Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၈ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၈၊ ၂၀၂၁

ယခု သီတင်းပတ်တွေမှာ ဖြစ်ပွားနေတဲ့ နေ့စဥ် သတင်းတွေကို သရုပ်ခွဲကြည့်ရင် စစ်ပွဲ တိုက်ပွဲ ၊ လက်နက်ကိုင် အဖွဲ့တွေ အကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်း အဖြစ်ကြေညာတဲ့အကြောင်း၊ စစ်စခန်းသိမ်းတဲ့ အကြောင်း၊ အစရှိတဲ့ တိုက်ပွဲသတင်းတွေ နဲ့ တခြားနေ့စဥ် ဖေါ်ပြနေကြတဲ့ အကြောင်းအရာ တွေကတော့ ဆန္ဒပြတဲ့ သတင်း နဲ့ အဲဒါနဲ့ဆက်စပ်ပြီး အဖမ်းအဆီး၊ ၊ ဘဏ်နဲ့ပတ်သက်တဲ့ သတင်း ငွေကြေး အကြပ်အတည်း၊ ဘဏ်အကြပ်အတည်း၊ စီဒီအမ် လုပ်တဲ့ ဝန်ထမ်းတွေ၊ ဝရန်းထုတ်ခံရသူတွေ၊ ကုန်စျေးနှုန်းတက်တဲ့ သတင်းတွေက နေ့စဥ် သတင်းတွေပဲ ဖြစ်လာေနပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရဟတ်ယာဥ် ပျက်ကျ တဲ့ သတင်းလိုပဲ နေ့အလိုက် ကချင်ပြည်နယ်ကို တက်တဲ့ စစ်ကြောင်းတွေ စစ်ကူတွေကို ရေလမ်းက စောင့်ပြီးတိုက်လို့ သေဆုံးတဲ့ သတင်းတွေ၊ အာလောဘွမ်တောင် စခန်းကုန်း အသိမ်းခံရတဲ့နောက် ဆက်နွယ်ပြီး အဆိုပါဒေသတဝိုက်ကို လေယာဥ် ရဟတ်ယာဥ်တွေနဲ့ ဗုံးကျဲနေတဲ့ သတင်းတွေ၊ လိုပဲ ယနေ့လည်း ဓါတုလက်နက် သုံးတယ်ဆိုတဲ့ သတင်းဆိုရှယ်မီဒီယာပေါ် လူသိနည်းတဲ့ အကောင့်တခုက တင်လိုက်ပြီး သတင်းဌာနတချို့က နောက်ဆက်တွဲ ေမးမြန်းတာတွေ မှန်/မမှန် အတည်ပြုဖို့ ကြိုးစားတဲ့ သတင်းတွေကို သတင်းဌာနတွေက ဖေါ်ပြနေကြပါတယ်။

စစ်ပွဲ ပစ်ခတ်မှု တိုက်ခုိက်မှု မဟုတ်တဲ့ အခြားသတင်းတွေမှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပညာရေး တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေက ပါမောက္ခ၊ ကထိက၊ နည်းပြ ၊ အခြားဝန်ထမ်းတွေ ကို အလုပ်မှရပ်စဲကြောင်း ကြေညာတဲ့ စာရင်းတွေ ထုတ်ပြန်လိုက်တဲ့အခါ ရာနဲ့ချီထောင်နဲ့ချီတဲ့ စီဒီအမ်လုပ်သူ ကိန်းဂဏန်းတွေ ထွက်ပေါ်လာပါတယ်။ စစ်ကောင်စီက စီဒီအမ်မှာ ပါဝင်သူ ထောင်နဲ့ချီရှိတယ်ဆိုတာကို ပထမဆုံး တိတိပပ ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။ အမြင့်ဆုံးဆို ပါမောက္ခအဆင့်ထိ ပါဝင်နေကြတာမို့ ဆန့်ကျင်မှုက ကြီးမားတယ်ဆိုတာကို ဝန်ခံလိုက်ရာလည်း ရောက်ပါတယ်။

တိုက်ပွဲသတင်းတွေမှာတော့ ကချင်ပြည်နယ်မှာက ကေအိုင်အေနဲ့ စစ်ကောင်စီစစ်တပ် တို့ရဲ့ တိုက်ပွဲသတင်း၊ စစ်ကိုင်းတိုင်းမှာကတော့ ရပ်ရွာကာကွယ်ရေး (ခုရက်ပိုင်း ပီဒီအက်ဖ် ဖွဲ့အပြီးပီဒီအက်ဖ်လို့ ခေါ်ဆိုလာကြ) နဲ့ စစ်ကောင်စီ တပ်တိုက်ခိုက်ကြတဲ့ သတင်း၊ ချင်းပြည်နယ် အလယ်ပိုင်း မြို့တော်ဟားခါးအနီးမှာရဲနဲ့ စစ်စခန်းငယ်ကို ကာကွယ်ရေး တပ်တွေက သွားသိမ်းယူ ဖျက်ဆီးလိုက်တဲ့ သတင်း၊ ကရင်ပြည်နယ် မှာတော့ ကေအန်ယူ တပ်မဟာ ၅ နယ်မြေမှာ စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကိုပါ ဗုံးကြဲတိုက်ခိုက်တဲ့ သတင်း၊ စခန်းကုန်းတွေ စွန့်ခွာပြီး စခန်း၂ ခုကို တခုပေါင်းကြတယ်ဆိုတဲ့ သတင်းမျိုးတွေ ဖေါ်ပြနေကြတာပါ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ ကနေ အသေးစိတ်ဆိုရင် ၂၁ ဖွဲ့ထိရှိတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီ တပ်အနေနဲ့ ခုလောက် နေရာအနှံ့အပြား တိုက်ခိုက်ခံရတာ မျိုး ဆယ်စုနှစ် ၂/၃ ခုအတွင်းမရှိသေးဘူးလို့ ထင်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ပွဲတွေထဲ အေအေ ၊ ရှမ်းအာရ်စီအက်စ်အက်စ် ၊ မွန်ပြည်သစ် တို့မပါဝင်သေးပါဘူး။ ဒါနဲ့တင် စစ်ကောင်စီတပ်တွေအဖို့ မြို့တွေ မှာ အုပ်ချုပ်ရေးပြန်တည်ဆောက်နိုင်ဖို့ ၊ ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ သုံးရတဲ့ စစ်တပ်တွေနဲ့ အထက်က တိုက်ပွဲတွေမှာ ကူဖို့ အတွက် ပို့ရတာနဲ့ တော်တော်လေး ဗျာများနေတဲ့ အခြေအနေမျိုးလို့ ခန့်မှန်းရပါတယ်။

လက်နက်ကိုင် လမ်းစဥ်၊ လက်နက်နဲ့ နိုင်ငံရေးအာဏာကို ပြန်တိုက်ယူမှ ရမယ်ဆိုတဲ့ အယူအဆ က လူငယ်တွေ၊ လူထုတွေကြားထဲ ရေပန်းစားလာတဲ့ သဘောဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ တိုင်းပြည်ဘဏ္ဏာကို ရှိသလောက် သုံးပြီး လက်နက်ကိုင်ခုခံမှု တိုက်ခိုက်မှုတွေကို တုံ့ပြန် တိုက်ခိုက်မယ်လို့ ယူဆထားပုံရပါတယ်။ အရေးတော်ပုံ ဘက်သားတွေဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံး ဘုံရန်သူကို တိုက်ကြမယ်ဆိုရင် ဗဟိုစစ်တပ်ပဲ ခေါ်ခေါ် စစ်ကောင်စီ တပ်ဖွဲ့တွေကို အနိုင်ရမယ်လို့ ယူဆထားကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

လက်ဝဲသုန္ဒရ ရဲ့ နန္ဒိသေနပျို့ပါ စာသားလို
“ စစ်နည်း ပညာ ဘယ်လို သာလဲ
စွဲကိုင် လက်နက် ဘယ်လို ထက်လည်း
ပြည်သူ့ နှလုံး မသိမ်းကြုံးလျှင်
ပြည်သူ့ ခွန်အား မကိုးစားလျှင်
ဓားသွားလည်း ကြွေ လှံလည်း ခွေအံ့ ။”

ဆိုတဲ့ စကားအတိုင်း ဆိုရိုးအတိုင်း စစ်ကောင်စီ တွေရဲ့ သေနတ်ကျည် မတိုးတဲ့ အချိန်ရောက်ခါနီးပြီ လားဆိုတာ အကဲဖြတ်ဖို့ပဲ ရှိတယ်လို့ ထင်မြင်မိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar