မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၉ ရက် မြောက်နေ့ မြင်ကွင်း

Art work Credit

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၉ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မေ ၂၉၊ ၂၀၂၁စစ်ကောင်စီအာဏာသိမ်းပြီး ၄ လပြည့်ဖို့ ရက်အနည်းငယ်သာ လိုပါတော့တယ်။ စစ်ကောင်စီအာဏာ တည်ဆောက်နိုင်ပြီလားလို့ဆိုရင် မဆောက်နိုင်သေးဘူးလို့ အများက တသဘောထည်း ဖြေကြမယ်ထင်ပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ရေး မတည်ဆောက်နိုင်သေးသလို လက်နက်အင်အားနဲ့ စစ်တပ်ကို ရဲကို အသုံးချပြီး အကြောက်တရားရအောင် ဖိနှိပ် ဖြိုခွဲ ဖမ်းဆီး သတ်ြဖတ်နေတာတွေ လုပ်နေဆဲ ဆက်လက်ပြီးလည်း လုပ်ဦးမယ့် လက္ခဏာတွေသာ တွေ့နေရပါတယ်။
စစ်ကောင်စီ အကြမ်းဖက် ဖြိုခွဲတဲ့သူတွေ အုပ်ချုပ်မှု မတည်ဆောက်နိုင်သေးဘူး ၊ စစ်ရေးအရတော့ အင်အားသိန်းနဲ့ချီတဲ့ တပ်အင်အားကို သုံးပြီး တနိုင်ငံလုံးအနှံ့ မြို့တွေ ရွာတွေ မှာ ပစ်ခတ်ဖမ်းဆီး လူနေအိမ်တွေ၊ ရုံးတွေ၊ ဘော်ဒါဆောင်တွေက ပစ္စည်းတွေ နိုင်ငံရေးနဲ့ဘာမှ မသက်ဆိုင်ပဲ ယူဆောင်သွားပြီး ရောင်းချတာတွေ သုံးတာတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။
ဒီအခြေအနေ အောက်မှာ နေထိုင်နေရတဲ့ လူထုအဖို့ အကာအကွယ်လိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်။ ခုလိုကာလမှာ စစ်ကောင်စီတပ်တွေရဲ့ ရမ်းကားမှု ဥပဒေမဲ့ လုယက်မှု၊ ဖမ်းဆီးမှု သတ်ဖြတ်မှုတွေကို တားဆီးနိုင်ခြင်းမရှိသေးတာ လက်ရှိ အရှိတရားအခြေအနေလည်း ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ ဒီလိုအခြေအနေ အောက်မှာ လူထုအနေနဲ့ ဘယ်လို နေထိုင်သင့်သလဲ ဘယ်လိုအချက်တွေကို သတိမူသင့်သလဲ စတဲ့ ညွှန်ကြားမှုတွေ ပြောဆိုပေးဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။
လက်နက်နဲ့ ခုခံမှုတိုက်ပွဲတွေ ဖြစ်နေတဲ့ ချင်းပြည်နယ် မြန်မာနုိင်ငံ အထက်ပိုင်း မန္တလေးတိုင်းက ဒေသအချို့နဲ့ စစ်ကိုင်းတိုင်းက ဒေသအချို့၊ ကချင်ပြည်နယ် ၊ ကရင်နီပြည်နယ် လိွုင်ကော် ၊ ဒီမောဆို စတဲ့ဒေသက လူထုကတော့ စစ်ဘေးရှောင်နေကြရပြီး ဖြစ်ပါတယ်၊ မုတ်သုန်မိုးရာသီအဝင် ဘာမှ ပြင်ပြင်ဆင်ဆင် မရှိပဲ ရုတ်တရက် နီးစပ်ရာ တော တောင်ထဲကို ထွက်ပြေးကြရပြီး စစ်ဘေးရှောင်စခန်းတချို့ ချင်းပြည်နယ်မှာဖွင့်ပြီး နေနေကြရပြီ ဖြစ်ပါတယ်။
အဆိုပါဒေသတွေလောက် မဆိုးရွားတဲ့ မြို့ပေါ်နေ လူထုအကြားမှာလည်း စစ်ဖြစ်တော့မယ်၊ အရေးပေါ် ဆောင်ထားသင့်တဲ့ အရာတွေ ၊ စာရင်းတွေ စတဲ့ ပြောဆိုလှုံ့ဆော်မှုတွေ ဆုိရှယ်မီဒီယာ ဖေ့စ်ဘွတ်ပေါ်မှာ တွေ့နေရသလို လူထုအကြားလည်း ဆွေးနွေးပြောဆိုရတဲ့ အနေအထားမျိုးထိ ကြားသိနေရပါပြီ။
ရန်ကုန်မြို့လိုမျိုးမှာတောင် ခုသီတင်းပတ်ထဲ ညမအိပ်ခင် ပစ်ခတ်တဲ့ သတင်း ပေါက်ကွဲတဲ့ သတင်း နေ့စဥ်နီးပါး ကြားရသလို မနက်ခင်း နိုးလာတဲ့အခါလည်း ပစ်ခတ်တဲ့ သတင်းနဲ့ ပေါက်ကွဲတဲ့ သတင်းကြားရတဲ့ အနေအထား ဖြစ်ပါတယ်။ မနေ့ညက သာကေတ ဇိနမာန်အောင် ဘုရားဝင်းထဲ တပ်စွဲထားတဲ့ စစ်သားတွေကို အမည်မသိအဖွဲ့က ညဘက် သေနတ်နဲ့ ပစ်လို့ သေနတ်သံတွေ ဆက်တိုက်ကြားခဲ့ကြရတယ်လို့ဆိုပါတယ်။ ခုမနက်မှာတော့ ကြည့်မြင်တိုင် ရဲစခန်းကို ပစ်လို့ဆိုတဲ့ သတင်းအိပ်ယာထပြီးမကြာခင်မှာ ကြားသိရပါတယ်။ အလားတူ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ လှိုင်သာယာမှာ စစ်ယာဥ်တန်းကို လက်လုပ်ဗုံးနဲ့ ပစ်ခတ်ပြီး ကားေပါ်မကျပဲ အပြင်ကို ပြန်ကျရာက လမ်းသွားလမ်းလာ တဦးဒဏ်ရာရ တယ်လို့လည်း သတင်းတွေမှာ ဖတ်ရှုရပါတယ်။
ဒါက ရန်ကုန်မြို့ရဲ့ ယခုရက်ပိုင်း နေ့စဥ်အခြေအနေဖြစ်ပါတယ်။ လူထု အနေနဲ့ ဖောက်ခွဲမှုလိုမျိုးတွေကြောင့် မမျှော်လင့်ပဲ အန္တရာယ် မကျရောက်ရအောင် သတိမူသင့်တာမျိုး ဂရုပြုသင့်တာမျိုးတွေ အသိပေးတာမျိုး အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ထုတ်ပြန်သင့်ပါတယ်။ လက်ရှိ အနေအထားအောက်မှာ လူထုအနေနဲ့ ဘယ်လို နေထိုင်သွားလာ သင့်သလဲဆိုတဲ့ လမ်းညွှန်အသိပေးချက်တွေ လုိအပ်ပါတယ်။
အချို့သော ရန်ကုန်လူထုအဖို့ ရန်ကုန်ကနေ ရှောင်ဖို့လိုအပ်မလားစတဲ့ စိုးရိမ်မှုမျိုးတွေလည်း ရှိနေတာ ကြားသိရသလို၊ ပြည်တွင်းစစ်ကျယ်ပြန့်လာတော့မလား ဘယ်တော့လဲ စသဖြင့် စိုးရိမ်မှုတွေ တွေးတောပြင်ဆင်မှုတွေ လုပ်နေကြတာလည်း ကြားရ မြင်နေရပါတယ်။
အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့ မှာလည်း ဒီနေ့ ဒီဗွီဘီသတင်းတပုဒ် ကြောင့် မြို့နေသူတွေ စိုးရိမ်မှုတွေ မြင့်တက်လာတာ ရှောင်ဖို့လိုအပ်မလားဆိုတဲ့ စဥ်းစား ပြင်ဆင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ သတင်းထဲမှာ နယ်စပ် တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ စစ်သင်တန်း တက်ရောက်ပြီးပြီမို့ မကြာခင် မော်လမြိုင်မြုိ့မှာလည်း မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာနုိင်တယ်လို့ ပီဒီအက်ဖ် သင်တန်းဆင်းသူ တဦးက သတင်းဌာနကို အသိပေးတယ်ဆိုတဲ့ သတင်းပဲ ြဖစ်ပါတယ်။
အခုလိုသတင်းမျိုးတွေနဲ့ ပတ်သက်ပြီးလည်း ပီဒီအက်ဖ် ဦးဆောင်သူတွေ၊ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြောခွင့်ရှိသူတွေက လူထုကို အသိပေးသင့်တာတွေ ထုတ်ပြန်တာ ရှင်းလင်းပြောဆိုတာတွေ လုပ်ဖို့ လိုအပ်မယ်လို့ ထင်မြင်ပါတယ်။ လုံခြုံရေး အရ အချို့သော သတင်းအချက်အလက်တွေကို ထုတ်ဖေါ်ပြောဆိုမသင့်တာတွေလည်း ရှိနိုင်တာ မှန်ပေမယ့် လူထုကို အသိပေး သင့်တဲ့ သတင်းအချက်အလက်မျိုးကို အသိပေး ပြောဆိုဖို့ ကိုဆိုလိုတာဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar