Breaking News

နိုင်စွမ်း - နိုင်ငံ့ခေါင်းဆောင် ပန်းချီဆရာ သမ္မတများ

 ယူလီဆက်ဇ် အက်စ် ဂရန့် (Ulysses Simpson Grant)
နိုင်ငံ့ခေါင်းဆောင် ပန်းချီဆရာ သမ္မတများ
နိုင်စွမ်း
(မိုးမခ) မေ ၂၊ ၂၀၂၁


“ဟဲလို စွမ်းကြီး... နေကောင်းလားကွ။ မေးစရာရှိလို့။ မြန်မာနိုင်ငံရဲ့ နဝမမြောက် သမ္မတကြီး ဦးထင်ကျော်က စာရေးဆရာတစ်ဦး မဟုတ်လား။ ပြီးတော့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာတဲ့ ဦးတင်သစ်ကလည်း ကဗျာဆရာ မောင်ရည်မွန် လို့ ကြားရတယ်။ ငါတို့ ပန်းချီဆရာတွေရော နိုင်ငံ့ခေါင်းဆောင် ဖြစ်သူ၊ သမ္မတဖြစ်သူ ရှိဖူးလား”

“အင်...” ဖုန်းဆက်ပြီး ရုတ်တရက်မေးလာတဲ့ သူငယ်ချင်းပန်းချီဆရာရဲ့ အမေးကြောင့် ‘တွန့်ခနဲ’ ဖြစ်သွားရတယ်။ ကျနော်ဒီအကြောင်းကို တခါဖူးမှမစဉ်းစားခဲ့၊ မတွေးမိခဲ့။ ကျနော်က ပန်းချီနဲ့ပန်းချီဖန်တီးမှုအကြောင်း ၊ ပန်းချီဆရာရဲ့ ဘဝအမြင် (Life Philosophy)၊ ဖန်တီးမှု အတွေးစိတ်ကူး (Creative Ideology)၊ ဘဝဖြတ်သန်းမှု ကာလဒေသနောက်ခံ စတာတွေကို ချဉ်းကပ် လေ့လာပြီး ရေးသားမျှဝေသူ ဖြစ်တာကြောင့် အဆိုပါမေးခွန်းကို ဖြေဖို့ နောက်တွန့်သွားတာပါ။

သမ္မတ အဖြစ် ၂၀၁၆ ခုနှစ်၊ မတ် ၃၀ ကနေ ၂၀၁၈ ခုနှစ်၊ မတ် ၂၁ ရက်နေ့အထိ ၁ နှစ်နဲ့ ၃၅၆ ရက်ကြာ ထမ်းဆောင်ခဲ့တဲ့ ဦးထင်ကျော်ရဲ့ ကလောင်အမည်က “ဒလဘန်း”၊ ၁၉၄၆ ခုနှစ်၊ ဇူလိုင် ၂၀ ရက်ဖွား၊ ရန်ကုန်ဇာတိသား ဦးထင်ကျော်ရဲ့ မိဘတေွက ဖခင်စာရေးဆရာ မင်းသုဝဏ်နဲ့ မိခင် ဒေါ်ကြည်ကြည်တို့ ဖြစ်ပြီး မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်သားပါ။

“သူငယ်ချင်းရေ... ငါတို့ဆီက သမ္မတတွေထဲမှာ ပန်းချီဆရာ ရှိ/မရှိ သေချာသိဘူးဗျ။ ဂဃနဏ မသိတဲ့ အကြောင်းအရာကို မပြောတာ ကောင်းမယ်ဗျ။ အမေရိကန်က ပန်းချီဆရာသမ္မတတေွ အကြောင်းပဲ ပြောကြတာပေါ့”

“အာ... မင်းတို့ စာရေးဆရာတွေက ခက်တယ်။ ကိုယ့်နိုင်ငံက အကြောင်းကို ကောင်းကောင်းမသိဘဲ... တခြားနိုင်ငံက အကြောင်းကျတော့ ညက်မှုန်နေအောင် သိနေပါလား”

“ဒါက ဒီလို ရှိတယ် သူငယ်ချင်း၊ ငါတို့ဆီမှာ မှတ်တမ်းမှတ်ရာ ရေးသားပြုစုတဲ့ အလေ့အထ အားနည်းတာရယ်၊ ပြီးတော့ မှတ်တမ်းပြု ရေးသားတဲ့ အခါ ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ တခြားသူက ရေးတာပဲ ဖြစ်ဖြစ် နီးရာဓားကို ကြောက်ကြတာမျိုးရယ်၊ ပုဂ္ဂိုလ်ရေး ထိခိုက်မှာ စိုးတာရယ်၊ နည်းနည်း ထိခိုက်လာတယ် ထင်ရင်လည်း အေး အေးဆေးဆေး ပြေကျေအောင် မပြောဘဲ ကက်ကက်လန် ရန်ထောင်ကြတာရယ်၊ ပညာရှင် ဆိုပြီး တခြားသူတွေကို တန်ဖိုးထား, အလေးထားမှု အားနည်းတာရယ် တွေကြောင့် ပကတိတန်ဖိုးရင်း (Net Value) ကို ချဉ်း ကပ်, ဖမ်းဆုပ်, တင်ပြနိုင်ဖို့ အားနည်းနေတာပဲ သူငယ်ချင်း”

“ထားပါတော့လေ...၊ အမေရိကန်က ပန်းချီဆရာသမ္မတွေ အကြောင်း ပြောကွာ”

အမေရိကန်နိုင်ငံရဲ့ ၁၈ ဦးမြောက် သမ္မတက ယူလီဆက်ဇ် အက်စ် ဂရန့် (Ulysses Simpson Grant)၊ ၃၄ ဦးမြောက် သမ္မတ ဒွိုက်ဒီ အိုက်ဇင်ဟောင်းဝါး (Dwight D. Eisenhower)၊ ၃၉ ဦးမြောက် သမ္မတ ဂျင်မီကာတာ (Jimmy Carter) နဲ့ ၄၃ ဦးမြောက် သမ္မတ ဂျော့ဂ်ျ ဝေါ်လကာ ဘုရှ် (George Walker Bush) တို့ဟာ ပန်းချီဆွဲတဲ့ သမ္မတတွေပါ။ သူတို့ အကြောင်း ပြောရရင်...၊

(၁) ယူလီဆီးဇ် ဆင်ပဆင်  ဂရန့်

နာမည်ကျော် စစ်ဗိုလ်ချုပ်ဟောင်း ဂရန့်ဟာ အမေရိကန်ရဲ့ ပထမဆုံးသမ္မတ ဂျော့ချ် ဝါရှင်တန် လိုပဲ  မြင်းသည်ကျော်တစ်ဦး ဖြစ်ပါတယ်။ စကားများများ ပြောလေ့မရှိဘဲ တိကျပြတ်သားတဲ့ အမိန့်ပေး အုပ်ချုပ်မှု ပုံစံနဲ့ အုပ် ချုပ်တတ်သူပါ။ သူဟာ ခရီးသွား ဝါသနာပါသူ၊ မြင်းစီးကောင်းသူတစ်ဦးဖြစ်ပြီး တိုင်းပြည်အနှံ့ လှည့်လည်ဖူးသူဖြစ်တယ်။ ပြည်တွင်းစစ် မတိုင်မီ ကတည်းက မြောက်အမေရိကတစ်ခွင်, ကနေဒါနယ်စပ်မှ ပနားမားအထိ ရောက်ဖူးခဲ့ပြီး မက္ကဆီကို တိုက်ပွဲတွေမှာ လည်း ပြောင်မြောက်စွာ ဦးဆောင်ကွပ်ကဲနိုင်ခဲ့ပါတယ်။ ဒီလို အတွေ့ အကြုံတွေက မက္ကဆီကန်တွေ၊ အမေရိက ဌာနေတိုင်းရင်းသား လူနီရိုင်းတွေနဲ့ နီဂရိုးတွေ အပေါ် စာနာနားလည်ပြီး ကရုဏာစိတ်မွေးနိုင်ခဲ့တာပါ။

သူ့ကို ၁၈၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့မှာ မွေးဖွားပြီး ၁၈၈၅ ဇူလိုင် ၂၃ ရက်မှာ ကွယ်လွန်ခဲ့တယ်။ အမေရိကန် စစ်ဗိုလ်ချုပ် တစ်ဦးလည်း ဖြစ်တဲ့ ဂရန့်ဟာ သမ္မတ အဖြစ် ၁၈၆၉ ကနေ ၁၈၇၇ ခုနှစ် အထိ ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ကာလမှာ အာဖရိကန်-အမေရိကန်တို့ကို အကာအကွယ်ပေးနိုင်ဖို့ တရားမျှတရေး ဌာနကို ထူ ထောင်ပေးခဲ့တဲ့ အပြင် တောင်ပိုင်းဒေသရှိ နီဂရိုးများရဲ့ ခံစားခွင့်၊ နိုင်ငံအနောက်ဘက်တစ်လွှား လူနီရိုင်းများအား နေရာချထားရေး၊ နိုင်ငံအဝန်း ဒေါ်လာငွေစက္ကူများ ဖောင်းပွနေခြင်းနဲ့ အလာဘားမား သင်္ဘောပြဿနာတို့ကို ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ပါတယ်။

သူဟာ ရေဆေးကို နှစ်သက်သူ၊ အသေးစိတ်ရေးဆွဲရာမှာ အားသန်သူ ဖြစ်ပြီး စစ်ရေးခေါင်းဆောင် အဖြစ်ကိုရော ပန်းချီဆရာအနုပညာရှင်အဖြစ်ပါ အလွန်ဂုဏ်ယူသူ လို့ သိရတယ်။ သူ့ရဲ့ လက်ရာတွေကို granthome- page.com နဲ့ အခြားဆိုက်တွေမှာ လေ့လာကြည့်နိုင်ပါတယ်။

“တကယ်လို့ စွမ်းကြီး အနေနဲ့ ဂရန့်နဲ့ တွေ့ဆုံခွင့်ရမယ် ဆိုရင် ဘာတွေမေးချင်လဲ?”

“ခင်ဗျားက စစ်လည်း တိုက်တယ်၊ သမ္မတလည်း ဖြစ်တယ်၊ ပန်းချီလည်း ဆွဲတယ်... ဆိုတော့.. (၁) စစ်ဗိုလ်ချုပ် နိုင်ငံရေးသမားနဲ့ အနုပညာသမားကြား ဘာကွာတယ်လို့ ယူဆလဲဗျ?။ နောက်ပြီး (၂) ခင်ဗျားနိုင်ငံရဲ့ အခက် အခဲဆုံး အချိန်ကာလကို ဘယ်လို ခံယူချက်မျိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာလဲဗျ ?  လို့ မေးချင်တယ်”

“သူက ဘယ်လို ပြန်ဖြေမယ် ထင်လဲ စွမ်းကြီး”

“သူ ဘယ်လို ဖြေမယ် ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ ဂရန့်ဘဝဖြတ်သန်းမှု၊ ဖြတ်သန်းခဲ့တဲ့ ခေတ်ကာလ၊ အဲဒီကာလက အမေရိကန် နိုင်ငံရေး အခြေအနေတွေကို သေသေချာချာ လေ့လာကြည့်တော့... သူက ဒီလို ဖြေလိမ့်မယ် ထင်တယ်”

ယူလီဆက်ဇ် အက်စ် ဂရန့်။  ။ ၂၁ ရာစုက မောင်ရင်လေး ကျုပ်ကို မေးတော့မှ ကျုပ် ကမ္ဘာပေါ်မှာ တခဏတာ ရောက်ခဲ့ရ တာကို ပြန်စဉ်းစားမိတယ်ကွဲ့။ အင်း... ကျုပ်တို့ ခေတ်က အပြောအဟောကောင်းကောင်းနဲ့ စည်းရုံးရတဲ့ကာလဖြစ်ပေမဲ့ ကျုပ်က အမိန့်ပေးစရာ၊ ခိုင်းစရာရှိရင်  ခပ်ကြမ်းကြမ်း ခိုင်းတယ်၊ ယုယစရာဆိုရင်လည်း ယုယတတ်တယ်။ ကျုပ်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကိုတော့ ဘယ်တော့မှ အပျောက်မခံဘူးဗျ။ ဒါကြောင့် ၁၈၆၄ ခုနှစ်မှာ သမ္မတလင်ကွန်းက ကျုပ်ကို စစ်ဦးစီးချုပ်ခန့်ပြီး မြောက်ပိုင်းတပ်ဖွဲ့ကို ကွပ်ကဲစေခဲ့လို့ တောင်ပိုင်းတပ် ဖွဲ့တွေကို အောင်နိုင်ခဲ့တယ်၊ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့တာပဲ။ သမ္မတလင်ကွန်း အလုပ်ကြံခံရပြီးနောက်မှာတော့ ကျုပ်ဟာ စစ်ရေး၊ နိုင်ငံရေး နယ်ပယ်တွေမှာ ဩဇာရှိတဲ့ သူ ဖြစ်လာတယ်။

နောက်တစ်ခုက ကျုပ်က စစ်သားပီပီ မျက်နှာချို မသွေးတတ်ဘူး၊ ပြတ်ပြတ်သားသား လုပ်ရမှ ကျေနပ်တယ်။ အဲဒီတုန်းက သမ္မတ အင်ဒရူးဂျွန်ဆင်က တောင်ပိုင်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးတာကို ထောက်ခံတယ်၊ ဒါပေမဲ့ တောင်ပိုင်းတပ် ဗိုလ်ချုပ်ကြီး ရောဘတ်အီးလီးကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲဆိုတာကို ကျုပ်က ကန့်ကွက်တဲ့ အပြင် တရားစွဲတာကို ဖျက်သိမ်း မပေးရင် ကျုပ်ကိုယ်တိုင်လည်း ရာထူးက နုတ်ထွက်မယ် လို့ ပြောခဲ့တာပဲ။

ကျုပ်သမ္မတ တာဝန်ယူချိန်က အမေရိကန်မှာ အင်္ဂလိပ် ဆန့်ကျင်မုန်းတီးရေးက ပြင်းထန်နေချိန်ပေါ့။ အမေရိကန် ပြည်တွင်း စစ်အတွင်း အင်္ဂလန်လုပ် အလာဘားမား သင်္ဘောနဲ့ တခြား တောင်ပိုင်းတပ်မှ သင်္ဘောတွေက ‌မြောက်ပိုင်းတပ်ရဲ့ သင်္ဘော ၁၇၅ စင်း နစ်မြုပ်ပါရောလား။ ကျုပ်ရှေ့က သမ္မတ အင်ဒရူးဂျွန်ဆင်၊ သူက စစ် လျော်ကြေးမပါဘဲ ပြေငြိမ်းရေး စာချုပ်, ချုပ်ခဲ့တာ။ ကျုပ်က အဲဒါကို အသိအမှတ်မပြုကြောင်း ကြေညာပြီး လျော်ကြေး ဆက်တောင်းခဲ့တယ်။ အမေရိကန်၊ အင်္ဂလန်၊ အီတလီ ၊ ဘရာဇီးလ်နဲ့ ဆွစ်ဇာလန် နိုင်ငံတွေကို ကိုယ်စားလှယ်တွေ ပါဝင်တဲ့ နိုင်ငံတကာကြားနာ ညှိနှိုင်းရေး အဖွဲ့ကနေ ဖြေရှင်းပေးတာနဲ့ ကျုပ်တို့ စစ်လျော် ကြေး ၁၅ ဒသမ ၅ သန်းရခဲ့တယ်။

ကျုပ်က အကောင်းချည့်တော့ မဟုတ်ဘူးကွဲ့... မောင်ရင်လေးရဲ့။ အဆိုးတွေလည်း ရှိနေသေးပါ့ဗျာ။ ကျုပ် အစိုးရ လက်ထက်မှာ ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ အဂတိလိုက်စားတာ၊ အကျင့်ပျက်ခြစားတာတွေ အများကြီး ပေါ်ပေါက်ခဲ့တာပဲ။ ကျုပ်ကို ဆိုရင် ‘ယစ်ရွှေရည် သမ္မတ’ လို့တောင် အခေါ်ခံရတာကွဲ့။ ဒါနဲ့ ကျုပ်ကလည်း ပြတ်ပြတ်သားသားပဲ, ကျုပ် အားထား ရတဲ့ လက်တောက် ၂ ယောက်ကို ရာထူးတွေက ထုတ်ပယ်ပြီး နိုင်ငံတော်နဲ့ ပြည်သူအပေါ် သစ္စာစောင့်သိတဲ့ အကြောင်း ပြခဲ့တယ်။

အင်း... ကျုပ်လည်း သမ္မတရာထူး ၂ ဆက်တာဝန်ယူပြီး အနားယူတော့ ကျုပ်မှာ အကြွေးတွေတင်ပြီး မွဲပြာကျနေပါရော။ ဒါနဲ့ ကျုပ်ရဲ့ ကိုယ်ရေးစာအုပ် တစ်အုပ်ရေးတယ်။ ပထမတွဲ ထုတ်ဝေပြီး အကြွေးကြေရုံ ရရှိသေး..., လည်ချောင်းကင်ဆာက ကျုပ်ကို ဆက်လက် အသက်ရှင်ခွင့် မပေးတော့ဘူးလေ။ ဒါနဲ့ ကျုပ်ရဲ့ သမ္မတ သက်တမ်းအတွင်း ဆုံးဖြတ်လုပ်ကိုင်တာတွေ မှတ်တမ်း မထားခဲ့နိုင်ခဲ့ဘူးပေါ့။

မောင်ရင်မေးတဲ့ “စစ်ဗိုလ်ချုပ်၊ နိုင်ငံရေးသမားနဲ့ အနုပညာသမားကြား ဘာကွာတယ်လို့ ယူဆလဲ” ဆိုတော့ ဘာမှ မကွာပါဘူး၊ စစ်ဗိုလ်ချုပ် ဆိုတာ မိမိကို ယုံကြည်စွာ အပ်နှင်းထားတဲ့ အခွင့်အာဏာကို သုံးပြီး အများပြည်သူအတွက်, မိမိရဲ့ တပ်ရင်းတပ်ဖွဲ့အတွက်, လုံခြုံအေးချမ်းဖို့ ရည်ရွယ်ဆောင်ရွက်ရတာ ဖြစ်သလို သမ္မတ တစ်ဦးအနေနဲ့လည်း အများပြည်သူနဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ အရေးကိုပါ ထည့်သွင်းစဉ်းစားရတယ်၊ စီမံဦး ဆောင်းပေးရတယ်။ အနုပညာသမားကတော့ ရှင်းတယ်၊ ကိုယ်တိုင်ရဲ့ စိတ်ကျေနပ်မှုကို သူတစ်ပါးကို မျှဝေတာပါပဲ။ “ကျုပ်တို့နိုင်ငံရဲ့ အခက်အခဲဆုံး အချိန်ကာလကို ဘယ်လိုခံယူချက်မျိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာလဲ” ဆိုတော့ အများနဲ့ ဆက်စပ်လုပ်ကိုင်ရလို့ စိတ်ပန်းလူပန်း ဖြစ်လာတဲ့ အခါ စိတ်အေးလူအေး ဖြစ်ဖို့ ပန်းချီကို အာရုံ စိုက်ရေးတာပါပဲ။ ဒီလိုနည်းနဲ့ ဖြတ်သန်းပါတယ်။       ။

Birthplace_of_Ulysses_S_Grant,_color_illustration,_cropped

Grant-Painting-of-Horse

Thure_de_Thulstrup_-_Battle_of_Shiloh


Ulysses S Grant 2

Ulysses S Grant indians-bartering-painting



VicksburgBlockade

(ဆက်လက်ဖော်ပြပါမည်)

နိုင်စွမ်း 
ဧပြီ ၂၈၊ ၂၀၂၁
ညနေ ၄ နာရီ ၄၇)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar