Breaking News

မေ ၉၊ ၂၀၂၁ တွင် ကျဆုံးခဲ့သော ကဗျာဆရာ ခက်သီအတွက် ဂုဏ်ပြုကဗျာများ- အောင်ဝေး၊ မြစ်အောင်

Art- Than Htay Maung


ခက်သီ
အောင်ဝေး


ရွှေဘိုမှာ
"ခက္ခ" ဆိုတဲ့
ရွာတစ်ရွာရှိတယ်။

ရွှေဘိုမှာ
"ခက်သီ" ဆိုတဲ့
ကဗျာဆရာတစ်ယောက်ရှိတယ်။

ခက်သီ
ရဲဘော်
ညီလေး
နွေဦး
တော်လှန်ရေး
သူရဲကောင်း
ကြယ်နီ။

မင်းနာမည်ကို
"အလောင်းဘုရားဦးအောင်ဇေယျ" လို့
ငါပေးလိုက်တယ်။     ။

(ပုလဲဇာတိကဗျာဆရာခက်သီ မေ ၉၊ ၂၀၂၁၊
မုံရွာဆေးရုံတွင်၊ ဖက်ဆစ်တို့လက်၌ ကျဆုံးသည်)

(မေ ၉၊ ၂၀၂၁)

...

ခက်သီ
မြစ်အောင်

ပုလဲကေန 
ရွှေဘိုအိမ်ရောက်လာတိုင်း
ဆီပုံးကြီးဆွဲဆွဲလာတတ်တယ်။
သူက
လက်ဖျံရိုးတချောင်းထဲရှိတဲ့စိတ်နဲ့။
သူက
ရေတံခွန်လိုအားကောင်းမောင်းသန်တယ်။
သူက
ကလေးတွေအတွက်အဖော်ကောင်းလဲဖြစ်တယ်။
သူက
လူကြီးတွေအတွက်အဆွေခင်ပွန်းကောင်းဖြစ်တယ်။
သူက
အဖျားသွေးဝင်နေတဲ့ချစ်သူတစ်ဦးပဲ။
သူက
အဝေးမြို့ကကြယ်။
ကိုခက်သီရေ
ဒါးဆီစက်ပိုင်ရှင်ကြီးရေ
ဒါးလို 
တလက်လက်မာကျောထက်မြခဲ့ပုံပေါ့။
ပြောပြရဦးမယ်
သည်တခါရွှေဘိုလာတော့
သူ့မှာ ဆီပုံးပါမလာဘူး။
အဲ့ဒါနဲ့ပဲ 
သူ့အသက်ကို ဆီလိုကြိတ်ပြီး
ရွှေဘိုကိုပေးခဲ့သတဲ့။ ။
...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar