင့်ပဲ ဖြစ်ဖြစ် အာဏာရှင်စနစ် အမြစ်ပြတ်ပြီးမှ ဖြစ်နိုင်၊ ရနိုင်မယ် ဆိုတဲ့ အခြေခံပေါ်က စဉ်းစားပြီး အာဏာရှင် အမြစ်ဖြုတ်ရေး ဘုံရည်မှန်းချက် ကို တည်ဆောက်ယူရင် ရလဒ်မြန်မြန်ထွက်မယ်လို့ ယူဆပါတယ်။ အာဏာရှင်နဲ့ အာဏာရှင်စစ်တပ် မရှိတဲ့အခါ ဖက်ဒရယ်နိုင်ငံကို ဘယ်လိုတည်ဆောက်မယ် ဆိုတာ ပိုပြီး လွယ်လွယ်ကူကူ အဖြေရှာနိုင်ပါလိမ့်မယ်။

ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲတဲ့အခါ "ဖက်ဆစ်ကို အမြစ်ဖြုတ်တိုက်ထုတ်ရေး" ဆိုတဲ့ ဘုံရန်သူသတ်မှတ်ဆောင်ရွက်ခဲ့တာက အားသာချက်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ AFO ၊ ဖတပလ၊ ဖဆပလ တို့မှာ ပါ၀င်တဲ့ အဖွဲ့အစည်းတွေဟာ အယူဝါဒ၊ မျှော်မှန်းချက်၊ အကျိုးစီးပွား မတူကြပါဘူး။ ဒါပေမယ့် ဖက်ဆစ်တော်လှန်ရေး ဆိုတဲ့ ဘုံရည်မှန်းချက်နဲ့ လက်တွဲ အလုပ်လုပ်ခဲ့ကြတာပါ။

ဒီနေ့ခေတ်မှာလည်း ရန်သူကို နိုင်ပြီးရင် ဘာလုပ်ကြမယ် ဆိုတာထက်၊ ရန်သူကို အနိုင်ရအောင် စုပေါင်းတိုက်ထုတ်ဖို့ က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။

ရန်သူကို အရင်တိုက်မလား၊ အောင်ပွဲအကြောင်း အရင်ပြောမလား ဆိုတာ ခေါင်းဆောင်များ အလေးအနက် စဉ်းစားပေးပါလို့ အကြံပြုပါရစေ။

မောင်သံပုံး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar