Breaking News

အောင်ဒင် - လွန်ခဲ့တဲ့ ၃၂ နှစ်က ကျောင်းသားအထုပ္ပတ္တိ

အောင်ဒင် - လွန်ခဲ့တဲ့ ၃၂ နှစ်က ကျောင်းသားအထုပ္ပတ္တိ

(မိုးမခ) မေ ၁၊ ၂၀၂၁

၂၀၂၁ ခုနှစ်ရဲ့ မြန်မာ့နွေဦးတော်လှန်ရေးကြီးကို ဂျင်နရေးရှင်း ဇီ (Generation Z) (ဂျင်ဇီ) လို့ ခေါ်ကြတဲ့ ကျောင်းသားလူငယ်လေးတွေက ဦးဆောင်နေကြတယ်လို့ ကျနော်တို့ အားလုံး အသိအမှတ်ပြုကြပါတယ်။ နေ့စဉ် နေ့စဉ် လမ်းမတွေပေါ်က ဆန္ဒပြပွဲတွေမှာ ဂျင်ဇီလေးတွေက ရှေ့ဆုံးက၊ တစ်နိုင်ငံလုံးမှာ တစ်နေ့ တစ်မျိုးမရိုးရအောင်၊ တစ်နေရာနဲ့ တစ်နေရာ မထပ်ရအောင်၊ အများလည်း ပါဝင်နိုင်ကြအောင် သပိတ်ပုံစံမျိုးစုံကို ဖန်တီးကြတာလည်း ဂျင်ဇီလေးတွေပါ။ ညစဉ်ညတိုင်း သံပုံးတီးပြီး ဖက်ဆစ်အာဏာရှင်တွေကို တောခြောက်မောင်းထုတ်တာ မရပ်ကြဖို့ ပြည်သူတွေကို တောင်းပန် စည်းရုံးကြတာလည်း ဂျင်ဇီလေးတွေပါ။ ဖက်ဆစ်အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေထဲမှာလည်း ဂျင်ဇီလေးတွေ အများကြီး ပါဝင်ပါတယ်။ အကျဉ်းထောင်တွေထဲ ဖမ်းဆီးနှိပ်စက်ခံနေကြရသူ အများစုဟာလည်း ဂျင်ဇီလေးတွေပါ။ ဖက်ဆစ်တွေက ကျောင်းတွေ ပြန်ဖွင့်ဖို့ အမိန့်တွေထုတ်ပြန်တော့လည်း ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းပြန်မတက်ကြဖို့ စည်းရုံးလှုံ့ဆော်နေကြတာလည်း ဂျင်ဇီလေးတွေပါ။ ဒါ့အပြင် အဲဒီ ဂျင်ဇီလေးတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများရှိရာ လွတ်မြောက်နယ်မြေတွေကို ခက်ခက်ခဲခဲ သွားရောက်ပြီး ဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ဖြိုခွဲဖို့၊ ပြည်သူတွေကို အကာအကွယ်ပေးဖို့ လက်နက်ကိုင်သင်တန်းတွေကို လေ့ကျင့်သင်ကြားနေကြပါပြီ။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၃၂ နှစ်ကလည်း ဒီနေ့အခြေအနေနဲ့ ထပ်တူထပ်မျှ ဖြစ်ပျက်ခဲ့ဘူးပါတယ်။ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့တဲ့ မဆလ တစ်ပါတီအာဏာရှင်အစိုးရကို ပြည်သူတွေက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ၁၉၈၈ ခုနှစ်ရဲ့ ၈ လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကိုလည်း အဲဒီခေတ်ရဲ့ ဂျင်ဇီလေးတွေလို့ ဆိုရမယ့် ကျောင်းသားလေးတွေက ဦးဆောင်ခဲ့တာပါ။ သမိုင်းဘီး တစ်ပါတ်ပြန်လည်တယ်လို့ ဆိုရမလား။ အဲဒီတုံးကလည်း ကျောင်းသားလေးတွေဟာ နိုင်ငံလုံးဆိုင်ရာ အရေးတော်ပုံကြီး ပေါ်ပေါက်လာဖို့ စာသင်ခန်းတွေထဲက ထွက်ပြီး နိုင်ငံတဝှမ်း လျှို့ဝှက်စွာ လှည့်လည်စည်းရုံးခဲ့ကြပါတယ်။ စက်သေနတ်တွေ၊ လှံစွပ်တွေ၊ တင့်ကားကြီးတွေကို ရင်ဆိုင်ပြီး လမ်းမပေါ်က ဆန္ဒပြပွဲတွေမှာ ပြည်သူတွေရဲ့ ရှေ့က ဦးဆောင်ချီတက်ခဲ့ကြပါတယ်။ တချို့ကျောင်းသားတွေ ဖမ်းဆီးသတ်ဖြတ်ခံကြရ၊ တချို့တွေ အကျဉ်းကျနေကြချိန်မှာ တချို့တွေက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများရှိရာ လွတ်မြောက်ဒေသတွေဆီ သွားရောက်လို့ လက်နက်ကိုင်တော်လှန်ရေးအတွက် ပြင်ဆင်လေ့ကျင့်ပြီး အေဘီအက်စ်ဒီအက်ဖ် (ABSDF) လို့ခေါ်ကြတဲ့ ကျောင်းသားတပ်မတော်ကို တည်ထောင်နိုင်ခဲ့ကြပါတယ်။

အဲဒီတုံးက နဝတစစ်အာဏာရှင်တွေက ကျောင်းတွေ ပြန်ဖွင့်ဖို့ ကြေညာတဲ့အချိန်မှာ နောင်တချိန်မှာ "တာရာမင်းဝေ" ဖြစ်လာမယ့် ဗကသကျောင်းသားခေါင်းဆောင်လေး "ရွှေဘုန်းလူ" က "ကျောင်းဖွင့်ချိန်" ဆိုတဲ့ ကဗျာရှည်တစ်ပုဒ်ကို ရေးသားဖြန့်ဝေပြီး ကျောင်းပြန်မတက်ရေးဖက်က လှုံ့ဆော်စည်းရုံးခဲ့ပါတယ်။ ဒါ့အပြင် ရွှေဘုန်းလူကပဲ သူနဲ့ ခေတ်ပြိုင်ကျောင်းသားလေးတွေကို ဂုဏ်ပြူတဲ့၊ အဲဒီခေတ်က ကျောင်းသားလေးတွေရဲ့ ဘဝကို ဖွဲ့ဆိုရှင်းပြတဲ့ "ကျောင်းသားအထုပ္ပတ္တိ" ဆိုတဲ့ ကဗျာရှည်တစ်ပုဒ်ကို ရေးခဲ့ပါသေးတယ်။ အဲဒီ ကဗျာထဲက အောက်ပါစာပုဒ်ကလေးကို မိတ်ဆွေတချို့ မှတ်မိကြပါလိမ့်မယ် ထင်ပါတယ်။

(၄)

အိမ်ထရံမှာ

တခါတခါ မင်းမျက်ရည်သုတ်တဲ့

စုတ်ချာချာ လွယ်အိပ်ကလေး

ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်…

"ခေတ်လွတ်လပ်မှ

ကျောင်းသားလွတ်လပ်မယ်"

အရွယ်နဲ့ မလိုက်အောင်တွေး

"ကျောင်းသားအရေး" ဆိုတာ

မင်းမှာ မရှိခဲ့ပါဘူး

"ဘုရားခေတ်မှာဆိုရင်

ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်"

ဒါပေမယ့်….

"အမှောင်ခေတ်မှာတော့

အာဏာရှင်ကို ဖီဆန်တယ်"

ညီလေးရယ် မင်းသိပ်မှန်တယ်…။

ခံယူချက်ကို

အမြောက်ဆံလို ပစ်ဖောက်

အဝေးဆုံး အမြင့်ဆုံး

ဘဝတဆုံး မင်းရောက်ခဲ့တယ်

စစ်မောင်းသံကြားရင်

ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့

ခေတ်ရဲ့ စစ်မြင်းလေးလို မင်းဟာ

ရာဇဝင်ကို ထိုးခွဲ

တိုက်ပွဲတွေကို ဒုန်းဖောက်

မီးတောက်ဆူးခြစ်

ခေတ်သစ်ပူဇော်

တော်လှန်တဲ့ ညီလေးရေ

ခွပ်ဒေါင်းအပေါင်းရဲ့

ကောင်းချီးဩဘာသံဝေ

မင်း ရောက်ရာအရပ်က ကြားပါစေ…။

"ကျောင်းဖွင့်ချိန်" ကဗျာလေးလိုပဲ ဒီ "ကျောင်းသားအထုပ္ပတ္တိ" ကဗျာလေးကလည်း ၂၀၂၁ ခုနှစ်ရဲ့ ဂျင်ဇီကလေးတွေရဲ့ ဘဝနဲ့ ကိုက်ညီနေတာမို့ သူတို့လေးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ သမိုင်းစာအုပ်ထဲမှာပဲ ကျန်ရှိနေရမယ့် အနုပညာပစ္စည်းတစ်ခုဖြစ်ပေမယ့် ခေတ်အခြေအနေရဲ့ လိုအပ်မှုကြောင့် လက်တွေ့ဘဝထဲ ပြန်လည်ဝင်ရောက်လာရသလိုပါ။

ဒီကဗျာလေးကို ကျနော်စီစဉ်ပြီး မိုးမခမီဒီယာက ၂၀၀၉ ခုနှစ်၊ ဩဂုတ်လမှာ ထုတ်ဝေတဲ့ "တာရာမင်းဝေ အမှတ်တရစာစုများ" မှာ ဖော်ပြခဲ့ပါတယ်။ သရုပ်ဖော်ပန်းချီက ကိုထိန်လင်းပါ။

(ဧပြီ ၃၀၊ ၂၀၂၁)











Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar