Breaking News

လင်းလက်နွေဦး - ညောင်ပင်တစ္ဆေ ဝေလေလေ

Feb 3, 2021 - Launch of Red Ribbon Campaign prior to CDM Movement at Mandalay 500 Beds Hospital (Photo - Irrawaddy)

လင်းလက်နွေဦး - ညောင်ပင်တစ္ဆေ ဝေလေလေ

(မိုးမခ) မေ ၁၂၊ ၂၀၂၁

ကိုယ့်ပေါင်ကို လှန်ထောင်းရမှာပဲ။ ဒီနေ့မနက် အစောကြီး၊ ဆရာမတစ်ယောက်က ဖုန်းဆက်မေး ပါတယ်။ ကျွန်တော်တို့မြို့နယ်ရဲ့ စီဒီအမ်(CDM) အခြေအနေပေါ့။ ကျွန်တော်က ခေါင်းဆောင်တစ်ယောက်လို့ မပြောနိုင်ပေမယ့် အသက်အားဖြင့်၊ ဝါအားဖြင့် အကြီးဆုံးလိုဖြစ်နေလေတော့ သူတို့တတွေက တစ်ခုခုဆိုတိုင်း ကျွန်တော့်ကို မမေ့မလျော့ ရှိကြပါတယ်။ ‘ဆရာ တချို့က နန်း စီဒီအမ် ဖြစ်သွားပြီဆို’၊ ‘အစ်ကိုကြီး အဲဘက် မှာ အခြေအနေ ဘယ်လိုလဲ’၊ ‘ဆရာကြီး ပြီးတော့မှာလား’၊ ‘စီဒီအမ် ဘယ်လောက် ရှိသေးလဲ’၊ ‘ငွေကြေး ခက်ခဲနေတဲ့ ဝန်ထမ်းတွေ ရှိသေးလား’ စသဖြင့်ပေါ့လေ။ ဘာလိုလိုနဲ့ ကျွန်တော်ဟာ ပြန်ကြားရေးတာဝန်ခံ ကို ဖြစ်လို့။

ပြန်ကြားရေးဆိုလို့ ဟိုကောင် ‘ဇော်မဲလုံး’ကို ပြေးမြင်မိသေးတယ်။ ထတဲ့ပြီး စောက်ခွက် ဖြတ်ကန် ပစ်လိုက်တယ်။ ‘မအလ… မအလ’ ခြေထောက်ကို နာသွားတာပဲ။ အဲဒီကောင်တွေထက်တော့ သာပါတယ်။ စာရင်းနဲ့ ဇယားနဲ့ ပြုစုထားတာကို။ ‘အဲ့ ကျ ကျ’တို့ ‘ဘာသဘောနဲ့မေးတာလဲ’တို့ ‘ဥပဒေအရ’တို့ ‘သိကို မသိသေးတာ’တို့ ‘အသေးစိတ်တော့ မသိပါဘူး’တို့ ‘ရှင်းပြစရာအကြောင်း မရှိဘူး’တို့၊ ပြောစရာ မလိုဘူးပေါ့လေ။ လက်ပ်တော့ဖွင့် အိတ်ဇ်ဇဲလ်ဖိုင် ဖွင့်ပြီး ပြောလိုက်ရုံပါပဲ။ ဘယ်ဌာနက ဘယ်နှစ်ယောက်၊ ဘာရာထူးနဲ့ ဘယ်နှစ်ယောက်၊ အမာခံက ဘယ်မျှ၊ နောက်တိုးက ဘယ်ရွေ့ပေါ့လေ။

ကျွန်တော်တို့မြို့နယ်က တခြားသော မြို့နယ်တွေအောက် နောက်ကျတယ်။ ‘စီဒီအမ်’ဆိုတဲ့ အာဏာဖီဆန်မှုကို ကျန်းမာရေးဝန်ထမ်းတွေက စခဲ့တာနော်။ အမေစုနဲ့ နိုင်ငံခေါင်းဆောင်တွေ ဖမ်းဆီး ထိန်းသိမ်းခံရတာက ဖေဖော်ဝါရီ (၁)ရက်နေ့။ အဲ၊ နာယကကြီး ဦးဝင်းထိန်ကိုတော့ (၂)ရက်နေ့မှာ ဇိမ်ခံ ကားကြီးနဲ့ လာခေါ်သွားပါတယ်။ (၃)ရက်နေ့မှာတော့ တနိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေ၊ အတိအကျ ပြောရရင် မန္တလေး ကုတင် (၁၅၀၀)၊ ကုတင် (၃၀၀) သင်ကြားရေးဆေးရုံ၊ ကုတင်(၃၀၀) ကလေးဆေးရုံ၊ ကုတင် (၅၀၀)၊ ကုတင် (၅၅၀)၊ မန္တလေး အထွေထွေ၊ ပြည် ကုတင် (၅၀၀)၊ ရန်ကုန်အထွေထွေ၊ မြောက်ဥက္ကလာ၊ ကရင်ပြည်နယ် ပြည်သူ့ဆေးရုံ၊ စစ်ကိုင်း ပြည်သူ့ဆေးရုံ၊ ကျောက်ဆည်အထွေထွေ၊ ညောင်ဦး ကုတင်(၂၀၀)၊ မြဝတီ ကုတင်(၂၀၀)၊ ပြင်ဦးလွင် ကုတင် (၃၀၀)၊ လားရှိုး ကုတင်(၅၀၀)၊ ပဲခူး ကုတင်(၅၀၀)၊ နေပြည်တော် ကုတင်(၁၀၀၀)…. စသဖြင့်ပေါ့လေ၊ အာဏာဖီဆန်တဲ့အနေနဲ့ အလုပ်မသွား၊ ရုံးမတက်၊ တချို့များ အလုပ်ထွက်စာ တင်ပစ်ခဲ့ကြတယ်။

ကျွန်တော်တို့မြို့နယ်ကတော့ (၄)ရက်နေ့မှ RRC (Red Ribbon Campaign) လုပ်ဖြစ်တယ်။ ဝန်ထမ်းတွေ အကုန်နီးပါးပါပဲ၊ ရုံးရုံး ရုံးရုံးပေါ့လေ။ ကျွဲလို နွားလို ရုန်းမယ့်ကောင်တွေပဲ ကျန်နေခဲ့တယ်။ ဖဲကြိုးနီလှုပ်ရှားမှုမှာ ကျန်နေခဲ့သူက တကယ့်ကို လေးငါးခြောက်ယောက်ပါပဲ။ သူတို့က ‘နိုင်ငံရေး နားမလည် ဘူး’လို့ ပြောတဲ့သူတွေ၊ ‘ဘယ်မင်းတက်တက်’ဆိုတဲ့သူတွေ၊ အစိမ်းတွေပေါ့။ ကောင်းပါတယ်။ ဒီလူတွေက တကယ့်ကို အမာခံ နန်း စီဒီအမ်တွေ။ ပွဲစကတည်းက ပွဲဆုံးတဲ့အထိ အေးဆေးဂျီပီလုပ်နေတဲ့ သူတွေပါပဲ။ အမှတ်ရသေးတယ်၊ အဲဒီ (၄)ရက်နေ့မှာပေါ့။ ကျွန်တော်တို့ အကြီးပိုင်းတွေက ဆော်ဩလိုက်တယ် ဆိုရင်ပဲ၊ သက်ဆိုင်ရာ ယူနီဖောင်းတွေ အပြည့်အစုံဝတ်ဆင်ပြီး အသီးသီးရောက်လာကြတယ်။ အရင်နေ့၊ (၃)ရက်နေ့ က မြို့နယ်ဆေးရုံဝန်ထမ်းတွေက ဖဲကြိုးနီရင်ထိုးလေးတပ်ပြီး ဆေးရုံပေါက်၊ ဆိုင်းဘုတ်အောက်မှ စုပေါင်း ဓာတ်ပုံရိုက်ပြီးပြီတဲ့လေ။ မြို့နယ်ဆရာဝန်ကြီးကတောင် သူ့ကိုမခေါ်ဘဲ ရိုက်လို့ ဆူလို့ငေါက်လို့တဲ့။ ကျွန်တော် တို့ ဆရာကြီးက ‘အဟောက်သန်’တယ်။ ကြည့်ရတာတော့ တသွေး တသံ တမိန့်တွေ သွေးထဲ စီးဆင်းနေဟန် တူရဲ့။

ဒါကြောင့် လက်ထောက်ဆရာဝန်လေးတွေခမျာ ဆရာကြီးနဲ့ ဂရုပုံ ထပ်ရိုက်ရတယ်။ ဓာတ်ပုံရိုက်ပြီး တော့ ပြောတယ်တဲ့၊ 'ငါ့ပုံပါတာတော့ လိုင်းပေါ်မတင်နဲ့'တဲ့။ အွန်... ဘယ်လိုကြီးပါလိမ့်။ အဲနေ့၊ (၄)ရက်နေ့ မရောက်ခင်ကပဲ ကျွန်တော်တို့တတွေ ဖုန်းတွေ၊ ဘိုက်ဘာတွေနဲ့ အချင်းချင်း ဆက်သွယ်ပြင်ဆင်ရပါတယ်။ ဘယ်သူတွေ ပါဝင်လိုက်ပါမယ်၊ ဘယ်အချိန်၊ ဘယ်နေရာပေါ့လေ။ ဖဲကြိုးနီတွေ၊ တွယ်ချိတ်တွေ၊ အေဖိုးပေါ် ဖဲကြိုးနီတံဆိပ်တွေ ကြိုတင်ရေးထားကြတာပေါ့။ အကြီးတွေ၊ စီနီယာကြီးတွေ၊ ကျန်းမာရေးမှူးတွေက မနက် (၈)နာရီလောက်ကတည်းက ရောက်နှင့်တယ်။ မြို့နယ်ဆရာဝန်ကြီးဆီ သွားတယ်။ မြို့ပေါ်က သွားဆရာဝန် တစ်ယောက်က မနေ့ကတော့ မြို့ပေါ်အဖွဲ့နဲ့ ဓာတ်ပုံရိုက်ပြီးပြီ၊ နယ်အဖွဲ့မှာလည်း ပါမယ်ဆိုပြီး တခြား သွားဆရာဝန်တစ်ယောက်နဲ့အတူ ဆရာကြီးဆီ လိုက်ကူပေးတယ်။ ဆရာဝန်ကြီးအိမ်က အပေါက်ပိတ်ထား ပါ့လား။

ကားလည်း ရှိတယ်၊ ကိုယ်ပိုင်ဆေးခန်းမှာလည်း မရှိဘူးဆိုရင် အိမ်ထဲမှာပဲပေါ့၊ အတပ်သိကြတယ်။ 'ဆရာကြီး.... ဆရာကြီး' ခေါ်တယ်၊ မထူးဘူး။ သူငယ်ချင်းတစ်ယောက်က အသံပေးတယ်။ လှုပ်စိမရှိ။ ဒီတော့ သွားဆရာဝန်တစ်ယောက်ကနေ တံခါးခေါက်၊ နာမည်ခေါ်တော့မှ 'အိပ်မှုန်စုံမွှားကြီး'ထွက်လာတယ်။ ညက မွေးလူနာရှိလို့ မအိပ်ရသေးဘူး ဆိုလားပဲ။ ကျွန်တော်တို့လည်း တစ်ယောက်တစ်ပေါက် အကျိုးအကြောင်း ပြောလိုက်တော့ 'ကိုယ့်ဌာနရှေ့ ကိုယ်ရိုက်ပေါ့'လို့ ပြောလာတယ်။ ကျွန်တော်တို့က 'မြို့နယ်ကိုယ်စားပြုမို့ပါ' လို့ စောဒကတက်ကြည့်တယ်။ 'အေး... မြန်မြန်ရိုက်ပြီး မြန်မြန်ပြန်'လို့ ခွင့်ပေးလာတယ်။

ဒီလို တစုစု တရုံးရုံးပေါ့လေ၊ တမြို့နယ်စာ မရိုက်သေးခင် (ဟုတ်တယ်လေ၊ အဲတုန်းက ဓာတ်ပုံ ရိုက်ပြီး ဖေ့စ်ဘုတ်တင်ဖို့ အဓိက မဟုတ်လား) ကိုယ့်အုပ်စုနဲ့ကိုယ် ရိုက်ကြ၊ ပို့စ်ပေးကြပေါ့။ အကြီး အချင်းချင်း၊ အလတ်အချင်းချင်း၊ အငယ်အချင်းချင်းအပြင် ကိုယ့်ဖေးဘရိတ်နဲ့ကိုယ် တွဲရိုက်ကြတာရော။ အောင်မယ်... တချို့ဆရာမလေးတွေမှာ မော်ဒယ်အမှတ်နဲ့ ဂိုက်ပေးကြမ်းနေတုန်း၊ မျက်နှာကြီးမည်းမည်း မည်းမည်းနဲ့ ဆရာကြီး ရောက်လာတယ်။ 'ဘာလုပ်နေကြတာတုန်း'တဲ့။ ဟိုက်... ခုနမှ ခွင့်တောင်းလာတာ၊ ခုတော့ မေ့သွားပြီ ထင်ပါ့။ 'ဆရာကြီးပဲ....'၊ 'ငါက မင်းတို့ပဲ မှတ်လို့၊ ခုဟာက အကုန်လုံးပဲ'၊ 'ဘောမတွေ ကျန်ပါသေးတယ်'၊ 'ဘာကွ'၊ 'မြန်မြန် လူစုခွဲတော့'၊ 'ဓာတ်ပုံမရိုက်ရသေးဘူး ဆရာကြီး'၊ 'အာ့ဆို မြို့ဝင် ဆိုင်းဘုတ်မှာ သွားရိုက်'လို့ ပြောပြီး၊ ခဏမကြာပါဘူး၊ 'ဆေးရုံရှေ့ပဲ ရိုက်လိုက်တော့'လို့ ပြောသွားပါတယ်။

ကျွန်တော်တို့လည်း ဆရာ၊ ဆရာမတွေ အကုန်ခေါ်၊ အပြာ အနီတွေ စီ၊ ဆိုင်းဘုတ်တွေ ဝေပေး၊ ဓာတ်ပုံထဲ လူအကုန်ပါအောင် အမြန်စီစဉ်ရပါတယ်။ လူစီ၊ ဓာတ်ပုံ ရိုက်တယ် ဆိုရင်ပဲ၊ ကားလမ်းပေါ်က ကားတွေ၊ ဆိုင်ကယ်တွေ အကုန်ရပ်ပြီး ဟွန်းတွေတီး၊ ဖုန်းတွေထုတ် ဓာတ်ပုံတွေ ရိုက်၊ လက်ခုပ်ဩဘာသံ တွေလေ၊ ခုထိ ကြားယောင် မြင်ယောင်နေဆဲ။ ကြက်သီးမွေးညှင်းတောင် ထတယ်။ ပြီးတာနဲ့ ဝန်ထမ်း အငယ်တွေကို ပြန်လွှတ်လိုက်ပါတယ်။ ကျွန်တော်တို့ အကြီးတွေကတော့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဆိုင်မှာ စုကြ ဝေးကြအုံးမယ်။ တစ်ထွာတစ်မိုက်ဉာဏ်ကလေးတွေ ဆင့်ကာ စီကာ ဆန့်ထုတ်ရပါဦးမယ်။ တချို့ ဆရာတွေ ဆရာမတွေက ဖဲကြိုးပဲ နီမယ်၊ တာဝန် ဝတ္တရားတွေကို လုပ်မြဲတိုင်း ဆက်လုပ်မယ်တဲ့။ ဖဲကြိုးနီက အာဏာရှင် ဆန့်ကျင်တာပဲ၊ အာဏာရှင် ခိုင်းစေတာတွေကို ဆန့်ကျင်မယ်လို့ ပြောကြတယ်။ ကျန်းမာရေး ဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လုပ်မယ်၊ ဘဏ်ဝန်ထမ်းတွေက ဘဏ်လုပ်ငန်းတွေ ဆက်လုပ်မယ်၊ မီးရထားဝန်ထမ်းတွေကလည်း …. စသဖြင့်ပေါ့လေ၊ ဝန်ထမ်းတိုင်းက ဆက်လက်ပြီး ထမ်းဆောင်နေဦးမယ်ဆိုရင်…. စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားကို အစပျိုးပေးတာ၊ လည်ပတ်စေတာပဲ မဟုတ်လား။

တချို့ဝန်ထမ်းတွေက ဖဲကြိုးနီလေး ရင်ထိုးထားရုံနဲ့ အာဏာရှင်ဆန့်ကျင်ရေး ဖြစ်မြောက်ပြီလို့ ယူဆ ကြရင်၊ မအလ အပေါင်းအပါတွေက တရင်ဘတ်လုံး တပ်ထားကြလို့ အားပေးနေပါလိမ့်မယ်။ (ကန်တော့ပါရဲ့) မုဒိန်းအကျင့်ခံရတာကို ‘မလုပ်ပါနဲ့ရှင်… ရှိကြီးခိုးပါရဲ့’လို့ တောင်းပန်နေတာလောက်တောင် အဆင့်မရှိပါဘူး။ လက်ကလေး တကာကာ၊ ခေါင်းလေး တရမ်းရမ်း၊ ထမိန်စလေး ဆွဲ ဆွဲချနေတာနဲ့ တူနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အကြီးပိုင်းတွေကတော့ အာဏာဖီဆန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီအချိန်၊ SP က ဖုန်းဆက်၊ ဆရာကြီးက ဖုန်းဆက်ပေါ့လေ။ ကျွန်တော်တို့ထဲက သွားဆရာဝန်တစ်ယောက်ကိုပဲ ဆက်တာပါ။ အဲဒီဖုန်းနဲ့ ကျွန်တော်တို့ကို ဆဲလိုက် ငေါက်လိုက်ပေါ့။ ကျွန်တော်တို့ကို ရုံးခန်းခေါ်တယ်၊ မသွားကြဖို့ ဆုံးဖြတ်ကြတယ်။ ‘မင်းတို့ သုံးယောက်ကို တသက်မကျေဘူး’တဲ့။ ကျေပါတယ် မအေးစိန်…ရယ်။ အဲ… ကန်တော့ ကန်တော့၊ ကျေပါတယ် ကိုအေးစိန်ရယ်။

ကျွန်တော်တို့ အကြီးပိုင်းတွေကတော့ ပြတ်သားတယ်၊ အောက်က အငယ်တွေကတော့ တစ်ယောက် တစ်ပေါက်ပေါ့လေ။ တစ်ယောက်မှာ တစ်ပေါက်သာ ပါးစပ်ပါလို့၊ မဟုတ်ရင်တော့ (၇)ရက်နေ့ အစည်းအဝေး လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါနဲ့၊ ဌာနတစ်ခုမှာ စပြီး အစည်းအဝေးလုပ်ပါတယ်။ မအလ ဆန့်ကျင်ရေး၊ အာဏာရှင် ဆန့်ကျင်ရေး အစည်းအဝေးတစ်ရပ်ပေါ့လေ။ နေရာတွေ ဟိုကို ရွေး၊ ဒီကို ရွေးနဲ့ နောက်ဆုံး ဌာန တစ်ခုရတယ်။ အဲဒီမှာလည်း တာဝန်ခံဆရာက မွေးနေ့ပွဲ ခေါင်းစဉ်နဲ့ အစည်းအဝေးလုပ်ကြတာပါ။ အစည်းအဝေးမှာ ပါဝင်လှုပ်ရှားမယ့်သူတွေရဲ့ စာရင်း ကောက်ထားဖို့၊ မြို့နယ်က ဖုန်းခေါ်ရင် မကိုင်ဖို့၊ အစည်း အဝေး၊ သင်တန်း မတက်ဖို့၊ မိမိဌာနမှာပဲ နေပြီး ကိုယ်ပိုင်ဆေးခန်းဖွင့်ဖို့၊ အလုပ် မလုပ်တဲ့အတွက် လစာ မထုတ်ဖို့လည်း ပါပါတယ်။ နောက်ပြီး တစ်ပတ်တစ်ကြိမ် တစ်နေရာရွေ့ပြီး အစည်းအဝေးလုပ်ကြမယ်ပေါ့။

စည်းဝေးဆုံးဖြတ်ချက်တွေ မှတ်တမ်းတင်၊ လက်မှတ်ထိုးကြပြီးတဲ့အချိန်လေးမှာပဲ၊ ဖုန်းတစ်ကော ဝင်လာပါတယ်။ သူငယ်ချင်းဖြစ်သူက အသံတွေအားလုံးငြိမ်ဖို့ လက်ဟန်ပြလိုက်ပါတယ်။ ‘ဟုတ်ကဲ့… ဟုတ်ကဲ့’လို့ ပြန်ဖြေသံတွေ၊ ‘သိပါတယ် ဆရာကြီး’ လို့ ပြန်ပြောနေတာတွေကြောင့် မြို့နယ်ဆရာဝန်ကြီးနဲ့ ဆိုတာကို ရိပ်စားမိကြပါတယ်။ သုံး လေးမိနစ်လောက်ပါပဲ၊ တစ်ဘက်က ဖုန်းချသွားတယ်။ သူငယ်ချင်း ဖြစ်သူက ကျွန်တော်တို့လူစုရှိရာ ပြန်လာပြီး ရက်ကောဒီးကို ဖွင့်ပြတယ်။ ‘ငါလည်း လုပ်ပြီကွာ… ဘာလုပ်တာ လဲ ဆရာကြီး… ဟ စီဒီအမ်ပေါ့ကွ… မနက်ဖြန်စပြီ… ဟုတ်ကဲ့ ဆရာကြီး… မင်းလည်း ငါ့အကြောင်း သိသားနဲ့ကွာ… ဘာညာသာရကာပေါ့လေ’ …။ ကြားရသူ အားလုံးခမျာ… ဟေး… ဝေး…. လို့ ဝှဲချီးပေးကြပါတယ်။ အားတက်သွားတာပေါ့၊ ကျွန်တော်တို့ အကြောက်ဆုံးက ‘နီးရာ ဓားပဲ’မဟုတ်လား။

ရောက်လာသူတွေက သူငယ်ချင်းတွေ၊ ကျန်ခဲ့သူတွေဆီ ဖုန်းတွေ ဆက်ကြပေါ့။ ‘ဒို့ဆရာကြီးက ဦးဆောင်ပြီ… စီဒီအမ်လုပ်တယ်’ပေါ့လေ။ အရင်က ဂန္တဝင်စိမ်းတချို့၊ ဖဲကြိုးနီရုံပဲဆိုတဲ့သူတွေလည်း ‘ဒို့လည်း လိုက်မယ် ချန်မထားနဲ့’ဖြစ်လာပါတယ်။ ဒီလိုနဲ့ စီဒီအမ်စာရင်းဟာ အယောက်(၆၀)ကနေ တဖြည်းဖြည်း တိုးလာတယ်ပေါ့။ ‘ဆရာကြီး ပါလား… ပါတယ် ပါတယ်’ပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့က ‘သုမနကျောမှာ ဒဏ်ရာတွေနဲ့’မို့ မနက် ဆေးရုံဖွင့် မဖွင့် အထောက်တော်တွေနဲ့ စောင့်ကြည့်ခိုင်းထားပါတယ်။ မနက်ပိုင်း၊ သူ့ ဆေးခန်းတော့ မဖွင့်ဘူး၊ ဆေးရုံမှာတော့ ပြင်ပလူနာဌာန ဖွင့်သတဲ့။ ဘာလဲ…၊ စီဒီ မအမ်တော့ဘူးလား။ ဆေးရုံမှာ လက်ထောက်ဆရာဝန်တစ်ယောက်မှ မရှိတဲ့အပြင် ဝန်ထမ်းတချို့လည်း ‘အမ်’သွားလေတော့၊ ပြင်ပလူနာဌာနတော့ ဖွင့်ပေးရသတဲ့။ အတွင်းလူနာတော့ အသစ်မတင်တော့ဘူးတဲ့။ မန္တလေးဆေးရုံတွေဆီပဲ လွှဲပေးသတဲ့လေ။ ဒါနဲ့၊ ကျွန်တော်တို့ဆရာကြီးဟာ ‘အမ်’သလိုလို၊ ‘မအမ်’သလိုလိုပေါ့လေ။

အသည်းမာတဲ့သူတွေကတော့ ဘယ်နှစ်ယောက်သေသေ၊ ဘယ်သူတွေ ဘာတွေဖြစ်ဖြစ် မာလျက် ပါပဲ။ ကျွန်တော်တို့ စီဒီအမ်တွေဆီကို တချို့သောသူတွေလို ‘ပါလို့ရသေးလား’လို့တောင် မမေးကြတဲ့သူတွေ ပါ။ တချို့က ‘ဆရာကြီး ပါလား’လို့ မေးတတ်ကြတယ်။ ကျွန်တော်တို့ကလည်း ‘ကိုယ့်ဘာသာ မေးကြည့်’လို့ ပြောနေရတယ်။ သူတို့ကတော့ လုံးဝအေးဆေးသမားတွေ… ဆယ်ယောက်လောက်ရှိတယ်။ ထားပါတော့၊ တချို့က စစ်ဗိုလ်သားသမီး၊ စစ်ဗိုလ်အမေ၊ စစ်ဗိုလ်ကတော်စတဲ့ စစ်မျိုးစစ်နွယ်မို့ စိမ်းနိုင်ကြတယ်။ ဒါပေမယ့် တချို့များ ယောင်ယောင်မှားမှား၊ (သည်းခံပါ) စစ်ဂွေးနံ့တောင် မရှူဘူးဘဲနဲ့ စိမ်းရက်လေအားတာလဲပေါ့။ ဘယ်လိုနည်းနဲ့များ တစ်ချက်တည်း ကျွင်းဝင်သွားပါလိမ့်နော်။ မြန်မာပြည်မှာ စစ်တပ်ကပေးတဲ့ ကောင်းကျိုး မူးလို့ရှူစရာတောင် မရှိတာကိုနော်။ ဒါပေမယ့် ရန်သူပင် ဖြစ်လင့်ကစား၊ သစ္စာစောင့်သိပုံကို လေးစားရသေး တယ်။

စောက်သည်းအပေါက်ဆုံးကတော့၊ ‘ကျွန်တော် ဝင်ချင်လို့၊ ကျွန်မ ပါအုံးမယ်’ ဆိုပြီး အူယားဖားယား ပြေးဝင်လာသူတွေပဲ။ ‘အမ်’ချင်ရင် မိမိဆန္ဒအလျောက် အာဏာဖီဆန်ပါသည်ဆိုပြီး လက်မှတ်ထိုးရမယ်ဆိုလို့ လှန်သွားသူတွေလည်း ရှိသေး။ ကျွန်တော်တို့က အမည်၊ ရာထူး၊ ဌာန၊ မှတ်ပုံတင်၊ လက်မှတ်နဲ့ အတိအကျ စာရင်းကောက်ထားတာကိုး။ ဒါပေမယ့် လစာထုတ်ရက်မှ ဇာတ်လမ်းစတော့တာပဲ၊ တချို့က လစာသွားထုတ် ကြတယ်၊ မပြောမဆိုနဲ့။ ဒီတော့ ဆွေးနွေးတိုင်ပင်ပြီး ‘လစာထုတ်နိုင်တယ်၊ ဒုတိယအကြိမ် ကာကွယ်ဆေး မထိုးရ’ ဆိုတာနဲ့ လေးငါးခြောက်ယောက် ‘နန်း’သွားတယ်။ မြို့နယ်ရုံးကလည်း မတ်လစာထိ ထုတ်ပေးမယ်။ ဧပြီလစာကိုတော့ အလုပ်ဝင်မှ ထုတ်ပေးမယ်လို့ ကြေငြာလိုက်တော့ လေးငါးခြောက်ယောက် ‘နန်း’သွားပြန် တယ်။ အခု တတိယအကြိမ်စာထုတ်တယ်တဲ့၊ လေးငါးခြောက်ယောက် ထွက်သွားတယ်။

ဂန္တဝင်စိမ်းတွေက လူအင်အားနည်းရှာလို့လား၊ အထက်က တာဝန်ပေးချက်အရလား မသိပါဘူး၊ နှီးနွယ်ရာတွေကို ဖုန်းတွေဆက်၊ မက်ဆေ့တွေပို့ စည်းရုံးနေသတဲ့။ ‘ဒို့က ပြည်သူ့အစိုးရတက်လည်း နံနံရေး နားလည်ဘူး’လို့ ပြောမှာ၊ ‘ညည်းတို့က အဖမ်းခံမှာ’တဲ့လေ။ ဟုတ်တော့ ဟုတ်သလိုပဲ၊ ဟို စစ်ခွေးဆိုတာတွေ ကလည်း ခွေးရူးတွေကိုး၊ ဘာမှ ထောက်ထားမှာ မဟုတ်ဘူး’ဆိုပြီး ပြန်ဝင်သွားကြသူတွေ ရှိတယ်။ စီဒီအမ် ထောက်ပံ့ငွေဆိုတာကလည်း ကိုယ့်မြို့နယ်က အလှူခံပေးတဲ့ သုံးလေးသောင်းလောက် တစ်ခါပဲ ရဖူးတာဆို တော့ တချို့က ဆေးဖိုးလိုလို့၊ ငွေကြေးခက်ခဲလို့ဆိုတဲ့ အကြောင်းပြချက်တွေ ပေးလာပါတယ်။

မနက်က ဆရာမလေးကတော့ ပြောရှာပါတယ်၊ ‘ကျွန်မတို့ စဖွဲ့တုန်းက အမာခံ (၆၀)ထဲကတော့ မပါဘူး မဟုတ်လား’တဲ့။ ဟုတ်တယ်ဗျ၊ စီဒီအမ် စလုပ်သင့်တယ်လို့ ကိုယ့်ဘာသာနားလည်လုပ်ဆောင်နေတဲ့ (၆၀)ကတော့ လှုပ်စိမရှိဘူး။ ဟိုလိုလို ဒီလိုလို ဝေလေလေသမားတွေပဲ ညောင်ပင်ကြီးပေါ် တစ်ကိုင်းပြီး တစ်ကိုင်း ကူးနေတာကိုး။

လင်းလက်နွေဦး
၉.၅.၂၀၂၁ ညနေ ၃နာရီ ၁၁မိနစ်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar