Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၁ ရက် မြောက်နေ့ မြင်ကွင်း

Daw Aung San Suu Kyi with Former Military Leaders, U Tin Oo, U Kyi Maung (file photo)


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၁၁၊ ၂၀၂၁

စစ်အာဏာသိမ်းပြီး ရက် ၁၀၀


စစ်အာဏာသိမ်း ရက်၁၀၀ ပြည့်သွားတဲ့အချိန်မှာ စစ်အာဏာသိမ်းကောင်စီ အနေနဲ့ အောင်မြင်မှုဆိုတာတွေ ချပြဖို့အတွက် ဘာမှ မရှိတာ အားလုံးအသိ၊ ပြဿနာ ပေါင်းစုံ၊ ဆုတ်ယုတ်မှုပေါင်းစုံ၊ ဆုံးရှုံးမှု ပေါင်းစုံ၊ နာကျည်းမှုပေါင်းစုံ၊ စိတ်ဝမ်းကွဲမှုတွေနဲ့ တိုင်းပြည်အတွက် ဆုံးရှုံးမှုတွေ စာရင်းချရေးမယ်ဆိုရင် စာရင်းက ဆုံးနိုင်မယ် မထင်ပါ။ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေက စာရင်းပြုစုလို့ လွယ်ကူပေမယ့် စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေ က တွက်ချက်လို့ လွယ်ကူမယ် မဟုတ်ပါ။ ပစ်ခတ်မှု ၊ ရက်စက်တဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ဖျက်ဆီးမှု၊ ခြိမ်းခေြာက်မှု၊ ရမ်းကားမှုတွေ ကြောင့် ကြောက်လန့်ရတဲ့ လူထု၊ ကလေးသူငယ်တွေ ၊ သက်ကြီးရွယ်အိုတွေ ရဲ့ စိတ်ဒဏ်ရာတွေက တိုင်းတာ တွက်ချက်ဖို့ ခက်ခဲပါလိမ့်မယ်။

ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရတွေလက်ထက် သက်တမ်းရက် ၁၀၀ မှာ လူထုအတွက် စွမ်းဆောင်မှုဆိုတာတွေ ကို ပြည်သူကို တင်ပြဖို့ကြိုးစားကြပေမယ့် ဘီလူးဆိုင်းတီးပြီး စစ်အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီအဖို့တော့ ရက် ၁၀၀ အတွင်း လူ ၇၈၀ ကျော် သေဆုံး၊ လူ ၃၀၀၀ ကျော်ဖမ်းဆီးထားပြီး အဲဒီအထဲမှာ သတင်းထောက်တွေ၊ ဆရာဝန်တွေ၊ တက္ကသိုလ်ဆရာ ဆရာမတွေ၊ ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေ အနုပညာသည်တွေနဲ့ အခြားသော ပညာရှင် ၊ ကျောင်းသား တွေပါဝင်နေတာပါ။ တိုတိုပြောရရင် ရက် ၁၀၀ ပြည့်မှာ လူတွေ ရာချီသတ် ထောင်ချီဖမ်းပြီး ထောင်ထဲထည့်၊ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ သတင်းမီဒီယာ အနုပညာ စတာတွေအားလုံး ကပြောင်းကပြန်ဖြစ်ေစခဲ့တဲ့ ရလဒ်ပဲ ပြစရာ ရှိတယ်လို့ဆိုရမှာပါ။

ကိုဗစ်ကြောင့် ယိုင်နဲ့နေတဲ့ စီးပွားရေးဟာ စစ်အာဏာသိမ်းမှုကြောင့် ပြိုလဲရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဘဏ်တွေရှေ့မှာ အေတီအမ်စက်တွေရှေ့မှာ ကိုယ့်အပ်ငွေကို ကိုယ်ထုတ်ဖို့အရေး ညကတည်းက အိပ်ပြီးတန်းစီသူ၊ မနက်မိုးမလင်းခင် သွားပြီးတန်းစီသူ၊ နေ့ခင်း အပူရှိန်ပြင်းပြင်းအောက်မှာ ထီးနဲ့ တန်းစီသူတွေက ရန်ကုန်မှာသာမဟုတ်ပဲ မြန်မာနိုင်ငံရဲ့ အခြားသော မြို့တွေမှာပါ အလားတူ အခြေအနေ ဆိုက်နေကြပါတယ်။

ယုံကြည်မှု ပျက်ပြားသွားစေတဲ့ အစိုးရကြောင့် ပုဂ္ဂလိက ဘဏ်တွေမှာ ရှိတဲ့ ကိုယ့်ငွေကို ပြန်ထုတ်ဖို့ ကြိုးစားကြရာက အခြေအနေက နေမြင့်လေ အရူးရင့်လေ အခြေအနေ ကို ရောက်ရှိနေပါတယ်။

စစ်ကောင်စီက ဘဏ်ပြဿနာကိုလည်း နိုင်ငံရေးရှုထောင့်က ချဥ်းကပ်ပြီး အမိန့်နဲ့လုပ်ဆောင်တာတွေ၊ အင်တာနက် ဖြတ်တောက်လိုက်တာတွေကြောင့် ပြဿနာက ပိုကြီးမားလာခဲ့ပြီ ဖြစ်ပါတယ်။ ပြဿနာကို အာဏာနဲ့ ကိုင်တွယ်တာကြောင့် နကိုက စီးပွားရေး ကျဆင်းဖို့ ဦးတည်နေတာကို ထပ်ပြီး အရှိန်နဲ့ ထိုးချသလို ဖြစ်နေတဲ့ အရိပ်လက္ခဏာတွေ တွေ့နေရပါတယ်။

လှိုင်သာယာ မြို့နယ် ရွှေပြည်သာမြို့နယ်တွေမှာ ရက်ရက်စက်စက် ဖြိုခွဲတာ၊ ပစ်ခတ်တာ၊ စက်ရုံမီးရှို့မှု (တွေကို တဖက်လှည့်နဲ့ လုပ်ခိုင်းတယ်လို့ယူဆရ) စစ်အုပ်ချုပ်ရေး ကြေညာတာတွေက စက်ရုံလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ဖြစ်စေခဲ့ပြန်ပါတယ်။ လူဦးရေ ၇ သိန်း ကျော်နေတဲ့ လှိုင်သာယာကနေ တရက်ထဲ လူသိန်းနဲ့ချီ စွန့်ခွာကြတဲ့ အဖြစ်အပျက်ဟာ ဆယ်စုနှစ်တွေ အတွင်း မကြုံဖူးတဲ့ အဖြစ်အပျက်မျိုးဖြစ်ပါတယ်။ ထိတ်လန့် ကြောက်ရွံ့အောင် လက်နက်ကို အာဏာကို အဆုံးစွန်သုံးဖို့ အမိန့်ပေးခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်က ဘာကို ပြဆိုသလဲဆိုရင် နိုင်ငံရေး အာဏာကို ခိုင်မြဲဖို့ရာ ကျန်တဲ့အရာအားလုံး ဘယ်ဟာမဆို ဆုံးရှုံးပါစေ လုပ်မယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။

ရက်၁၀၀ အတွင်း နောက်ထပ်ဆုံးရှုံးမှုတွေက လူငယ်တွေ၊ ​ကလေးသူငယ်တွေ ရဲ့ ပညာရေး၊ ကျန်တဲ့ လူထုအားလုံးရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို စစ်အာဏာသိမ်းမှုက ဖျက်ဆီးလိုက်တဲ့အရာပဲ ဖြစ်ပါတယ်။ ကျောင်းဆရာမတွေ ကျောင်းအုပ်တွေ ကထိကတွေ ပါေမာက္ခတွေ စီဒီအမ် ပါတယ်ဆိုပြီး ဖမ်းဝရန်း ထုတ်တာ အလုပ်ဖြုတ်တာ ဖမ်းဆီးတာ တွေ လုပ်ဆောင်ရာကနေ ဆရာ၊ ဆရာမတွေကျောင်းမတက်ဖို့ ဆုံးဖြတ်သလို ကျောင်းသားတွေကလည်း ကျောင်းမတက် သပိတ်မှောက်ဖို့ ဆုံးဖြတ်ကြတဲ့ အဖြစ်က ပညာရေး စနစ်၊ လူ့စွမ်းအား အရင်းအမြစ်တွေကို ပျက်စီးခြင်းတွေ စတင်ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။ အလားတူ ကျန်းမာရေးေစောင့်ရှောက်မှု ယန္တရားထဲက ဆရာဝန်တွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်၊ သင်တန်းတွေလည်း သပိတ်မှောက်ရာက ခုအခြေအနေမှာ ဖမ်းဝရန်းထုတ်၊ ဖမ်းဆီးဖို့ လိုက်လံရှာေဖွေ၊ ဆေးရုံတွေ မဖွင့်လှစ်နိုင်၊ ကျောင်းသားတွေ ကျောင်းမတက်ဖို့ ဆုံးဖြတ်နဲ့ လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှု စနစ်သာမက အနာဂတ်အတွက် မွေးထုတ်မှုကိုပါ စစ်အာဏာသိမ်းမှုက တိုက်စား ဖျက်ဆီးပြစ်လိုက်သလို ဖြစ်နေပါတယ်။

ဒါတွေက ထင်သာမြင်သာ ရှိတဲ့ အရာတွေကို ကောက်နှုတ်ရေးပြတာဖြစ်ပြီး ထင်သာမြင်သာမရှိတဲ့ လူတွေရဲ့ ဆန္ဒ၊ မျှော်လင့်ချက် ပျက်စီးမှု၊ စိတ်ဒဏ်ရာ ရမှုတွေက တိုင်းတာမရလောက်အောင် များပြားလှပါတယ်။

နောက်ဆုံးဥပမာတခုနဲ့ တင်စားရင် စစ်တပ်က တိုင်းပြည်နိုင်ငံရေးအာဏာကို ချုပ်ကိုင်လိုက်နိုင်တယ်လို့ သူတို့ယူဆရင်တောင် လူအများစုကြီးရဲ့ စိတ်နှလုံး ကိုတော့ ရွေးစေ့တစေ့မျှ မရခဲ့တာ သေချာပါတယ်။ ခု ပတ်ဝန်းကျင်မှာ ကြည့်လိုက်တိုင်း အဆောက်အဦ၊ ဝင်းခြံ နံရံတွေမှာ၊ မီးခလုပ်ရုံတွေမှာ၊ ဓါတ်တိုင်တွေမှာ၊ ကားလမ်းမကြီးတွေပေါ်မှာ စစ်အာဏာရှင် စနစ်၊ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆေးနဲ့ ရေးထားတာေတွေ ဖျက်လို့မကုန်နိုင် ဖျက်လို့ မဆုံးနိုင်တဲ့ သဘောရှိပါတယ်။

ခုခံမှု ၊ ဆန့်ကျင်မှုကို စိတ်ဓါတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ဝတ္တုပိုင်းဆိုင်ရာ အရ စစ်ကောင်စီက ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရ၊ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ဒီနေ့သတင်းတွေထဲမှာတင် မြင်းခြံမြို့နဲ့ ၇ မိုင်အကွာ တလုပ်မြို့ကို စစ်တပ်ကားတွေ သွားစီးနင်းဖို့ ကြိုးစားတာကို တူးမီးနဲ့ ဓါးနဲ့ ခုခံကြတယ်ဆိုတဲ့ အကြောင်း ဖတ်ရှုရပါတယ်။ အင်္ဂလိပ် ကိုလိုနီ နယ်ချဲ့ တွေမြန်မာပြည် အထက်ပိုင်း မန္တလေး ရတနာပုံနေပြည်တော်ကို သိမ်းပြီးနောက် ဆယ်စုနှစ် တခုကျော်ကြာသည်အထိ အနယ်နယ် အရပ်ရပ်က ပုန်ကန်သူတွေဟာ ရရာလက်နက် စွဲကိုင်ပြီး နယ်ချဲ့ကို တော်လှန်ခဲ့ကြပါတယ်။ သမိုင်းတွေထဲ ဝန်းသိုစော်ဘွားဦးအောင်မြတ်၊ ကျွံဘိ၊ ဗိုလ်မင်းရောင် စသဖြင့် နေရာဒေသ အသီးသီးမှာ ပေါ်ထွန်းခဲ့ဖူးပါတယ်။ ခုအဖြစ်အပျက်သည်လည်း အတိတ်က အဖြစ်အပျက်လို နိုင်ငံရေး ကို ထဲထဲဝင်ဝင် နားမလည်သော်လည်း ပြန်လည်ခုခံရမယ်ဆို အသက်ပေးမယ့် ဒေသခံတွေ က ရာနဲ့ချီတာကြောင့် စစ်ကောင်စီက ရက် ၁၀၀ ကြာသော်လည်း မအုပ်ချုပ်နိုင်သေးဘူး ဆိုတာ ထင်ရှားပါတယ်။

ရက် ၁၀၀ ဆိုတာဟာ မြန်မာပြည်သူတွေအတွက် နှစ်နဲ့ချီပြီးကြာမြင့်တဲ့ ကာလတခုလိုဖြစ်တယ်။ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တာတွေ မျော်လင့်ခဲ့တာတွေကို သည် ရက်ပေါင်း ၁၀၀ အတွင်း ပြိုပျက်သွားတယ်လို့ ဆိုနိုင်သလို နှစ်ပေါင်းများစွာ သွေးခွဲခံခဲ့ရတဲ့ အယူအဆတွေ သဘောတရားတွေကနေ လူတွေဟာ ရက်ပေါင်း ၁၀၀ အတွင်း သင်ခန်းစာတွေယူနိုင် ပြန်လည်စည်းလုံး လက်တွဲတိုက်ပွဲဝင်နိုင်တဲ့ တော်လှန်ရေးကို ဆင်နွဲလိုက်နိင်တယ်၊ ဆင်နွဲနေကြတယ်။ တပ်မတော်ရှိနေလို့ ပြည်ထောင်စုကြီး မပြိုပျက်တာ တိုင်းပြည်ကြိးကို ကာကွယ်ပေးနေတာဆိုတဲ့ အမျိုးသားရေးဂျင်း၊ သမိုင်းအစဉ်အလာဂျင်းကြီးတွေကို ဖယ်ရှားလိုက်တဲ့အခါ တပ်မတော်ကြီးဆိုပြီး စစ်အာဏာရှင်လူတန်းစားအစုအဖွဲ့ချည်း ကောင်းစားရေးအတွက် လုပ်ကြံသတ်ဖြတ်ဆောင်ရွက်နေတာကြောင့် တိုင်းပြည်ကြီးတခုလုံး နှစ်ပေါင်းများစွာ ပျက်စီးနေရတာဖြစ်တယ်ဆိုတာ သဘောပေါက်သွားကြပြီ ဖြစ်ပါတယ်။

သည်တော့ ဖက်ဆစ်တွေဆောင်းထားတဲ့ ပြည်သူ့တပ်မတော်ဆိုတဲ့မင်းသားမျက်နှာဖုံးအောက်က ဖက်ဆစ်ဘီလူးမျိုးဆက်တွေအကြောင်းကို အသုံးချခံနေရတဲ့တပ်မတော်သားတွေ အစတေးခံနေရတဲ့ တပ်ခေါင်းဆောင်တွေက အမြန်သဘောပေါက် အသိတရားဝင်ဖို့ လိုပါတယ်။ တိုင်းပြည်တပြည်လုံး သွေးချောင်းစီးတဲ့ ပြည်တွင်းစစ်မီးကြီးကို ရှောင်လွှဲချင်ရင် အဲသည်အမြင်မှန်ရတဲ့ တပ်မတော်သားတွေအားလုံးက ပြည်သူတွေနဲ့ အမြန် ပူးပေါင်း ရပ်တည်ဖို့လိုပါတယ်။ CRPH NUG NUCC PDF စတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နေတဲ့ဘက်ကို ဝင်ရောက် ထောက်ခံကြဖို့ လိုပါတယ်။ ပြည်သူလူထုက အောင်ပွဲပန်းတိုင်ကို အမြန်ဆုံး အရောက်ချီတက်နေကြပါပြီ။ နောက် ရက် ၁၀၀ မှာ ပြည်သူလူထုနဲ့အတူ ချီတက်လိုက်ပါဖို့အတွက် တပ်မတော်သားတွေအတွက် အချိန်ရှိပါသေးတယ်လို့ မျော်လင့်ပါတယ်။ ပထမ ရက် ၁၀၀ မှာ ပြည်သူနဲ့အတူ နိုင်ငံရေးဦးဆောင်သူတွေ၊ လက်နက်ကိုင်တိုက်ပွဲဝင်သူတွေ ၊ သပိတ်တိုက်ပွဲဝင်ရဲဘော်တွေ၊ CDM ဝန်ထမ်းတွေ၊ တစုတစည်း လက်တွဲရပ်တည် ချီတက်နေကြပါပြီ။ ပြည်သူဖက်ကဝင်ရောက်ရပ်တည်ဖို့ တပ်မတော်သားများအားလုံးအတွက် အနာဂတ် ရက် ၁၀၀ က စောင့်ကြိုနေပါကြောင်း။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar