Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ဇာနည်၊ နေစိမ့်၊ ခိုင်မျိုး

Art - Than Htay Maung
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
မေ ၁၊ ၂၀၂၁

နွေဦး..
ဇာနည်

ရွှေအိုရောင်ညနေခင်းမှာ
ဆရာဒဂုန်တာရာရဲ့
မတ်လတော်လှန်ရေးကဗျာ
အနီထဲကကြယ်ဖြူပွင့်
လေထဲဝဲလွင့်
အနာဂါတ်ကိုထုဆစ်ခဲ့ဖူးတဲ့
တခါတုံးကနွေဦးဟာ
တဖန်နိုးထ
တကျော့ပြန်လာခဲ့လေပြီ...
ရိုးမတိုက်ပွဲ
ကိုရင်သြ
အညတြကြက်တောနဲ့
တာကောဒီ
ဆရာဗန်မော်တင်အောင်ရဲ့
နွေဦး ဇတ်ဝင်ခန်းတွေ
ပြန်လည်ဆန်းသစ်ခဲ့လေပြီ...
ဒီနွေဦးမှာ
မောင်လေးအောင်ရဲ့
အချစ်ဦးရေ
မြေနဲ့ကောင်ကင်မြင်နေသမျှ
အလှခေတ်ဦးဖူးသစ်လာမည်မလွဲ
ငါတို့လဲယုံတယ်...
မှတ်မိသေးတယ်
ကိုအောင်ချိမ့်ရယ်
ခွန်နှစ်ဆယ်ခုလွန်နှစ်များဆီက
"နွေဦး"ဆိုတဲ့
မဂ္ဂဇင်းတအုပ်ကို
ထုတ်နုတ်ကိုးကား
လွမ်းကြရအောင်လား...
မှိုင်းရာပြည့်တော်လှန်တပ်ဦး
ကိုမှိုင်းရဲ့
နွေဦးကြိုဌက်တွေကလဲ
တော်လှန်တေးသီနေကြပုံများ
တတောလုံးအနှံ
တတောင်လုံးပြန့်
ပဲ့တင်ထပ်လို့...
ကြည့်လိုက်ကြစမ်း
ဘယ်သူလွမ်းရဲသလဲ
နီရဲတဲ့ကောင်ကင်အောက်မှာ
ဒူးခေါင်းမဲ့လူသားတွေသာ
သစ္စာတရားကို
ခါးဝတ်ပုဆိုးလို
မြဲမြံစွာဝတ်ဆင်ထားလေရဲ့...
ယုံပြီလား...
မြူခြေဆိုင်းတဲ့နွေရောက်တိုင်း
ပြာမှိုင်းတဲ့ရိုးမတောင်တန်းတွေပေါ်က
ဥသြဌက်ကလေးတွေရဲ့
ကမ႓ာမကြေမော်ကွန်းတေးကို
ရာဇဝင်ဖေါ်ညွှန်းပေးမဲ့
ဒီနွေဦးရဲ့
ဂုဏ်အခန်းခန်းတွေနဲ့
ဟော့ဒီ့
(၂၀၂၁) ရာဇဝင်တောလားဟာ
ကာဠုဒါယီရဲ့ချီးမွှန်းခန်းနဲ့
ရှင်အုန်းညိုရဲ့ဂါထာခြောက်ဆယ်ပျို့တွေ
ဆုံးတောင်ကုန်လိမ့်မည်မဟုတ်..။။


(၁၂-၄-၂၀၂၁)

...

ဟဲလို မင်းတပ်
နေစိမ့်

တောင်ဇလပ်ပန်းနဲ့အောက်ချင်းငှက်
တူမီးသေနတ်နဲ့အမဲလိုက်ကစားနည်းဟာ
ချင်းတောင်တန်းရဲ့ ကိုယ်‌ရည်ကိုယ်သွေးပဲ
ယောက်ျားတိုင်းမုဆိုး
မုဆိုးတိုင်းမှာ တူမီးသေနတ်နဲ့
ရိုးရာပုံပြင်တွေဆီကလာတဲ့ သင်ရိုးအတိုင်း
ဘယ်လောက်အင်အားကြီးကြီး
ပစ်ကွင်းထဲဝင်လာရင် သိုးတွေချည်း
သစ္စာတရားရဲ့ ဖွားဖက်တော်တွေ
ဒေသထွက်သူရဲကောင်းတွေ ရဲ့သိက္ခာ
နံရံမှာချိတ်ထားတဲ့ ဒူးလေးကဂုဏ်ရှိရုံသက်သက်
ရဲရင့်စွန့်စားခြင်းရဲ့ဝိညာဉ်
အိမ်မျက်နှာစာက ဦးချိုကားကားကြီးတွေ
အရေခွံကို အစာသွတ်ထားတဲ့ ရုပ်လုံးကြွတွေ
တိုက်ပွဲဝင်နိမိတ်ပြသင်္ကေတတွေ
မုဆိုးကမုဆိုး
သားကောင်ကသားကောင်
တောပြောင်းလာတဲ့ကျားကို လေချွန်ပြ
ကော်ဇောနီချခင်းမပေးတဲ့‌အရပ်
လာကြ
တစ်လုံးထိုးကျည်တစ်တောင့်မှာ အသေထွက်
ဟော တစ်လောင်း ဟော တစ်လောင်း
ဒီနှစ် ချင်းတောင်မှာ မြေဩဇာကောင်းပြီလေ
မှတ်ထားလိုက်
မုဆိုးစစ်စစ်တွေ တောလိုက်ရင်
လမ်းပြမလိုသလို
ကောင်းဘွိုင်စစ်စစ်တွေ မြင်းစီးရင်
ကုန်းနှီးမလိုဘူး

၂၀၂၁ ဧပြီလ ၃၀

...

ရွာထဲမှာ 
ခိုင်မျိုး

ချစ်ခြင်းမေတ္တာကြောင့်တော့
ကမ္ဘာကရှင်ဆဲပဲ
အညှိုးအတေးနဲ့အမုန်းမိုးကလည်း
ရာသီအလိုက်စွေဆဲပဲ
 လူဂုဏ်တန်တို့ရဲ့ဒိန်ခဲဟာ
လူမွဲတွေပါးစပ်ထဲကျလာဖို့မလွယ်ဘူး
ဒေဝဒတ်လွှတ်ချလိုက်တဲ့ကျောက်တုံးက
လိမ့်နေဆဲပဲမဟုတ်လား
မိစ္ဆာစိတ်ဆိုတာရှိရဲ့
တိုက်ပွဲဝင်နေရခြင်းဆိုတာရှိရဲ့
သူရဲကောင်းဆိုတာလည်းရှိရဲ့
တည့်ဖို့ခက်ခဲတယ်မဟုတ်လား
ကမ္ဘာဟာစောင်းရင်းလည်ခဲ့
လည်ရင်းစောင်းခဲ့
ဘုရားများစွာပွင့်ပေါ်ခဲ့
သူယုတ်မာများစွာရှင်သန်ကြီးထွားခဲ့
ရွာထဲမှာ ။

...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar