Breaking News

နိုင်မင်းညို မြစ်ခြေ - နှစ်ဆယ့်တစ် နွေဦးတော်လှန်ရေး

Art - Th Htay Maung
နှစ်ဆယ့်တစ် နွေဦးတော်လှန်ရေး
နိုင်မင်းညို မြစ်ခြေ
(မိုးမခ) မေ ၂၃၊ ၂၀၂၁

(၁)

မျက်လုံးက ငိုသံကို နားမှ မကြားရ။ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှကြားရတယ်။
ဖြူပြာရောင်စုံတိမ်စိုင်တွေ ပြေးလွင့်နေတယ်။ ကျွန်တော့်ရဲ့ဦးခေါင်းကိုမော့ထားခိုက် မျက်ရည်ကို ထိမ်းချုပ်ထားဆဲ မျက်တောင်ပင်များရဲ့လေဟာ ရင်ထဲထိတိုက်ခတ်လို့။

မမဝေ ...
မြူတွေမှိုင်းနေတဲ့ တောင်ပြာတန်းလေးရဲ့မနက်ခင်းတစ်နေ့မှာ ကျွန်တော်နာကျင်စွာတီးတိုးငိုနေရပါတယ် ...မမဝေ။

(၂)

နှစ်ထောင့်နှစ်ဆယ့်တစ် ညီမလေး မမြသွဲ့သွဲ့ခိုင်၊ ညီလေးမောင်ဝေယံထွန်း.. အစရှိတဲ့အာဇာနည်သူရဲကောင်းတို့ရေ ဘယ်တော့မှမမေ့။  သင်တို့ကိုလေးမြတ်စွာဦးညွတ်ရင်း အာဏာရူးတဲ့စစ်ဗိုလ်တစ်သိုက်ကိုလည်းဘယ်တော့မှမမေ့တော့ပါဘူး။

ဖေဖော်ဝါရီတစ်ရက်  မနက်ခင်းညစ်ထေးထေးမှာ ကျွန်တော့်နားတစုံဟာ တိုင်းပြည်အနှံ့နားစွင့်နေမိတယ်။ ကျွန်တော့်ရွာက ဈေးသည်တွေပြန်လာမှသတင်းသဲ့သဲ့ကြားရတယ်။ အာဏာ‌ရမ္မက်စီးဝင်ပူးနေတဲ့ဗိုလ်ရူးတစ်သိုက်ဟာ ကျွန်တော်တို့ရဲ့မိခင်၊ ကျွန်တော်တို့ရဲ့လမ်းပြမိခင်ကောင်းကင်တစ်ထည်ကိုချီသွားသတဲ့။

အပျံသင်စလူငယ်တွေ၊ လက်ဖက်ရည်ဆိုင်ထဲကလူငယ်တွေ၊ ဂစ်တာတစ်လက်နဲ့ညထဲကလူငယ်တွေ၊ မအိပ်မနေညကြီးထဲက ဟီးရိုးတွေဟာ လမ်းမတွေပေါ်ထွက်လာကြတယ်။ ဂိမ်းပလန်တွေနဲ့ အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတယ်။ လက်နက်ရှိသူတွေကိုနှလုံးသားတစ်စုံ၊ ဦးနှောက်တစ်လက်နဲ့ယှဉ်ပြိုင်ထိုးသတ်ကြတဲ့ပွဲပါပဲ။

ည ၈ နာရီမှ ာမိစ္ဆာယုတ်ကိုသံပုံးတွေတီးပြီးမောင်းထုတ်ကြတယ်။ "ကူညီပါရစေ" ဆိုတဲ့ ဆိုင်းဘုတ်တင်ထားတဲ့ပြည်ထဲရေးဟာ ပြည်သူ့အရေးကိုမေ့လို့ ရပ်ကွက်တွေ၊ အိမ်တွေထဲထိ ခွေးဝင်ဆွဲသလို့ဇွတ်အတင်းဝင်ဆွဲကြတာပေါ့။  သုံးနှစ်အရွယ်ကလေးငယ်လေးတွေဟာ "အရေးကြီးပြီ" သီချင်းကိုဆိုတတ်လာကြတယ်။ ဆန္ဒ ဆန္ဒ ပြ ပြ၊ သပိတ် သပိတ် မှောက် မှောက်လို့ လက်သီး၊ လက်မောင်းတန်းပြီးအာဏာရှင်ကိုတော်လှန်ရမှန်းသိနေပြီ။

"မမဝေ...
အပွင့်အခက်၊ အပစ်အခတ်တွေတော်လွန်းတဲ့ မမဝေရဲ့ဒယ်ဒီဟာ  အမိန့်ကိုကောင်းစွာလိုက်နာတတ်တဲ့ တာဝန်သိစစ်ဗိုလ်မှူးကြီးတဲ့" ။ ကျွန်တော်ကောင်းစွာနာကျင်ရပါတယ် မမဝေ။

(၃)

ကျွန်တော့်အဖေတို့ ခေတ်တုန်းက အကြောက်တရားကို ခေါင်းထဲရိုက်သွင်းထားတော့ အဖေဟာ ကြောက်ခတ်ကလာခဲ့တဲ့သူလို့ကျွန်တော်ကခေါ်ဝေါ်နေမိပြန်ပါတယ်။ အဖေကသူ့ရဲ့သားသမီးတွေဖြစ်တဲ့ကျွန်တော်တို့မောင် နှမတွေကို လမ်းပေါ်မထွက်စေ့ချင်ပါဘူး။  အဖေတို့ခေတ်တုန်းက ကျောင်းသားခေါင်းဆောင်တချို့၊ ဦးဆောင်သူတချို့ကိုခေါင်းဖြတ်ပြီးကားနဲ့ဒရွတ်တိုက်ဆွဲခေါ်ပါသတဲ့။ သွေးကွက်တွေကိုပြန်ဖျက်တဲ့ကားက နောက်ကနေတစ်ခါတည်းလိုက်ဖျက်ပါသတဲ့။ နောက်တော့ရဲဝန်ထမ်းလုပ်ဖူးတဲ့အိမ်နီးခြင်းအန်တီကြီးကလည်းကျွန်တော့်ကိုပြောပြပါသေးတယ်။ ညရှစ်နာရီကျော်ရင်ရဲနဲ့စစ်သားအချင်းချင်းပစ်ခတ်လို့ အနေအစားကြပ်ရသေးသတဲ့။ ရှင်သန်ခြင်းဟာပြတ်ကျတော့မယ့် ကြိုးတစ်ချောင်းလိုတဲတဲလေးတဲ့။ ညညဆိုတူးဖော်ထားတဲ့မြေတွင်းထဲကိုဝင်ပုန်း၊ မနက်လင်းရင် နံရံကဂျင်ကလိတွေနှုတ်ရနဲ့  ဆန်‌ဆိုတာ ဝေလာဝေး၊ ပြောင်းဖူးစေ့လေးချက်စားရတဲ့ ၈၈ ရဲ့ အမှောင်ဖုံး တိမ်ယုတ်တိမ်မည်းတွေပါပဲ" တဲ့ မမဝေ။

(၄)

"ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိလိမ္မာမယ်

အမှောင်ခေတ်မှာဆိုရင် အာဏာရှင်ကိုတော်လှန်မယ်" ဆိုတဲ့ တာရာမင်းဝေရဲ့စာသားဟာ ကျွန်တော့်နှလုံးသားထဲမှာကိန်းအောင်းတည်ရှိခိုင်မြဲနေပါတယ်။

ဆဒန်ဟူစိန်၊ ကဒါဖီ၊ နောက်တော့ အာဏာရှင်အဆက်ဆက် ကျွန်တော်တို့ပုန်ကန်တော်လှန်ရမယ် ‌မမဝေ။ ဒီနွေဦးမှာ ကျွန်တော်ဟာ ချေဂွေဗားရားကိုပိုပြီးအားကြ ချစ်မြတ်နိုးတတ်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့စစ်တပ်ဟာလည်း ဗိုလ်ချုပ်နဲ့အတူလုပ်ကြံသတ်ဖြတ်ခံလိုက်ရပါပြီ။ ထောင်ထဲကဆိုးသွမ်းသူနှစ်သောင်းကျော်ကိုထုတ်ပြီး ရပ်ဆူ၊ ရွာဆူ၊ မြို့ဆူဖြစ်အောင်  အထက်အမိန့်နာခံသူကြီး မမဝေရဲ့ဒယ်ဒီဟာ လက်နက်မဲ့ပြည်သူကို စက်နိုက်ပါနဲ့ကောင်းစွာချိန်ပစ်တတ်ပါသေးတယ် မမဝေရယ်။

နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်မရှိရင်ဘာဖြစ်သွားမလဲဆိုတဲ့သီချင်းစာသားကိုလည်းကျွန်တော်ဟာ ရွံရှာမုန်းတီးလာမိပါတယ်။ ကျွန်တော်တို့အတွက်အကျိုးအမြတ်ရတာဟာ တန်ဘိုးမဖြတ်နိုင်ပါဘူး။ ဖားနဲ့ငါးကိုကွဲပြားစွာသိခွင့်ရခဲ့ပါတယ်မမဝေ။  အချိန်တန်လို့မျက်နှာဖုံးတွေကွာကျလာတဲ့ စာနယ်ဇင်းတွေ၊ မီဒီယာတွေ၊ နောက် ကြားနေဝါဒါသမားရယ်လို့ အိမ်ထဲဇိမ်ခတ်နေသူတွေကိုလည်း ကျွန်တော့်သိစိတ်ထဲက အပြီးတိုင်စွန့်ပစ်ခဲ့ပါတယ် မမဝေ။
သေချာစဉ်းစားကြည့်ပါဦး။ တစ်ယောက်အာဏာရူးတာနဲ့တစ်ပြည်လုံးမငြိမ်မသက်ဖြစ်ရပါတယ် မမဝေ။ ခြောက်ဆယ့်နှစ်၊ ရှစ်ဆယ့်ရှစ် ‌ကျွန်တော်မမီလိုက်ပေမယ့် နှစ်ဆယ့်တစ်ကစ ကျွန်တော်အာဏာရှင်ကိုအလိုမရှိပါဘူး မမဝေ။ အာဏာရှင်အလိုမရှိပါ မမဝေ။

(၅)

မမဝေ ... အမျိုးဘာသာ သာသနာဆိုတဲ့မှိုင်းနဲ့ကျွန်တော်လည်းတချိန်တခါက ယိမ်းယိုင်နေမိပါသေးတယ်။ မမဝေသင်ပေးတဲ့ ငါတို့အရိုးစည်းရိုးထိုးကာရမယ့်အကြောင်းတွေ၊ အမျိုးပျောက်မှာဆိုးကြောက်စရာဆိုတဲ့ဆောင် ပုဒ်လင်္ကာတွေနဲ့တချိန်က ကျွန်တော်ဟာလည်းမျိုးချစ်သူရဲကောင်းကြီးယောင်ယောင်ပါပဲ။
သေချာစဉ်းစားကြည့်တော့ကျွန်တော်ရှက်တတ်လာတယ် မမဝေ။ လူသားချင်းစာနာသနားမှုကိုမမဝေဘယ်လိုမြင်ပါသလဲ။ ကျွန်တော်သိချင်စမ်းပါဘိ။ ကျွန်တော်မေးကြည့်ချင်စမ်းပါဘိ။ မမဝေရဲ့ဒယ်ဒီအတွက် ကျွန်တော်ပုစ္ဆာထုတ်ကြည့်ချင်စမ်းပါဘိ။

ကျွန်တော်တို့နောက်ပြန်မသွားချင်တော့ဘူး။ ဒီမိုကရေစီရဲ့အရသာဟာ ကျွန်တော့်ရဲ့လွတ်လပ်မှုလျှာဖျားပေါ်ကိုတင်မိသွားပါပြီ။

မမဝေဒယ်ဒီတို့နဲ့ ကျွန်တော်တို့ဟာ ပြဒါးတစ်လမ်းသံတစ်လမ်းပါပဲ။ တစ်ယောက်၊ တစ်‌မိသားစု၊ ဆွေမျိုးတစ်သိုက်လောက်ပဲကောင်းစားဖို့နဲ့ တစ်ပြည်လုံးကောင်းစားဖို့  ဒီပွဲမှာ ဘုရားသခင်ဟာ အမှန်တရားဘက်ကရပ် တည်နေတယ်ဆိုတာ ကျွန်တော်ယုံပါတယ်။ မမဝေနဲ့ကျွန်တော်ဟာ လက်ထဲကငှက်တစ်ကောင်လို သေဆိုသေ၊ ရှင်ဆိုရှင် အမှောင်ခေတ်ကြီးကိုကျွန်တော်တို့နဲ့အတူ မျိုးဆက်ရင်သွေးများအတွက်ထား မပစ်ခဲ့ချင်ပါဘူး။

ကျွန်တော်ဟာဖယောင်းတိုင်တစ်တိုင်ဆိုရင်...
အမှောင်ထဲမှာလင်းလက် အမှန်တရားကိုပြသွားချင်သူပဲဖြစ်တယ်မမဝေ။
မမဝေရဲ့ဒယ်ဒီဟာ ငရဲပြည်ကိုဆင်းမယ်ဆို ကျွန်တော်ဟာ အဆင်းဘီးလေးဖြစ်ချင်တယ်။ 

"မမဝေစားနေတဲ့ထမင်းတစ်လုပ်၊ မုန့်တစ်ချပ်ဟာ ကျွန်တော်တို့ပြည်သူ၊ ပြည်သားတွေရဲ့ဘဝတွေနဲ့ရင်းထားရတယ်ဆိုရင် မမဝေမျိုကျနိုင်ပါ့မလား"စာနာစွာသေချာစဉ်းစားပါ မမဝေ။

"ဟိုမှာ ...ကြည့်ပါမမဝေ"

မိစ္ဆာယုတ်ကိုမျိုးဖြုတ်မယ့် ကျွန်တော်တို့ရဲ့ပြည်သူ၊ ပြည်သားတွေဟာသံမဏိတွေလိုလက်ကိုခိုင်ခိုင်တွဲလို့ချီတက်လာခဲ့ကြပါပြီ။

အမှန်တရားနားနဲ့ဆတ်ဆတ်ကြားပါစေ မမဝေ။
အမှန်တရားနားနဲ့တဆတ်ဆတ်ကြားပါစေ မမဝေ။
လမ်းမပေါ် လက်သီးလက်မောင်းတန်းနေတဲ့အသံတွေဟာ
"အရေးတော်ပုံအောင်ရမည်
အရေးတော်ပုံအောင်ရမည်
အရေးတော်ပုံမုချအောင်ရမည်" တဲ့။ ။

နိုင်မင်းညို မြစ်ခြေ
15•5•2021စနေ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar