Breaking News

မေ ၉၊ ၂၀၂၁ တွင် ကျဆုံးခဲ့သော ကဗျာဆရာ ခက်သီအတွက် ဂုဏ်ပြုကဗျာများ- မောင်လင်းရိပ်၊ ဇာနည်၊ ကျော်ဟုန်း၊ မိုးခါး

Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးအတွင်း အသက်ပေးလှူသွားခဲ့သော 

ကဗျာဆရာ ခက်သီအတွက် ဂုဏ်ပြုကဗျာများ

မိုးမခ

မေ ၁၀၊ ၂၀၂၁

- - -

ခက်သီနှင့်တကွ အနောက်မြောက်လွင်ပြင် 

ကဗျာဆရာများ ဆီသို့

မောင်လင်းရိပ်


ငါတို့ ကဗျာဆရာ ငါတို့ ပြန်ပေးလို့ ကြွေးကြော်ဖို့ပြင်နေတုန်းပဲ ရှိသေးတယ်

သားသတ်သမားတွေဟာ ကဗျာဆရာရဲ့အလောင်းကိုပဲ ထုတ်ပေးတဲ့ သတင်းတက်လာတယ်၊ မုံရွာဆေးရုံ ရင်ခွဲရုံက ပုံတွေတက်လာတယ်

လူမဆန်တဲ့ လူတွေမို့ မင်းတို့ရဲ့ ဖမ်းဆီးစစ်ဆေးပုံတွေက စံချိန်တင်မြန်တယ်

သတင်းအချက်အလက် ရရ မရရ မင်းတို့ လိုချင်တဲ့ လူ ရရ မရရ

လူတစ်ယောက်ကို မင်းတို့လက်ရောက် ရသွားခဲ့ရင်

အသက်ကိုတော့ ရအောင်ယူတဲ့နေရာ မင်းတို့ လက်ယဉ်လာနေတယ်

ပုလဲကတော့ သူတို့ ကဗျာဆရာကို သွေးပုလဲအဖြစ် ပြန်ရလိုက်တယ်

တော်လှန်ရေးသမားကဗျာဆရာရဲ့ သွေးအနှစ်တွေနဲ့ ရစ်ပတ်ထားတဲ့ ပုလဲ၊ အာဇာနည် သွေးပုလဲလို့ 

သူတို့မြို့က ကလေးသူငယ်တွေကို သင်ကြားပေးလိမ့်မယ်

ခက်သီဟာ အခက်ကြီးတွေကို ဆက်သီဖို့ ဆက်မချီနိုင်တော့တာပဲ ဖြစ်မယ်

ချင်းတွင်း အနောက်ဘက်ကမ်း ပုလဲ ယင်းမာပင်တဝန်းက လူထုပြည်သူတွေကတော့

ခက်သီရဲ့ အဆက်အချည် လက်စတွေကို လက်ညီညီ ဆက်ညီကြ ယှက်သီကြမှာ ငါယုံကြည်တယ်

လူထုပြည်သူတွေရဲ့ ခံပြင်းမှု အမြစ်တွေနဲ့ ဖုံး ကဗျာဆရာရဲ့ သွေးအနှစ်တွေနဲ့ လုံးထားတဲ့ ပုလဲမြို့ကလေးရေ

နွေဦိးတော်လှန်ရေးအောင်ပွဲရပြီးတဲ့ အခါ မြန်မာကဗျာဆရာတွေဟာ 

ကေဇဝင်း၊ ကြည်လင်အေး အပါအဝင် 

အနောက်မြောက်လွင်ပြင်က ကဗျာဆရာတွေကို အလေးပြုဖို့ စုဝေးရောက်ရှိကြပါလိမ့်မယ်။

၂၀၂၁ မေ ၉

.....

"ပန်းတခြင်းနဲ့လွမ်းချင်းဧကများစွာ.."

ဇာနည်

ကျုပ်တို့ပို့သလိုက်တဲ့

ပန်းတခြင်းမှာ

လွမ်းချင်းဧကပေါင်းများစွာရှိတယ်ဆိုတာ

ယုံပါ ကဗျာဆရာ...


ဒီပန်းခြင်းဟာ

ကျုပ်တယောက်ထဲမဟုတ်ဘူး

ဒီပန်းခြင်းထဲကပန်းတွေဟာ

ရှယ်လီ

ဗားကော့ဗရက်

မာယာကော့ဗ်စကီ

ဂျုလီးယက်ဖူးချစ်နဲ့

နီရူဒါတို့ရဲ့

ဝိညာဉ်ပူးကပ်

ဂုဏ်ပြုအပ်သူကဗျာဆရာတွေရဲ့

ပန်းတခြင်းနဲ့

အလွမ်းတခင်းလဲဖြစ်ပါတယ်...


ဒီပွဲမှာ

ခုနှစ်နှစ်သမီးလေးလဲ

နောက်ကျောကိုသေနတ်နဲ့ပစ်သတ်ခံရတယ်

ကဗျာဆရာလဲအဖမ်းခံရပြီး

နှစ်ဆယ့်လေးနာရီမပြည့်ခင်မှာ

ရက်ရက်စက်စက်

နှိပ်စက်သတ်ဖြတ်ခံရတယ်

သူရဲဘောကြောင်သူတွေရဲ့လက်ချက်နဲ့

သူရဲကောင်းတွေကျဆုံးခဲ့ရတယ်...


ကျုပ်တို့အားလုံး

ဂုဏ်ယူလိုက်ပရစေ...


ဒါဟာ...

ဗမာပြည်က

အဖိနှိပ်မခံ တော်လှန်ကဗျာဆရာတွေရဲ့

သမိုင်းတခု

(ကဗျာဆရာခက်သီ)

ထုဆစ်ခြင်းလို့လဲမှတ်ယူပါတယ်...


က်ခံပါ

သူရဲကောင်းကဗျာဆရာ...

လူသားတဦးရဲ့

ကြီမြတ်တဲ့လူ့တန်ဘိုး

လူ့ဂုဏ်သိက္ခာတွေနဲ့အညီ

ဂုဏ်ယူစွာ

ကျုပ်တို့အဖိနှိပ်ခံပြည်သူအားလုံးရဲ့

ပန်းတခြင်းနဲ့

လွမ်းချင်းဧကများစွာ

လက်ခံလိုက်ပါ

သူရဲကောင်းကဗျာဆရာရေ...။

(၉-၅-၂၀၂၁)

.....


နှုတ်ဆက်ခက်ပြီ ကိုခက်သီ

ကျော်ဟုန်း 


ဗုဒ္ဓဟောခဲ့တဲ့ အနိစ္စ
မမြဲခြင်းတွေထဲက မမြဲခြင်းမှာ
ညမြင် နေ့ပျောက်ခဲ့ရတဲ့
အာဇာနည်ခက်သီရဲ့ မမြဲခြင်းက
စစ်မိစ္ဆာရဲ့ ရမ်းကားမှုကို
လှစ်ဟပြနေတယ်။

'ခက်သီ'တဲ့
အခက်အလက်လေးတွေနဲ့
လောကလှဖို့ ကဗျာတွေသီခဲ့သူ
ခက်သီပါ။

" သူတို့က ခေါင်းကို ပစ်တယ်
တော်လှန်ရေးက နှလုံးသားမှာရှိတာ
သူတို့ မသိကြဘူး" (ခက်သီ)

သူတို့က ခက်သီခေါင်းကို ရိုက်တယ်
နှလုံးသွေးနဲ့ရေးထားတဲ့
တော်လှန်ကဗျာတွေကျန်တာ
သူတို့ မသိကြဘူး။

၁ မိနစ်လေး ကျန်ရင်တောင်
အဲ့ဒိ ၁ မိနစ် လိပ်ပြာသန့်ချင်ခဲ့သူ
ခင်ဗျားနဲ့ ကဗျာချင်းဆုံခဲ့ရတာ
ဂုဏ်ယူနေရင်းနဲ့
ကျုပ်တို့ နိုင်အောင်တိုက်မယ့် တိုက်ပွဲ
အောင်ပွဲအထိ နွှဲကြပါမယ်။

ကျုပ်အဖို့တော့
မိုးမခရဲ့
မြန်မာ့နွေဦးတော်လှန်ရေးကဗျာတွဲမှာ
ကဗျာချင်းဆုံခဲ့ သံယောဇဉ်ထုကို
စကြဝဠာထဲ ဂြိုလ်သစ်တည်ရင်း
အဆုံးကို အဆုံးမသတ်ချင်သမို့
နှုတ်ဆက်ခက်ပြီ ကိုခက်သီ။

ကျော်ဟုန်း
၂၀၂၁၀၅၀၁၀

.....

*စကားလုံးတွေနဲ့နာကျင်ရပြီကိုခက်သီ*
မိုးခါး

ကောင်းကင်ကိုမော့ကြည့်လိုက်တော့
နေလုံးပျောက်သလို
စကားလုံးပျောက်ရှတဲ့အထိ
နာကျင်ရပြီ ကိုခက်သီ
ကဗျာခြင်းထိတော့လည်းနာကျင်ရတယ်
စကားလုံးခြင်းတိုက်တော့ထိရှရတယ်
မတရားသောစနစ်မှာ
ကဗျာတပုဒ်ကြွေလွင့်ရတာ
မဟုတ်ဘူး
မဟုတ်ဘူး .
ဒီမှာ
ကောင်းကင်အသစ်
အနာဂတ်အသစ်
သမိုင်းအသစ်
တွက်
ကြယ်တပွင့်
ပုလဲကောင်းကင်မှာ....
ကောင်းကင်ကိုမော့ကြည့်လိုက်တော့
နေလုံးပျောက်သလို
စကားလုံးပျောက်ရှတဲ့အထိ
နာကျင်ရပြီ ကိုခက်သီ....။      ။


9.5.2021

.....

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar