ခိုင်ကြည်သစ် - လက်နက်အားကိုးသူတွေ နောက်ကျောကို ထိုးမယ့်ဓား
လက်နက်အားကိုးသူတွေ နောက်ကျောကို ထိုးမယ့်ဓား
ခိုင်ကြည်သစ်
(မိုးမခ) မေ ၂၃၊ ၂၀၂၁
အာဏာရှင်တွေဟာ လက်နက်အင်အား၊ စစ်အင်အား တိုးချဲ့နိုင်မယ်ဆိုရင် သူတို့ရဲ့ အာဏာအ၀န်းအဝိုင်းကို ပိုပြီးကျယ်ပြန့်၊ ပိုပြီးခိုင်မာအောင် တည်ဆောက်နိုင်မယ်လို့ ယူဆလေ့ ရှိကြပါတယ်။ ဒါကြောင့်ပဲ အာဏာရှင်မှန်သမျှ လက်နက်အတွက် ငွေဖြုန်းဖို့ ၀န်မလေးကြတာပါ။ သူတို့ကို လက်နက်လူသူ ထောက်ပံ့တဲ့ ဘယ်သူ့ကိုမဆို အထင်ကြီးလေးစားပြီး အောက်ကျို့ပေါင်းဖို့ ဝန်မလေးကြပါဘူး။
ဒါပေမယ့် အာဏာရှင်တွေဟာ လက်နက်လူသူ ဝယ်ဖြည့်ရင်း စစ်အင်အား ဖြည့်တင်းနေချိန်မှာပဲ၊ သူတို့ကို လက်နက်လူသူ ရောင်းပေးတဲ့ သူတွေလက်ထဲ တိုင်းပြည်ကို ထိုးအပ်မိသလို ဖြစ်တတ်တာကို သတိမေ့လျော့တတ်ကြပါတယ်။
ဖိလစ်ဒီဘရစ်တို (Filippe de Brito Nicote) လို့ ပြောလိုက်ရင် သန်လျင်မြို့စား ပေါ်တူဂီလူမျိုးလို့ သိထားကြပြီး၊ သူနဲ့ပေါင်းပြီး နိဂုံးမလှ ဖြစ်ခဲ့ရတဲ့ တောင်ငူစား နတ်သျှင်နောင် ကိုသာ ပြေးမြင်လေ့ ရှိကြပါတယ်။ တကယ်တော့ ဒီဘရစ်တိုဟာ ရခိုင်ဘုရင် မင်းရာဇာကြီး လက်နက်အင်အား၊ လူအင်အား၊ (ချုပ်ပြောရရင် စစ်အင်အား) တည်ဆောက်ရင်း စတင်ပေါ်ပေါက်လာတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပါ။ ဒီသမိုင်းက အထင်အရှား ရှိပေမယ့် လူပြောနည်းပါတယ်။
၁၆ ရာစု အစောပိုင်းက စတင်ကြီးထွားလာတဲ့ ရခိုင်အင်ပါယာကြီးဟာ ၁၆ ရာစုနှောင်းပိုင်းမှာ ဟံသာ၀တီအင်ပါယာ နဲ့အပြိုင် ဂုဏ်နဲ့ ဒြပ်နဲ့ နေနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။
ဘုရင့်နောင်ရဲ့သား နန္ဒဘုရင်လက်ထက်က စလို့ ဟံသာ၀တီ အင်ပါယာကြီး တစတစ ပြိုကွဲလာချိန် (တိုင်းပြည်ကိုဖျက် ကိုယ်ပါပျက် ဆောင်းပါးမှာ ဖတ်ကြည့်နိုင်ပါတယ်။) မှာ ရခိုင်အင်ပါယာက အင်အားကောင်းသည်ထက် ကောင်းလာနေခဲ့တာပါ။ ရခိုင် နဲ့ တောင်ငူ ပူးပေါင်းလို့ ဟံသာ၀တီ ကို ညှပ်ပိတ်ပြီး ၀င်တိုက်နိုင်ခဲ့တာ သက်သေပါပဲ။ ရခိုင် အိမ်ရှေ့မင်းသား မင်းခမောင်း နဲ့ တောင်ငူ အိမ်ရှေ့မင်းသား နတ်သျှင်နောင်တို့ ပေါင်းပြီး ဟံသာ၀တီကို တိုက်ရာမှာ ပေါ်တူဂီ ဒီဘရစ်တိုလည်း ပါ၀င်ခဲ့ပါတယ်။
၁၆ ရာစုအတွင်း ဟံသာ၀တီ၊ ရခိုင်နဲ့ ယိုးဒယား(အယုဒ္ဓယ) အင်ပါယာတွေရဲ့ စစ်အင်အားကို လေ့လာကြည့်ရင် ပေါ်တူဂီကြေးစားစစ်တပ်တွေနဲ့ ပင်လယ်ကူးရွက်သေင်္ဘာတွေကလည်း အဓိကကျတဲ့ နေရာက ပါ၀င်ပါတယ်။
ရခိုင်ဘုရင်တွေကတော့ ပေါ်တူဂီစစ်အင်အားကို ပိုပြီး ထိထိရောက်ရောက်ရယူနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ပထဝီအမြင်နဲ့ကြည့်ရင် ရခိုင်က ကမ်းရိုးတန်းဒေသမို့ အိန္ဒိယသမုဒ္ဒရာထဲက ရွက်လွှင့်ဝင်လာမယ့် ပေါ်တူဂီရွက်သင်္ဘောတွေနဲ့ ပိုနီးစပ်ပါတယ်။ နောက်ပြီး ပေါ်တူဂီဘုရင်ခံချုပ်ကလည်း ဂိုအာ(Goa) မှာ အခြေစိုက်တာပါ။ ဒါ့အပြင် ရခိုင်အင်ပါယာကလည်း ဒီကနေ့ ရခိုင်ပြည်နယ်ရဲ့ အနောက်ဘက်မှာ ရှိတဲ့ ဘင်္ဂလားနယ်တွေထဲအထိ ကျယ်ပြန့်ပါတယ်။ (ရခိုင်ဘုရင် မင်းဘင် လက်ထက်မှာ ရခိုင် နဲ့ နယ်ချင်းစပ်နေတဲ့ မဂိုအင်ပါယာနဲ့ စစ်ဖြစ်ပြီး ဒါကာ အပါအ၀င် ဘင်္ဂလား ၁၂ မြို့ကို ရခိုင်တို့ ရခဲ့ပါတယ်။ အဲဒီစစ်ပွဲနိုင်တာလည်း ပေါ်တူဂီကြေးစားစစ်သည် အမြောက်အများရဲ့ အကူအညီနဲ့ပါ။) ဒါကြောင့် ပထဝီအနေအထားအရ (အိန္ဒိယတိုက်ငယ် ကြားမှာ ခံနေတယ် ဆိုဦးတော့) ရခိုင်ကို ဂိုအာ နဲ့ ပိုနီးစပ်စေပါတယ်။ ပေါ်တူဂီကြေးစားတွေကို အခြားအင်ပါယာတွေထက် ပိုပြီး ထိထိရောက်ရောက် သုံးနိုင်ဖို့ အခွင့်အလမ်းဖြစ်လာပါတယ်။ ဒီတော့လည်း ပေါ်တူဂီ ကြေးစားစစ်သည်တွေရဲ့ စစ်အင်အားကို အားကိုးမိ၊ ယုံကြည်မိ၊ မျက်နှာသာပေးမိမှာပါပဲ။
ရခိုင်ရဲ့ စစ်မျက်နှာတွေမှာ ပေါ်တူဂီ ဒီဘရစ်တို က အောင်ပွဲတွေယူပေးခဲ့တာကလည်း ရခိုင်ဘုရင့် စိတ်နှလုံးကို ပေါ်တူဂီတွေအပေါ် အရည်ပျော်ကျအောင် လုပ်ပေးနိုင်တာ ဖြစ်နိုင်ပါတယ်။
တစ်ဖက်မှာ ဟံသာ၀တီကို တောင်ငူနဲ့ ရခိုင် ပေါင်းပြီး သိမ်းပိုက်နိုင်တယ်၊ ကမ္ဘောဇသာဒီ နန်းတော်ကို ဖြိုဖျက်နိုင်တယ် ဆိုပေမယ့် ဘုရင့်နောင်ရဲ့ ဩဇာမျိုးတည်ထောင်နိုင်ခြင်းတော့ မရှိပါဘူး။ ရခိုင်ဘုရင် မင်းရာဇာကြီးအတွက် အဓိက အားနည်းချက်က အနောက်ရိုးမကို ကျော်လွှားပြီး ဩဇာဖြန့်ကျက်ဖို့ ပထဝီအနေအထားအရ ခက်ခဲတဲ့အချက်ပါ။
ဒီအချက်ကို ထောက်ပြီး မင်းရာဇာကြီးကို အယုံသွင်း အသုံးချဖို့ ကြံစည်သူကတော့ သူအားကိုးတဲ့ ဒီဘရစ်တို ပါပဲ။ ဟံသာ၀တီအင်ပါယာဟောင်းရဲ့ နယ်မြေတွေကို ထိန်းချုပ်နိုက်ဖို့ အချက်အခြာကျတဲ့သန်လျင်မှာ အခြေစိုက်သင့်ကြောင်း ဒီဘရစ်တိုက မင်းရာဇာကြီးကို အကြံပေးပါတယ်။ အကောင်းပေးတာ မဟုတ်ပါဘူး။ ရခိုင်ဘုရင် မင်းရာဇာကြီးရဲ့ တပ်အင်အားကို ယူသုံးချင်လို့ပါ။ သန်လျင်ကို မင်းရာဇာကြီး အတွက် သိမ်းပေးယောင်ပြပြီး သူ့အတွက်ကျန်အောင် အပိုင်ကြံတာပါ။
၁၆၀၀ ပြည့်နှစ်မှာ (၁၅၉၉ ခုနှစ်လို့လည်း တချို့က ဆိုတယ်။) ဒီဘရစ်တိုဟာ သင်္ဘောသုံးစင်း၊ လွန်းကြင်လှေ တစ်ရာကျော်၊ စစ်သည် ၃၀၀၀ ပါတဲ့ ရခိုင်စစ်အင်အားနဲ့ သန်လျင်ကျွန်းကို ရောက်လာပြီး အခြေစိုက် လိုက်ပါတော့တယ်။ ရခိုင်ဘုရင်ကတော့ သူ့တပ်ရဲ့ ကြေးစားခေါင်းဆောင်ကြီး သန်လျင်ကို တိုက်လိုက်နိုင်တဲ့အပေါ် အကျေနပ်ကြီး ကျေနပ်နေပါလိမ့်မယ်။ ဒါပေမယ့် နောက်ကျောကို ဓားနဲ့ အထိုးခံရတာ သူမသိရှာပါဘူး။
ဒီဘရစ်တိုဟာ နောက်တစ်နှစ်လောက်အကြာမှာ ဂိုအာ ကို ရွက်လွှင့်သွားပြီး ဂိုအာမှာ ရုံးစိုက်တဲ့ ပေါ်တူဂီဘုရင်ခံလက်ထဲ သန်လျင်ခံတပ်ကြီးကို ထိုးအပ်လိုက်ပါတယ်။ နောက်ပြီး သန်လျင်ကို အခြေပြုလို့ ဟံသာ၀တီအင်ပါယာကြီးကို ပြန်လည် သိမ်းပိုက်ရေး စီမံချက်ကြီးကိုလည်း တင်ပြလိုက်ပါတယ်။
ပေါ်တူဂီဘုရင်ခံက ဒီဘရစ်တိုကို "ပဲခူးနိုင်ငံစစ်သူကြီး" ဘွဲ့အပ်နှင်းပါတယ်။ ပေါ်တူဂီ Royal court က ဒီဘရစ်တိုကို "Commander of Syriam"၊ "General of the conquests of Pegu"၊ "King of Pegu" စသည်ဖြင့် ချီးမြှောက်ကြောင်း ရေးသားတာမျိုးလည်း ဖတ်ရဖူးပါတယ်။
ဘုရင်ခံက ဒီဘရစ်တိုကို သူ့တူမ ဒေါင်နာလွီဇာ (Donna Luisa) နဲ့ ပေးစားပြီး ဆွေမျိုးပါ စပ်လိုက်ပါတယ်။ လက်နက်လူသူအပြည့်နဲ့ သင်္ဘော ၆ စီး ထည့်ပေးလိုက်ပါတယ်။ ၁၆၀၂ မှာ သန်လျင်ကို ပြန်ရောက်ပါတယ်။ ၁၆၀၃ မှာ သန်လျင်ဟာ ဘယ်မြန်မာဘုရင်နဲ့မှ မဆိုင်တဲ့ ပေါ်တူဂီကိုလိုနီ နိုင်ငံငယ် တစ်ခုဖြစ်သွားပါတော့တယ်။
ဒီလို ခြေပုန်းခုတ်သွားတာကို ရခိုင်ဘုရင်အပါအ၀င် ပတ်၀န်းကျင် နိုင်ငံငယ် (တောင်ငူ၊ ပြည် စသည်) တွေ တစ်ခုမှ သိလိုက်ပုံ မရပါဘူး။
သန်လျင်စား ဖြစ်သွားတဲ့ ဒီဘရစ်တိုဟာ ယိုးဒယားဘုရင့် ထီးရိပ်အောက်က မုတ္တမဘုရင်ခံ "ဗညားဒလ" နဲ့ မဟာမိတ်ဖွဲ့ပါတယ်။ ယိုးဒယားဘုရင်ရဲ့ အစောင့်အရှောက်ကို မသိမသာနဲ့ ခံယူလိုက်တဲ့ သဘောပါ။ ပြည်၊ တောင်ငူ တို့ရဲ့ ရန်ကို ဒီလိုနည်းနဲ့ ကြိုတင်ကာကွယ် လိုက်တာပါ။ တစ်ဖက်မှာတော့ ရခိုင်ဘုရင်ကို ပဏ္ဍာဆက်မြဲ ဆက်နေပါတယ်။ အာဏာရှင်ဆိုတဲ့အမျိုးကလည်း ကိုယ့်ကိုယ်သာ ရိုကျိုးပါစေ၊ တိုင်းပြည်နဲ့ လူထုကို ဘာလုပ်လုပ် မျက်စိမှိတ်ထားတတ်တဲ့ အမျိုးမဟုတ်လား။ ဒီလိုနဲ့ ဒီဘရစ်တို အင်အားစုဆောင်းဖို့ အချိန်ရသွားပါတယ်။
ပဲခူးစစ်သူကြီး ဘွဲ့ခံ ဒီဘရစ်တိုရဲ့ တကယ့် အိပ်မက်က ဟံသာ၀တီ ပါ။ ဘုရင့်နောင်ခေတ် ဟံသာ၀တီ အင်ပါယာမျိုးအထိ ရည်မှန်းထားပုံပါ။
ဟံသာ၀တီမှာ နန္ဒဘုရင်မရှိတော့ဘဲ ထီးနန်းပျက်ပြီးနောက်မှာ ရခိုင်တွေကလည်း ကြေးအမြောက်နဲ့ ကြေးရုပ်ကြီးတွေမပြီး ပြန်သွားပါတယ်။ (အဲဒီ ကြေးရုပ်ကြီးတွေ မန္တလေး မဟာမြတ်မုနိဘုရား၀န်းမှာ ခုထိရှိသေးတယ်။ ဘုရင့်နောင်ရဲ့ တိုက်ရာပါ ပစ္စည်းတွေပေါ့။ ရခိုင်ဘုရင် ယူသွားတဲ့အထဲ နန္ဒဘုရင်ရဲ့ ပင်တိုင်စံ သမီးတော် "ခင်မနှောင်း" လည်း ပါပါတယ်။) တစ်ဖက်မှာလည်း တောင်ငူ၊ ပြည် နဲ့ အင်း၀ တို့ကလည်း ဆွေမျိုးချင်း (ဘုရင့်နောင် အနွယ်တော်တွေ) ရန်ဆောင်နေကြပါပြီ။ ဒါကို ဒီဘရစ်တိုက ချောင်းနေတာပါ။
နောက်ပိုင်းမှာ အင်းဝနဲ့ယှဉ်ပြိုင်ဖို့ ဒီဘရစ်တိုနဲ့ နတ်သျှင်နောင်တို့ အပေါင်းအသင်းဖြစ်ပြီး နှစ်ယောက်စလုံး ဇာတ်သိမ်းမလှခဲ့တာတော့ အများစုသိပြီးသားကိစ္စပါ။ ဘယ်လိုဖြစ်ဖြစ် ဒါကပဲ ဒီဘရစ်တိုရဲ့ရည်မှန်းချက်ကို ထင်ရှားပေါ်လွင်စေပါတယ်။
အဓိက ပြောချင်တာက မင်းရာဇာကြီး အားကိုးတဲ့ "လက်နက်ထောက်ပံ့သူ (တကယ်တော့ လက်နက်ရောင်းချပေးသူ)" ပေါ်တူဂီ တွေက မင်းရာဇာကြီးရဲ့ နောက်ကျောကို ဓားနဲ့ ထိုးခဲ့ပုံကို သတိပြုမိစေလိုတာပါ။ ပေါ်တူဂီ စစ်သင်္ဘောတွေ၊ အမြောက်တွေ၊ ကြေးစားစစ်သားတွေဟာ မင်းရာဇာကြီး ပြည်သူ့ဘဏ္ဍာနဲ့ဝယ်ယူထားတဲ့ ခေတ်မီစစ်လက်နက်တွေပါပဲ။ ဒါပေမယ့် စစ်လက်နက်ဝယ်ယူရင်း လက်နက်ရောင်းပေးသူလက်ထဲ တိုင်ပြည်ပိုင်နက်နယ်မြေကို ထိုးအပ်မိလျက်သားဖြစ်သွားတာကို နှောင်းလူတွေ သင်ခန်းစာ ထုတ်ယူစရာပါ။
တကယ်လို့သာ မင်းရာဇာကြီးအနေနဲ့ ခေတ်မီလက်နက်ကို အားကိုးယုံစားမယ့် အစား တောင်ငူ၊ ပြည်၊ မုတ္တမ၊ အစရှိတဲ့ မိတ်ဆွေရင်းတွေနဲ့ မဟာမိတ်ပြုနိုင်ရင် ဟံသာ၀တီရဲ့ အစိတ်အပိုင်းအချို့ကို ဆက်လက်ထိန်းချုပ်နိုင်ပါလိမ့်မယ်။ မြန်မာ့သမိုင်းဟာလည်း မတူကွဲပြားတဲ့ အဖြေရပါလိမ့်မယ်။
ဒီလိုမဟုတ်ဘဲ နောက်တနည်းစဉ်းစားကြည့်ရင် သန်လျင်ကို ဒီဘရစ်တိုအစား သူ့ယုံစားရတဲ့သူကို အစောင့်အနေထားနိုင်ပါတယ်။ အခုတော့ ဘာမဟုတ်တဲ့ မလောက် လေးမလောက်စား သင်္ဘောသားအကူဟောင်းတစ်ယောက်က သူ့ပိုင်နက်နယ်မြေကို ဖြတ်ခုတ်သွားတာ ခံလိုက်ရရှာပါတယ်။ ရခိုင်သမိုင်းအတွက် အမည်းစက်တစ်ကွက်ပါ။
ခေတ်မီလက်နက်အားကိုးနဲ့ မိတ်ဆွေရင်း၊ ဆွေမျိုးရင်းတွေ အချင်းချင်းကြားမှာ မောက်မာရမ်းကားသလောက် လက်နက်ရောင်းပေးမယ့်သူဆိုရင် မြင်မကောင်းအောင် နသားဘာယားလုပ်တတ်တဲ့ ခေတ်သစ် အာဏာရှင်တွေလည်း တချိန်ချိန်မှာတော့ သူတို့အားကိုးတဲ့ လက်နက်ရောင်းနိုင်ငံတွေ ပေးတဲ့ ဒုက္ခကို ခံစားကြရဦးမှာ သေချာသလောက်ပါပဲ။
ကမ္ဘာပေါ်က စစ်အာဏာရှင် မှန်သမျှ လက်နက်အတွက် ငွေဖြုန်း၊ ပြည်ဖျက်လုပ်မယ့်အစား ပြည်သူ့ဆန္ဒကို လိုက်လျော ဖြည့်ဆည်း ဖော်ဆောင်ပေးခြင်းဖြင့် အင်အားကြီးထွားဖို့ ကြံစည်နိုင်ကြပါစေ။
ခိုင်ကြည်သစ်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar