Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၉ ရက် မြောက်နေ့ မြင်ကွင်း

Art - Aung Htet


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၉၊ ၂၀၂၁

ရွှေဘိုမြို့က နွေဦးတော်လှန်ရေးတိုက်ပွဲဝင် ကဗျာဆရာ ခက်သီ စစ်ကောင်စီလက်ချက်နဲ့ ကျဆုံးသွားပါတယ်။
သတင်းမှာ သည်လိုဖော်ပြထားပါတယ်။

မေလ ၈ရက်၊ ညပိုင်းက ရွှေဘိုမြို့တွင် အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကဗျာဆရာ ခက်သီ(အမည်ရင်း ကိုဇော်ထွန်း) ဟာ ဒီနေ့ မေ ၉ရက်မှာ သေဆုံးသွားတယ်လို့ သူနဲ့ နီးစပ်သူတွေကပြောပါတယ်။ ရွှေဘိုကနေ မုံရွာဆေးရုံကိုပို့ဆောင်နေစဉ် ဆုံးတယ်လို့ သိရပါတယ်။
အဖမ်းဆီးခံထားရတဲ့သူ့ဇနီးကိုလဲ မုံရွာကို ရဲတပ်ဖွဲ့က လိုက်ပို့နေပြီလို့သိရပါတယ်။ သူ့ဇနီးဟာလည်း CDM လုပ်ထားတဲ့ ဆရာမ တစ်ဦးလည်း ဖြစ်ပါတယ်။ (Mizzima News)

ကဗျာဆရာ ခက်သီဟာ မိုးမခမီဒီယာမှာ ကဗျာရေးသားလေ့ရှိတဲ့ ကဗျာဆရာတဦး ဖြစ်ပါတယ်။ သူ ကျဆုံးသွားတဲ့အတွက် မြန်မာပြည်နှင့်ထပ်တူ၊ ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း မိုးမခက မှတ်တမ်းပြုလိုက်ပါတယ်။

မေလ ၉ ရက်အတွက် သတင်းတွေထဲမှာ လျပ်တပြက်သပိတ်တိုက်ပွဲတွေကို မြို့ကြီးတွေမှာ ဆက်လုပ်ကြတယ်။ ချင်းပြည်နယ်ဘက်မှာတော့ ပြည်သူတွေရဲ့ ပျောက်ကြားတိုက်ပွဲတွေဟာ စစ်ကောင်စီတပ်တွေကို ကန့်သတ်ထားနိုင်တယ်။ ပြည်တွင်းပြည်ပက မြန်မာတွေက ချင်းပြည်နယ် ကချင်ပြည်နယ်က တော်လှန်သော ပျောက်ကြားတပ်ဖွဲ့တွေကို ကူညီထောက်ပံ့နိုင်ရေးတွေ အစွမ်းကုန် တက်ကြွစွာ ဝန်းရံကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ ချင်းပျောက်ကြားပြည်သူတွေ၏ တိုက်ပွဲသတင်းတွေ အတွေ့အကြုံတွေက လူတိုင်းပါးစပ်ဖျားကို ရောက်လာတယ်။ လက်လုပ်လက်နက်တွေ ဗုံးတွေ ကျည်ဆံတွေ ဘောစေ့တွေ ထုတ်လုပ်တပ်ဆင် အသုံးချရတဲ့အကြောင်းတွေကို မြန်မာတွေဟာ နေ့တွင်းချင်းကို ဗဟုသုတတွေ ပြည့်စုံကုန်ကြတာကို တွေ့နိုင်ပါတယ်။

လူထုက စစ်ကောင်စီဖက်ဆစ်တပ်ကို ရရာလက်နက်နဲ့ ချေမှုန်းအမြစ်ဖြတ်ပစ်ဖို့ စိတ်ထက်သန် ဝန်းရံလှုပ်ရှားလာချိန်မှာ CDM ဝန်ထမ်းတွေ မိသားစုတွေကို ထောက်ပံ့ဖို့ အကာအကွယ်ပေးထားဖို့ ကူညီယိုင်းပင်းကြဖို့အရေးကလည်း ရှေ့တန်းကို ရောက်ရှိနေပါတယ်။ စစ်ကောင်စီက သပိတ်မှောက်ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် စာရင်းတွေထုတ်ပြန်ပြီး တာဝန်ကနေ ရပ်စဲလိုက်တယ်။ စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူတွေဆိုရင် ပြည်သူ့ဝန်ထမ်းတွေကိုလည်း ရန်သူသဖွယ်သဘေားထားပြီး တုန့်ပြန်တာဖြစ်ပါတယ်။ ဝန်ထမ်းအိမ်ယာတွေကနေ မောင်းချတာအပြင် အလုပ်က အပြီးအပိုင်ထုတ်ပစ်ခြင်း အချို့ကို ဖမ်းဆီးခြင်းတွေ ဆက်ကျုးလွန်နေပါတယ်။ CDM Support အလုပ်တွေကလည်း ငွေကြေးစီးဆင်းမှု ခက်လာတာကြောင့်တကြောင်း၊ ဝန်ထမ်းတွေ မိသားစုတွေ တိမ်းရှောင်ရွှေ့ပြောင်းမှုတွေ ဖြစ်တာကြောင့်တကြောင်း အကန့်အသတ်တွေ ဖြစ်နေတာကို ဝန်ခံရမှာ ဖြစ်ပါတယ်။ သည်တော့ NUG ဘက်က ဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဝင်းမြတ်အေးတို့ အရိပ်အမြွက်ပြောနေသလို CDM Support လုပ်ငန်းစဉ်ကြီးဟာ မြန်မာပြည်သူတွေကို လူမှုရေးစာနာထောက်ထားကူညီမှု လုပ်ငန်းစဉ်အဖြစ် အသွင်ကူးပြောင်းလာမှာ ဖြစ်ပါတယ်။ Humantarian Aid အလုပ်ဖြစ်လာမယ် ထင်ပါတယ်။

ပြည်သူတွေက လက်နက်ကိုင်တော်လှန်ရေးကို ပိုပြီး ပံ့ပိုးကြမလား၊ CDM Support ကိုလည်း ဆက်ပြီး အားပေးကူညီကြမလား၊ တခုခုကို ရွေးကြရယ်ဆိုရင် - ရေတို မြန်မြန်ဆန်ဆန် စစ်ကောင်စီကို တိုက်ထုတ် ဖြုတ်ချ ဇာတ်သိမ်းလိုက်နိင်မယ်ဆိုရင်တော့ လက်နက်ကိုင်လုပ်ငန်းကို ပုံအောပြီး လုပ်ကိုင်ဆောင်ရွက်ကြဖို့ပဲ ရှိတယ်လို့ အချို့က ထင်မြင်ချက်ပေးပါတယ်။ အကယ်၍ ပန်းတိုင်က လက်တကမ်းမှာဆိုရင် ပြည်သူတွေကော CDM ဝန်ထမ်းတွေကော ဗိုက်မှောက် ရေသောက်ပြီး တော်လှန်ရေးကြီး နေ့ချင်းညချင်းအောင်မြင်ဖို့ ဝိုင်းပြီး စွန့်လွှတ် အနစ်နာခံကြဖို့ ဝန်မလေးဘူးလို့လည်း မှတ်ချက်ပေးပါတယ်။ သို့သော် လက်နက်ကိုင်တော်လှန်ရေးက ချက်ခြင်းရလဒ်မထွက်နိုင်သေးဘဲ အချိန်ယူရဦးမယ်ဆိုရင် စစ်ဘေးစစ်ဒဏ်ကို ရင်ဆိုင်ကြရမယ့်ပြည်သူတွေ CDM ဝန်ထမ်းတွေအတွက် လူသားချင်းစာနာသော အထောက်အကူများ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို စစ်ကောင်စီစိုးမိုးနယ်မြေ၊ NUG နဲ့ တိုင်းရင်းသားတွေ စိုးမိုးထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ ဆောင်ရွက်ပေးနိုင်ဖို့ ပြင်ဆင်ထားရမယ် ထင်တယ်လို့ ဆိုကြပါတယ်။ နောက်တချက်ကတော့ စစ်ဘေးရှောင်စခန်းတွေ အပစ်အခတ်မရှိရာနေရာတွေမှာ ထူထောင်ဖို့ကော ဖြစ်လာမလားကို စဉ်းစားကြမယ် ထင်ပါတယ်။ စစ်ကောင်စီ ဖက်ဆစ်တပ်တွေက ပြည်သူတွေကို သူတို့ရန်သူတွေလိုသဘောထား မဲမဲမြင် ပစ်သတ်၊ ဖမ်းတုန်းက အကောင်း၊ ပြန်လာတော့ အလောင်းဆိုတဲ့ အခြေအနေမှာ လူထုဟာ စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်ခြင်းကို မရွေးချယ်နိုင်လို့ မိမိနေရာက စွန့်ခွာခြင်းကို ရွေးချယ်ကြတာကြောင့် ပြည်တွင်းဒေသတွေထဲ ရွှေ့ပြောင်းဒုက္ခသည်ဆိုတာကို မိမိတို့အချင်းချင်း လက်ခံစောင့်ရှောက်ပေးနေကြရတာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ အခြားမြို့ကြီးတွေက အေတီအမ်ငွေထုတ်စက်တွေရှေ့မှာ နေပူမရှောင် မိုးရွာမရှောင် မြန်မာပြည်သူတွေဟာ လူတန်းရှည်ကြီးနဲ့ သူတို့တွေ သူတို့ပြန်ထုတ်နိုင်ဖို့အရေး နာရီပေါင်းများစွာ အချိန်ကုန်ခံပြီး တန်းစီ စောင့်ဆိုင်းနေကြရတယ်။ ဒီလိုငွေကြေးမလည်ပတ်နိုင်တော့ နောက်ဆက်အကျိုးအဖြစ် စားဝတ်နေရေးခက်ခဲကြပ်တည်းတာတွေလည်း ရင်ဆိုင်ဖြေရှင်းနေကြရတယ်။ အဲသည်အရေးဟာ မိသားစုတွေအတွက် အဓိကအရေးအဖြစ် ရှေ့တန်းရောက်လာရင် နွေဦးတော်လှန်ရေးတို့ တိုက်ပွဲဝင်ရေးတို့အတွက် အချိန်နဲ့ အင်အားပိုသုံးစွဲဖို့ အကန့်အသတ်ဖြစ်လာနိုင်ပါတယ်။ လူထုကိုယ်တိုင်ကလည်း လူတန်းစားအဆင့်အလိုက် လူနေမှုအဆင့်အလိုက် တရိပ်ရိပ်နဲ့ သည်အကြပ်အတည်းဒဏ်ကို ရင်ဆိုင်လာကြရမှာဖြစ်ပါတယ်။ သည်အချိန်ကတော့ အောင်ပွဲက လက်တကမ်းမှာဆိုတဲ့ စိတ်အားတက်ကြွမှုအပြည့်နဲ့ ရှိနေဆဲဖြစ်ပေမယ့် သူတို့၏ လူမှုဖူလုံရေးဘ၀ လုံခြုံရေးအတွက် အာမခံချက်ပေးနိုင်မယ့် အစိုးရတရပ် အဆောက်အအုံတရပ် မြန်မြန်ဆန်ဆန် ထူထောင်အစားထိုးနိုင်ဖို့အရေး ခေါင်းဆောင်တွေကော ပြည်သူတွေကောအကြားမှာ မှန်ကန်တိကျ အသုံးဝင်တဲ့ သတင်းအချက်အလက် အသိပေးချက် ရှင်းလင်းတင်ပြချက်တွေ လွယ်ကူလျင်မြန် အချိန်နဲ့အမျှ စီးဆင်းရောက်ရှိနေဖို့ လိုအပ်ပါကြောင်း။


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar