ဦးနွေ - ထိုနေ့
ထိုနေ့
ဦးနွေ
(မိုးမခ)
မေ ၂၉၊ ၂၀၂၁
(၁)
ပတ်ဝန်းကျင်တစ်ခွင်လုံး နှင်းတွေပိန်းပိတ်အောင်ကျနေတဲ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ အဖေနဲ့ ကျွန် တော်ဟာ ကွမ်းယာဆိုင်ဖွင့်ဖို့အတွက် ကွမ်းယာလှည်းကလေးကို နှစ်ယောက် သားတွန်းလာခဲ့တယ်။ နံနက်စောစော အချိန်ဖြစ် တာကြောင့် လမ်းပေါ်မှာ လူသွားလူလာ နည်းပါးလို့နေပါတယ်။ ဒီလိုနဲ့ ကွမ်းယာလှည်းကလေးကို တွန်းလာရင်း လမ်းထိပ်ကို ရောက်လာတယ်။ အဲ့ဒီအခါ အဖေနဲ့ ကျွန်တော်ဟာ ကွမ်းယာလှည်းက လေးကို ညာဘက်ကွေ့လိုက်ပြီး ကွမ်းယာဆိုင်ဖွင့်မယ့် ဗာဒံပင်အောက်ကို တွန်းလာခဲ့တယ်။ ရောက် ပါပြီ။ အဲ့ဒီအချိန်ဟာ ကျွန်တော်တို့ မိသားစုရဲ့ ထ မင်းအိုးလေးဖြစ်တဲ့ ကွမ်းယာလှည်းကလေးရဲ့ နေ့တစ်နေ့ကို အစပြုတဲ့ အချိန်ပဲဖြစ်ပါတယ်။
ကွမ်းယာလှည်းကလေးကို နေသားတကျ ဖြစ်အောင် နေရာချပြီးတဲ့အခါ ကွမ်းယာပစ္စည်းတွေကို ခြင်းထဲကနေ ကျွန်တော်ထုတ်လိုက်ပြီး ကွမ်း ယာလှည်းကလေးပေါ်မှာ တစ်ခုချင်း သူ့နေရာနဲ့သူ တင်လိုက်တယ်။ အဲ့ဒီအချိန် အဖေက ကွမ်း ရွက်တွေဆေးဖို့ ရေသွားခပ်တယ်။ သားအဖနှစ်ယောက် တက်ညီလက်ညီနဲ့ ကွမ်းယာဆိုင်ကလေးကိုဖွင့်ဖို့ ပြင်ဆင်နေကြတာပေါ့။ ဒီလိုနဲ့ ဆိုင်ခင်းတာ အားလုံးပြီးသွားတော့ မှာထားတဲ့ဖောက် သည်တွေဖို့ ကွမ်းယာတွေကို စထုပ်ပါတယ်။ ကွမ်းထုပ်ငါးထုပ်လောက်ထုပ်ပြီးသွားတော့ နောက်ထပ် ကွမ်းယာထပ်ထုပ်ဖို့ ကွမ်းထည့်ထားတဲ့ ဇကာထဲက ကွမ်းရွက်တွေကို လှမ်းယူလိုက်တဲ့အချိန်မှာပဲ ကျွန်တော့်နားထဲကို စကားလုံးအချို့ ဝင်ရောက်လာတယ်။ အဲ့ဒီ စကားလုံးတွေကို ကျွန် တော် မယုံနိုင်ဘူး။ ဟုတ်တယ်။ ဘယ်လိုမှလည်း မဖြစ်နိုင်ဘူး။ အဲ့ဒီစကားလုံးတွေဟာ ကောလဟလတွေပဲ ဖြစ်မယ်။ မလိုသူတွေ သက်သက်လုပ် ကြံတဲ့ စကားလုံးတွေပဲ ဖြစ်လိမ့်မယ်။ ကျွန်တော့်မှာ မယုံနိုင်ဘူး ဖြစ်နေတယ်။
ကွမ်းယာဆိုင်ကလေးဆီကို မကြီးရောက်လာတော့ ကမန်းကတမ်းပဲ မကြီးနဲ့ ကျွန်တော် လူချင်းချိန်းလိုက်တယ်။ ပြီးတော့ ကျွန်တော့် ခြေ လှမ်းတွေကို ခပ်သွက်သွက်လှမ်းပြီး အိမ်ကိုပြန် လာခဲ့တယ်။ အိမ်ရောက်တော့ ဖုန်းအားသွင်းထားတာကိုဖြုတ်လိုက်ပြီး အင်တာနက်ဖွင့် ကြည့်လိုက်တော့ RFA ရဲ့ Facebook စာမျက်နှာပေါ်မှာ တင်ထားတဲ့ စကားလုံးအချို့ကို တွေ့လိုက်ရတယ်။ ပြီးတော့ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေကျသွားတယ်။ ထိုအတူပဲ ကျွန်တော့်ရင်ထဲမှာ ဝမ်းနည်း ကြေကွဲလို့သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ပြည်သူတွေ အမှောင်ကမ္ဘာထဲကို ပြန်သွားကြရတော့မှာပဲ ဖြစ်တာကြောင့်ပါ။
(၂)
ရေအမြန်ချိုးလိုက်တယ်။ တွေ့ရာ အင်္ကျီနဲ့လုံချည် ကို ကောက်ဝတ်လိုက်တယ်။ ပြီးတော့ ဆိုင်ကယ်ကို အိမ်ရှေ့ထုတ်လိုက်ပြီး စက်နှိုးကာမောင်းမလို့ လုပ်နေတဲ့အချိန်မှာပဲ အိမ်ရှေ့က သူငယ်ချင်းက သူလည်းလိုက်မယ်ဆိုလို့ သူ့ကိုပါ ဆိုင်ကယ်ပေါ်တင်ပြီး မြို့ထဲကိုဦးတည်နေတဲ့ လမ်းမပေါ်ကို မောင်းထွက်လာခဲ့တယ်။ လမ်းမတစ်လျှောက်မှာလည်း ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ မမိတာကြောင့် မြည်တွန်တောက် တီးနေတဲ့၊ ဒေါသထွက်ပြီး ပေါက်ကွဲနေတဲ့ မြို့သူ မြို့သားတွေဟာ လမ်းမပေါ်မှာ လှုပ်လှုပ်ရွရွဖြစ်လို့နေတယ်။ လမ်း မထိပ်ကိုရောက်တော့ မီးပွိုင့်ဟာ ပျက်နေပြီ။ ပြီးတော့ ယာဥ်ထိန်းရဲတွေလည်း မတွေ့။ အဲ့ဒါကြောင့် ဆိုင်ကယ်တွေ အိမ်စီးကားတွေ စက်ဘီးတွေ ဆိုက်ကားတွေနဲ့ လိုင်းကားတွေဟာ တစ်စီးနဲ့ တစ်စီး မတိုက်မိအောင် နားလည်မှုတွေနဲ့ သွားနေကြရတယ်။
သနပ်ပင်လမ်းမကို ကျော်လိုက်တယ်။ ရွှေမော်ဓောဘုရားလမ်းမပေါ်ရောက်လာတယ်။ အဲ့ဒီကနေတဆင့် ပဲခူးလွှတ်တော်ရှိတဲ့ တောင်ငူလမ်းမဘက်ကိုမောင်းလာခဲ့တယ်။ လွှတ်တော်ရှေ့ရောက်တော့ လွှတ်တော်ကို တစ်ချက်ရှိုးလိုက်ပြီး လွှတ်တော်ရှေ့က လက်ဖက်ရည်ဆိုင်မှာ ကျွန် တော်နဲ့ ကျွန်တော့်သူငယ်ချင်း လက်ဖက်ရည်တစ်ယောက်တစ်ခွက်မှာပြီး ထိုင်နေလိုက်တယ်။လက် ဖက်ရည်ဆိုင်ထဲမှာလည်း မြို့သူ မြို့သားတွေအပြည့်ပဲ။ အားလုံးကိုယ်စီပေါက်ကွဲနေကြတယ်။
မှာထားတဲ့လက်ဖက်ရည်ရောက်လာတော့ လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး လွှတ်တော်ကို သေသေချ ာချာကြည့်လိုက်တော့ လက်နက်ကိုင်စစ်သားတွေကို လွှတ်တော်ဂိတ်ပေါက်နှစ်ခုလုံးမှာ တွေ့လိုက်ရတယ်။ အဲ့ဒီထဲမှာ မှန်ပြောင်းတပ်ထားတဲ့ သေနတ်ကိုကိုင်ထားတဲ့ စစ်သားတစ်ယောက် လည်းပါတယ်။ ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်နဲ့ ခုန်လို့။ ပြီးတော့ ထွက်လုထွက်ငင်ဖြစ်နေတဲ့ ဒေါ သတွေ အပြင်ကိုရောက်မသွားစေဖို့ ထိန်းထားလိုက်ရတယ်။ အဲ့ဒီအချိန် သူငယ်ချင်းက "နောက်လာမယ့် မျိုးဆက်တွေကို ငါတို့ ပြန်ပြောပြလို့ရတာပေါ့ကွာ" တဲ့။
လက်ဖက်ရည်ဆိုင်ထိုင်ရတာ ဘယ်လိုမှ ဖီးလ်မလာတာကြောင့် သူငယ်ချင်းနဲ့ ကျွန်တော်ဟာ မြို့အဝင်/အထွက် ဂိတ် ပိတ်ထားလား မပိတ်ထားလား ကြည့်ဖို့ ဆိုင်ကယ်ကို မောင်းလာခဲ့တယ်။ မောင်းလာရင်း လမ်းမှာဝန်ထမ်းတစ်ယောက်နဲ့တွေ့လို့ အခြေအနေကို မေးတော့ မနက်က သ တင်းမှာလာသွားတယ်။ နိုင်ငံကိုတစ်နှစ်အာဏာထိန်းလိုက်ပြီတဲ့။ သွားပြီ။ သူတို့တစ်နှစ်က တရုတ်ဝူခုံးဇာတ်လမ်းတွဲထဲက နတ်ပြည်နဲ့ လူ့ပြည် အချိန်ကာလအပိုင်းအခြား ကွာခြားသလိုပဲ ဖြစ်လိမ့်မယ်။ သွားပြီ။ သွားပြီလို့ ကျွန်တော့်စိတ်ထဲမှာ အကြိမ်ကြိမ်ပြောနေမိပါတယ်။
ရှေ့ဆက်မမောင်းချင်တော့တာကြောင့် ဆိုင်ကယ်ကို ပြန်ကွေ့လိုက်ပြီး အိမ်ပြန်လာခဲ့တယ်။ အိမ် ရောက်တော့ နဖူးပေါ် လက်တင်ပြီး အိပ်ယာပေါ်မှာ လှဲကာ စဥ်းစားခန်းဝင်နေမိတယ်။ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းနဲ့ဒုတိယလှိုင်းကြောင့် ခြောက်လလောက်နဲ့ ပြီးရမယ့်သင်တန်းက တစ်နှစ်ကြာ သွားတယ်။ ခုသင်တန်းပြီးတာ ရက်ပိုင်းပဲရှိ သေးတယ်။ တပ်က အာဏာထိန်းလိုက်တယ်။ အဲ့ဒါကြောင့် နိုင်ငံခြားက စစ်မယ့် သင်တန်းစာမေးပွဲက ဘယ်အချိန်ဖြေရမလဲ မသိ။ ပြီးတဲ့အခါ အ လုပ်လက်မဲ့ဖြစ်နေတဲ့ ကျွန်တော် မြို့တော်ကြီးမှာ အလုပ်ပြန်လျှောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့။ ဆပ်ရမယ့် အကြွေးတွေ။ အဆောင်မှာကျန်ခဲ့တဲ့ အဝတ်အစားတွေနဲ့ စာအုပ်တွေ။ နောက်ပြီး ပေးရမယ့် အဆောင်လခတွေ။ ဘယ်လိုလုပ်ရမယ် မသိတော့။ ကျွန်တော့် ခေါင်းတစ်ခုလုံး ချာချာလည်လို့ သွားတယ်။ ကျွန်တော့်ရဲ့ အနာဂတ် ရည်မှန်း ချက်တွေလည်း ပြိုလဲလို့သွားပြီ။ ခေတ်စကားနဲ့ပြောရရင် ကျွန်တော် "ကြောင် ပျောက်သွားပြီ" ပဲ ဖြစ်ပါတယ်။
(၃)
တပ်ကအာဏာသိမ်းပြီး ရက်ပိုင်းလောက်အကြာ မှာ ပဲခူးက Generation Z တွေဟာ ကြွေးကြော် သံတွေ အော်ဟစ်ကာ လမ်းမပေါ်ချီတက်လာကြ သည်။ ထို့အတူပဲ LGBT တွေ၊ ဆရာ/ဆရာမတွေ၊ အင်ဂျင်နီယာတွေ၊ မီးရထားဝန်ထမ်းတွေ စသဖြင့် အလွှာအသီးသီးက မြို့သူ မြို့သားတွေဟာလည်း လမ်းမပေါ်ချီတက်လာကြတယ်။ ကိုယ်စီ လက်သုံးချောင်းထောင်ပြီးတော့ပေါ့။ ပြီးတဲ့အခါ လမ်းမပေါ်မှာ လက်ခုပ်သံတွေ ကျယ်ကျယ်လောင်လောင်နဲ့ မြည်ဟီးလို့။ လမ်းမပေါ်မှာ ကား နဲ့ဆိုင်ကယ်က ထွက်လာတဲ့ ဟွမ်းတီးသံတွေခုန် ပေါက်ပြေးလွှားလို့။ လမ်းမပေါ်မှာ ကြွေးကြော်သံတွေ ညံလို့။ လမ်းမပေါ်မှာ စစ်အာဏာရှင်မကျဆုံးသရွေ့ ချီတက်ပြီးတိုက်ပွဲတွေဝင်နေကြတာ နေ့စဥ်နေ့တိုင်းပဲ ဖြစ်တယ်။ ပြီးတော့ ည ၈ နာရီထိုးပြီဆိုတာနဲ့ မြဝတီနဲ့ မြန်မာ့အသံကလာနေတဲ့ သတင်းတွေကို မကြည့်တော့ပဲ ပဲခူးမြို့မှာရှိတဲ့ ရပ်ကွက်တိုင်းက မြို့သူ မြို့သားတွေဟာ အိမ်တွေထဲကနေပြီး သံပုံးတွေတီး ကြတယ်။ သံပုံးတီးတယ်ဆိုတာ မြန်မာလူမျိုးတွေ အယူအဆအရ မကောင်းဆိုးဝါးတွေကို နှင်ထုတ်ကြတာ။ အဲ့ဒါကြောင့် စစ်အာဏာရှင်ကို မကောင်းဆိုးဝါးအဖြစ်သတ်မှတ်ပြီး နှင်ထုတ်ကြတာပေါ့။
"အိုဟောင်းနေပြီဖြစ်တဲ့ ၈၈ ခုနှစ်က အာဏာသိမ်းနည်းအတိုင်း ၂၀၂၁ ခုနှစ်မှာ တပ်ကအာဏာ သိမ်းလိုက်တာကို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲက Generation Z တွေဦးဆောင်ပြီး စစ်အာ ဏာရှင်ကို တော်လှန်တာ"လို့ ကျောင်းဆရာတစ်ယောက်က ပြောတယ်။ ပြီးတဲ့အခါ မြန်မာ့စီးပွါးရေးဘဏ်က ဝန် ထမ်းတစ်ဦးရဲ့ အမေကလည်း "တစ်ဘဝစာနဲ့ တစ်လစာ မလဲနိုင်ဘူး"လို့ သူ့သားကို ပြောတယ်။ နောက်ပြီး ကြာသပတေးနံ ပါတဲ့ မြို့တွေကို တပ်ကပိုပြီးဖိနှိပ်နေတယ်တို့။ ခေတ်ကိုပြောင်းဖို့ ခေါင်းကိုပစ်တယ်တို့။ စတဲ့ အသံတွေဟာလည်း ပဲခူးမြို့သူ မြို့သားတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလို့နေတယ်။ ဘယ်လိုပဲ ဖိနှိပ်၊ ဘယ်လိုပဲ ပစ်ပါစေ ဆက်လက်တိုက်ပွဲကြမယ်လို့ ပဲခူးမြို့သူ မြို့သားတွေ သန္ဒိဋ္ဌာန်ချထားကြတယ်။ နောက်ပြီး ပဲခူးမြို့သားတွေက ပြောကြသေးတယ်။ "မိန်းမကလွဲလို့ ဘယ်ကောင်မှ မကြောက်ဘူး" တဲ့။
အစပိုင်းနေ့ရက်တွေကတော့ အထိအခိုက်မရှိပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်ကာ စစ်အာ ဏာရှင်ကို ဆန့်ကျင်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်းနေ့ရက်တွေမှာတော့ စစ်အာဏာရှင်ကို ဆန္ဒထုတ်ဖော်ရင်း ပဲခူးမြို့မှာ အသေအပျောက်တွေ အဖမ်းအဆီးတွေ ရှိလာခဲ့တယ်။ ဒါပေမယ့်လည်း ဆက်လက်ပြီး လမ်းမပေါ်မှာ စစ်အာဏာ ရှင်ကို ဆန္ဒထုတ်ဖော်နေကြဆဲ။ လမ်းမတွေပိတ် ဆို့ထားလည်း လမ်းကြားတွေထဲ ဆက်လက်ချီတက်နေကြဆဲ။ နောက်ပြီး ညနေရောက်ပြီဆို ပဲခူးမြို့က ရပ်ကွက်တွေမှာနေထိုင်ကြတဲ့ မြို့သူ မြို့သားတွေဟာ ကိုယ့်လမ်းထိပ်ကိုယ်ထွက်ပြီး ကြွေးကြော်သံပေါင်းစုံဖြင့် ဆန္ဒထုတ်ဖော်နေကြတာကို တွေ့လာရပါတယ်။ ပြီးတဲ့အခါ ညဘက် ရောက်ရင်လည်း ဖယောင်းတိုင်တွေ မီးထွန်းပြီး ကိုယ်စီကိုင်ကာ ကြွေးကြော်သံတွေကို အတိုင်အ ဖောက်ညီညီနဲ့ ဟစ်ကြွေးရင်း ပဲခူး မြို့သူ မြို့သားတွေ ငြိမ်ခံမနေဘူးဆိုတာကို စစ်အာဏာရှင်တွေသိစေဖို့ ညသပိတ်တွေလည်း ပြုလုပ်နေကြပါသေးတယ်။
(၄)
"ကြောက်ခေတ်တော်လှန်ရေး"
မြစ်ကြီးဟာ
မနားသလို
စမ်းချောင်းဟာလည်း
စီးဆင်းဆဲပါပဲ။
ခရမ်းပြာထက်လူ
သတင်းစာကိုင်ရင် ဓာတ်လိုက်တဲ့ခေတ် ပြန်မရောက်ချင်တော့ဘူး။ လက်ဖက်ရည်ဆိုင်ထဲမှာ အလုပ်မရှိအကိုင်မရှိနဲ့ ထိုင်ခဲ့ဖူးတဲ့ နေ့တွေကို ပြန်မရောက်ချင်တော့ဘူး။ လိုအပ်တာတွေကို မှာကြားတဲ့ခေတ်ကို ပြန်မရောက်ချင်တော့ဘူး။ ပြီးတော့ ထိုနေ့ကို ကျွန်တော် ဘယ််တော့မှလည်း မမေ့ဘူး။ ထိုနေ့ဟာ ၁.၂.၂၀၂၁ ပဲ ဖြစ်တယ်။ အရေးတော်ပုံ အောင်ရမည်။
ဦးနွေ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar