မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၈ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၈ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မေ ၂၈၊ ၂၀၂၁မေလ ၅ ရက်နေ့က PDF တပ်မတော် ဖွဲ့စည်းကြောင်း ကြေညာတယ်။ မေ ၁၆ ရက်မှာတော့ ဖွဲ့စည်းပုံတွေနဲ့ ချိတ်ဆက်သတင်းပို့ဖို့ ညွှန်ကြားတယ်။ မေ ၂၆ မှာ ပီဒီအက်ဖ်တပ်မတော်သားတွေ အရေးပေါ်လိုက်နာရန်စည်းကမ်းတွေ ထုတ်ပြန်တယ်။ အကြမ်းဖက်သတ်ဖြတ်ခြင်း၊ လူထုအဆောက်အအုံကို ဖျက်ဆီးတိုက်ခိုက်ခြင်း မလုပ်ကြောင်း ထုတ်ပြန်တယ်။ မေ ၂၈ မှာတော့ ပီဒီအက်ဖ်၏ ပထမဆုံး စစ်သင်တန်းဆင်းပွဲ ပြုလုပ်တယ်။ ဆိုတော့ မေ ၂၈ မတိုင်ခင်က အောက်ခြေမှာ သင်တန်းတွေ တက်ထား၊ လေ့ကျင့်ထား၊ စုဖွဲ့ထားတာတွေ မြို့ရွာတွေမှာ ဒေသအလိုက်အခြေစိုက်လှုပ်ရှားနေတာတွေ တိုက်ပွဲဝင်နေတဲ့ ပြောက်ကြားတပ်တွေအပြင် တပ်ရင်းတပ်ဖွဲ့အလိုက် တပ်ဖွဲ့စည်းပုံနဲ့ စုစည်းထားတဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာမယ်လို့ ခန့်မှန်းနိုင်ပါတယ်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ် (ကယား)တွေမှာ လူထုအင်အားနဲ့ စုဖွဲ့ထားတဲ့ ပီဒီအက်ဖ်အဖွဲ့မျိူးစုံဟာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေရင်းကနေ ပြည်သူလူထု၏ ထောက်ပံ့ကူညီအားပေးမှုတွေကြောင့် ပိုပြီး စိတ်ဓာတ်အင်အား လူအင်အား လက်နက်အင်အား ချိတ်ဆက်အင်အားတွေ ကောင်းလာပါတယ်။ အဲသည် လူထုအခြေပြု ရပ်ရွာအခြေပြု PDF တွေ လုံခြုံရေးအဖွဲ့တွေကို ဝိုင်းဝန်းတဲ့ဆီမှာ NUG နဲ့ CRPH တို့၏ ကိုယ်စားလှယ်တွေ အဆက်အသွယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲသည်နောက်ပါးမှာ မြို့ကြီးတွေ မြို့နယ်တွေမှာ မြို့ပေါ် ပျောက်ကြားစစ်ဆင်ရေးတွေ တဖွဲဖွဲ တိုးပြီး ဖြစ်လာတယ်။ ဗုံးပေါက်တာတွေအပြင် စစ်ကောင်စီလက်ပါးစေတွေ စစ်ကောင်စီဖက်ဆစ်တပ်သားတွေကိုပါ လုပ်ကြံသတ်ဖြတ် တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်မြင်လာရတယ်။ အမျိူးသားညီညွတ်ရေးအစိုးရထုတ်ပြန်သလိုမျိုး တော်လှန်ရေးတပ်သားတွေက ပြည်သူကို ရန်မမူဘူးဆိုရင် ပြည်သူတွေကို ရန်မူ သတ်ဖြတ် လက်စားချေနေတာက စစ်ကောင်စီ၏ ဖက်ဆစ်တပ်တွေပဲ ဖြစ်တယ်ဆိုတာ သေချာနေပြီ ဖြစ်ပါတယ်။ ဘာကြောင့်ဆိုတော့ စာသင်ကျောင်းတွေ မီးရှိူ့ခံရတာ လူထုတွေကို အိမ်တွေမှာ လမ်းပေါ်မှာ လိုက်လံဖမ်းဆီး ရန်မူနေတာတွေ ဆက်ရှိနေပြီး သည်လက်သည်ဟာ တော်လှန်ရေးသမားတွေမဟုတ်ရင် စစ်ကောင်စီဖက်ဆစ်နဲ့ သူတို့ အလိုတော်ရိ တန်ပြန်တော်လှန်ရေးအုပ်စုတွေ ဖြစ်တယ်လို့ ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ကို ခုထိ လူတွေက အဓိကဆက်သွယ်ရေးကိရိယာအဖြစ် သုံးစွဲနေကြတော့ တော်လှန်ရေးအင်အားစုတွေကော စစ်အုပ်စုနဲ့ ဒလန်တွေကလည်း ပြည်သူတွေကို ဖေ့စ်ဘွတ်ကို ဝါဒဖြန့်ချိရေးအသုံးချကြပါတယ်။ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတော့ အပြန်အလှန် ပြစ်တင်တာတွေ စွပ်စွဲတာတွေအပြင် သတင်းမှားတွေ စိတ်ဓာတ်စစ်ဆင်ရေးတွေလည်း အများအပြား ထုတ်လွှင့်နေကြတယ်။ အမေရိကန်အခြေစိုက်ဖေ့စ်ဘွတ်က စောင့်ကြည့်ရေးဆင်ဆာအဖွဲ့ကလည်း မြန်မာတွေ တင်တဲ့ ပို့စ်တွေကို ဖြတ်တောက်တာ၊ ပိတ်ပင်တာ၊ ကန့်သတ်တာတွေ အတော်ကို ပြင်းပြင်းထန်ထန်လုပ်လာတယ်။ ပြသနာက တော်လှန်ရေးဘက်က ဝေဖန်ပြောဆို လှုံဆော်သူတွေကို ဖေ့စ်ဘွတ်က ပိတ်ပစ်တာတွေ အတော်များလာတယ်။ သည်လူတွေက ကိုယ်ပိုင်အကောင့် ပရိုဖိုင်းအမှန်နဲ့ တင်နေတဲ့သူတွေ ဖြစ်တယ်။ သတင်းဆောင်းပါး အာဘော်ရေးသူတွေကိုပါ ဖေစ့်ဘွတ်က community standard နဲ့ မညီဘူးဆိုပြီး ပိတ်ပင်တာ လုပ်လာတာ တော်တော်ရုပ်ဆိုးတယ်။ ဥပမာ - မောင်မောင်စိုး အမည်နဲ့ နိုင်ငံရေးဆောင်ပါးရှင်ဟာ သူ့စကား သူ့စာကို တာဝန်ယူ နာမည်ခံပြီး စာရေးနေတာကိုတောင် ဖေ့စ်ဘွတ်ကသတိပေးတာ ကန့်သတ်တာလုပ်တယ်လို့ ကာယကံရှင်ကိုယ်တိုင်က ထုတ်ရေးရတဲ့အထိ ဖြစ်လာတယ်။ စစ်ကောင်စီဖက်က အကောင့်အတုတွေ အကောင့်ပုန်းတွေနဲ့ အကြီးအကျယ် ဝါဒဖြန့် သတင်းမှား သတင်းလိမ် စစ်ပွဲဆင်နေတာကိုတော့ ဖေ့စ်ဘွတ်က မတားနီုင်ပါဘူး။
အခု သည်အခြေအနေမှာ လူတွေက သတင်းဌာနတွေက သတင်းတွေ ဆောင်းပါးတွေကို တိုက်ရိုက် လေ့လာဖတ်ရှုတာကို မလုပ်ကြဘဲ သူတို့လိုက်ခ်လုပ်ထားတဲ့ ထပ်ဆင့်ရှယ်သူတွေ ထပ်ဆင့်ရှယ်တဲ့စာမျက်နှာတွေက တဆင့်တင်လာမှ တခုတ်တရဖတ်ကြ မှတ်ကြ ကော်မင့်တွေ ပေးကြ လှုပ်လာကြလေ့ရှိပါတယ်။ မူရင်းသတင်းနဲ့ အချက်အလက်တွေနောက်မလိုက်ပဲ sensation ဖြစ်တဲ့ sexy ဖြစ်တဲ့ - သွေးထိုးလှုံဆော် ဆေးထိုးထားတဲ့ ပို့စ်တွေလိုမျိုးမှ ဖတ်ချင် အုံချင်တာမျိုးတွေ ဖြစ်နေတဲ့ မြန်မာဖေ့စ်ဘွတ် အမှန်တကယ်သုံးစွဲသူ ပရိသတ်ကြီးလည်း ကိုယ့်ဖာသာကိုယ်ဆင်ခြင်သင့်တယ်လို့ ထောက်ပြချင်ပါတယ်။ တော်လှန်ရေးကာလ တိုက်ပွဲကာလမှာ ဖေ့စ်ဘွတ်က တလွဲဝါဒဖြန့်သမားတွေ မောင်းနှင်လိုက်တဲ့ ညွန်ကြားပြသလိုက်တဲ့ လမ်းကြောင်းတွေကနေ အမှားဘက် လုပ်ကြံသတင်းတွေဘက် ပြည်သူတွေ ရောက်သွားရင် အတော်ကို ရင်လေးစရာ ကောင်းပါတယ်။ ပီဒီအက်ဖ် တိုက်ပွဲသတင်း အကျအဆုံးသတင်းတွေ လုပ်ကြံသတ်ဖြတ်မှုသတင်းတွေ ဖမ်းဆီးနှိပ်စက်မှုသတင်းတွေမှာ တန်ပြန်တော်လှန်ရေးသမားတွေကနေ ဆိုက်ဝါးလုပ်ပြီး လူထုကို တွေဝေအောင် လုပ်နေတာတွေ ရှိတယ်လို့ ထောက်ပြသူတွေက ထောက်ပြနေပြီ ဖြစ်ပါတယ်။
ဥပမာ တခု ပြရရင် - တလောက ဒေါက်တာဆာဆာက မြန်မာ့အရေးမှာ အငြင်းပွားဘွယ်ဖြစ်တဲ့ လူတဦးကို သူ့ဝန်ကြီးရုံးက ဒါရိုက်တာအဖြစ် ခန့်ကြောင်း ကြေညာတယ်။ ဒေါက်တာဆာဆာ့ဖေ့စ်ဘွတ်ပို့စ်အစစ်အမှန်ပါ။ ချက်ခြင်းပဲ တော်လှန်ရေးဘက်က လှုပ်ရှားသူတွေ နယ်ပယ်ထဲမှာ ကန့်ကွက်သံတွေ ပြစ်တင်သံတွေ တက်ချလာတယ်။ မိုးမီးလောင်တယ်ပေါ့။ အဲသည်အချိန် ဒေါက်တာဆာဆာပို့စ်အောက်က ကော်မင့်တွေမှာ ဒေါက်တာဆာဆာ သည်လူကို ရွေးချယ်တာ မှန်ကန်ကြောင်း သင့်မြတ်ကြောင်း အလွန်ကို ကြည်ညိုမိပါကြောင်း ကွန်မင့်တွေ ရာနဲ့ချီတက်တယ်။ သောင်းချီပြီး လိုက်ခ်တယ်၊ ရှယ်ကြတယ်။ တမင်သက်သက် ဆေးဝင်ထိုးတဲ့ ကော်မင့်တွေလုပ်တာပေါ့နော်။ ၃ နာရီအတွင်းမှာ ဒေါက်တာဆာဆာက ခုနင်က အငြင်းပွားဘွယ်ဒါရိုက်တာခန့်အပ်ကြောင်း ပို့စ်ကို ဖြုတ်ချလိုက်ပါတယ်။ သူပြန်ရုတ်သိမ်းလိုက်တယ်ပေါ့။ ဂယက်ထ ကျန်ရစ်တာကတော့ ဒေါက်တာဆာဆာခန့်တဲ့ ဒါရိုက်တာကို ကွန်မင့်သောင်းချီထောက်ခံသော်လည်း ဒီမိုဘက်တော်သားအချို့က ကန့်ကွက်လို့ ဖြုတ်ချလိုက်ရတယ်ပေါ့။ အဲသည်လို အဖြစ်အပျက်တခုအပေါ်ကိုမူတည်ပြီး ပရိသတ်ကို ဝေဝါးသွားအောင် ပြောကြ တင်ကြ ဆိုကြတာတွေ တွေ့နေရတယ်။ အဲသည်ကော်မင့်တွေ ပို့စ်တွေဟာ ပရိုဖိုင်းအစစ်အမှန်နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ပို့စ်တွေလည်း မဟုတ်ဘူး။ သို့သော် သတင်းမှား သတင်းလွဲတွေ ကောက်ချက်အမှား သဘောထားအတုအယောင်တွေ ပြည်သူတွေထဲ ရောက်ဖို့ တဖက်က အစွမ်းကုန် ကြိုးစားတယ်၊ ဒါကို မသိတဲ့ပရိသတ်ကိုယ်တိုင်ကလည်း အဟုတ်မှတ်ပြီး ယုံတတ်ကြတယ်လို့ ဥပမာပေးတာပါ။
မြန်မာနွေဦးတော်လှန်ရေးဟာ ရက် ၁၀၀ ကျော်ခဲ့ပါပြီ။ သိပ်မကြာခင် ၄လမြောက် ရက်ပေါင်း ၁၂၀ကို ရောက်ပါတော့မယ်။ သည် ၂၁ ရာစု တော်လှန်ရေးမှာ သင်ကြားစရာ လေ့လာစရာ အသစ်အဆန်းတွေ သမိုင်းပုစ္ဆာတွေ ပဟေဠိတွေ အဖြေတွေ တွက်နည်းသစ်တွေ အများကြီးပါပဲ။ ဖြတ်သန်းခဲ့တဲ့ အတိတ်သမိုင်းကို နှိုင်းယှဉ်သုံးသပ်စရာတွေလည်း မနည်းလှပါဘူး။ မဆုံးနိုင်သေးဘူး။ ပေးဆပ် စွန့်လွှတ် စွန့်စား ဆုံးရှုံးအနစ်နာခံရတာတွေ သွေးတွေ ချွေးတွေ မျက်ရည်တွေ တနှံ့တလျားပါပဲ။ မှတ်တိုင်တွေ မော်ကွန်းတွေ အောင်မြင်မှုအဆင့်ဆင့်တွေ ခံစစ်စည်း အထပ်ထပ်တွေလည်း အများကြီးနဲ့ပဲလို့ တွေးမိပါတယ်။ စိန်ခေါ်မှုတွေလည်း တခုပြီး တခု ရှိနေပါတယ်။ သည်အချိန်နဲ့ သည်အခြေအနေဟာ နောက်ဆုတ် ဒူးထောက် တွေဝေ ခေါင်းငုံ့ အညံ့ခံရမယ့်အချိန်မဟုတ်ဘူး အခြေအနေမဟုတ်ဘူးဆိုတာ ပြည်သူတရပ်လုံးက ခိုင်ခိုင်မာမာ စွဲမြဲခံယူနေဆဲဖြစ်တာ ဂုဏ်ယူစရာ အလေးပြုစရာ ဖြစ်နေပါတော့တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar