Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၅ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၅၊ ၂၀၂၁

ဆုတ်ယုတ်တဲ့ ခေတ်တခေတ်ရဲ့ အစ

လျှပ်စစ်မီးတွေ system break down (မီးပေးဝေစနစ်ပြုတ်ကျ ) ပျက်တာ ၂ ရက်ရှိပါပြီ။ ရန်ကုန်အပါအဝင် မြို့အတော်များများ ပျက်ကြတယ်လို့ယူဆရပါတယ်။ နွေရာသီရဲ့ အပူဆုံးအချိန်လည်းဖြစ် လူတွေအဖို့ လျှပ်စစ်မီးနဲ့ အပူဒဏ်ကို သက်သာအောင် နေကြရချိန်၊ အသက်အရွယ်အိုမင်းသူတွေ၊ ကျန်းမာရေးမကောင်းသူတွေလည်း အပူဒဏ်ကြောင့် နေရတာ မသက်မသာဖြစ်ကြလိမ့်မယ် ထင်ပါတယ်။

လျှပ်စစ်ဓါတ်အားပေးဝေရေးဌာနက လူအင်အားလည်း စီဒီအမ်ပါဝင်တာတွေကြောင့် အပြည့်အဝမရှိမှာ သေချာပါတယ်။ ကျွမ်းကျင်သူတွေ ဆုံးရှုံးမှု၊ တနှစ်တာမှာ လျှပ်စစ်ဓါတ်အား အသုံးအများဆုံးကာလ စတာတွေနဲ့ လျှပ်စစ်မီးပျက်တာ စိပ်လာ ညဘက် နေ့ဘက် ဖြစ်လာနေပါတယ်။ ဘာလို့ လျှပ်စစ်မီးအကြောင်းက စပြောရသလဲဆိုရင် လျှပ်စစ်မီးက လက်ငင်း လူတိုင်းနဲ့ သက်ဆိုင်နေလို့၊ သက်ရောက်မှုလည်း ရှိတာကြောင့် လက်ငင်း အကြောင်းအရာကနေ ဆက်စပ်ပြောဆိုခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းမှုဟာ မြန်မာနိုင်ငံအဖို့ နိုင်ငံရေး ဆုတ်ကပ်၊ စီးပွားရေး ဆုတ်ကပ်၊ ပညာရေး ဆုတ်ကပ်၊ လူမှုရေး ဆုတ်ကပ် ၊ စိတ်ဓါတ်ပိုင်း စာရိတ္တပိုင်းဆုတ်ကပ် ချုပ်ပြောရရင် အထွေထွေ ဆုတ်ယုတ်မှု တခုဆီကို ဦးတည်သွားနေပြီး ခုကာလတင်ကိုပဲ တချို့သော သက်ရောက်မှုတွေ ရိုက်ခတ်မှုတွေ မြင်တွေ့နေရပါပြီ။

ဒါတင်ပဲလားလို့ဆိုရင် ခုမှ အစပဲရှိပါသေးတယ်လုိ့ ဆိုရပါလိမ့်မယ်။ ထင်သာမြင်သာရှိတဲ့ ကိစ္စရပ်တွေက ခုချက်ခြင်း မြင်နိုင်ပေမယ့်လည်း ထင်သာမြင်သာမရှိတဲ့ အပိုင်း အဆိုပါအပိုင်းရဲ့ သက်ရောက်မှုက နောက် လပိုင်းအတွင်း နှစ်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို သက်ရောက်လာမယ့် သဘောရှိပါတယ်။

ယမန်နေ့ကသတင်းထဲမှာ ရင်းနှီးမြှုပ်နှံသူ အချို့က ဒေသတွင်းက မြန်မာနိုင်ငံလိုပဲ လုပ်ခစျေးသက်သာတဲ့ နိုင်ငံတချို့ကို ရွှေ့ပြောင်းကြဖို့ ဆွေးနွေးစီစဥ်ေနကြပါပြီ။ အထည်ချုပ်လိုမျိုး၊ အခြားသော လုပ်အားအခြေပြု လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်တော့ရင်၊ တခြားနိုင်ငံတွေက ပိတ်ဆို့မှုတွေ လုပ်ဆောင်လာပြီဆိုရင် မြန်မာနိုင်ငံရဲ့ လုပ်အားခ စျေးချိုတာတခုထဲ အတွက်နဲ့ ဖက်တွယ်ပြီး လုပ်နေမှာ မဟုတ်တော့တဲ့ သဘောလည်း ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံ မှာ လုပ်ကြတဲ့ အလုပ်သမားတွေ အဖို့ အလုပ်အကိုင်တွေ ဆုံးရှုံးကြမယ့် အလားအလာနဲ့ ရင်ဆိုင်ကြရမယ့် အရိပ်လက္ခဏာလည်း စတင်မြင်တွေ့နေရပါပြီ။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ပိုပြီးနည်းပါးလာတာနဲ့ အမျှ အိမ်နီးချင်းနိုင်ငံ ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ကြမယ့် အရေအတွက်ခုထက်ပိုပြီး တိုးပွားလာနိုင်ပါတယ်။

စီဒီအမ် လုပ်ကြတဲ့ ဆရာဝန်တွေကို ဖမ်းဆီးဖို့ ဝရန်းထုတ်တာတွေ နေ့စဥ်နဲ့အမျှ ကြေညာတာတွေ ကို ကြည့်ရင်လည်း နိုင်ငံအတွက် လိုအပ်တဲ့ဆရာဝန််တွေ ကျန်းမာရေးစောက်ရှောက်သူတွေကို နှီပ်ကွပ်နေတာ ဖြစ်လို့ စစ်တပ်နဲ့ စစ်တပ်မိသားစုဝင်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုက လွဲရင် လူအများစုအတွက် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ဖြိုဖျက်ချနေတဲ့ သဘောပါ။ ဆရာဝန်တွေက ပါတီနိုင်ငံရေးလုပ်တာမဟုတ်ပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာသာဖြစ်ပေမယ့် စစ်ကောင်စီကတော့ သူတို့ကို မထောက်ခံတဲ့သူဆို အသိုက်ပါဖြိုဖျက်မယ့် သဘောမျိုးနဲ့ အလုပ်က ထုတ်ပယ်ရုံတင်မကပဲ ဝရန်းကပ်ပြီး ဖမ်းဆီးမယ့် အထိလုပ်လာတာတွေဟာ ၈၈ ခုနှစ် အာဏာသိမ်းပြီးကာလမှာတောင် မကျင့်သုံးခဲ့တဲ့ နည်းနာမျိုး ခု ကျင့်သုံးနေတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေကို ကြည့်ရင် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဟာ နိုင်ငံကို အထွေထွေဆုတ်ကပ် ဆီကို ဆွဲချသွားတယ်လို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

အခုလို စစ်အာဏာသိမ်းမှုက နိုင်ငံကို လူထုကို ဆုတ်ကပ်ဆီကို ဆွဲချသွားချိန်မှာ ဒီမုိကရေစီအတွက် တိုက်ပွဲဝင်ကြသူတွေဘက်က ၊ အရေးတာ်ပုံ ထောက်ခံသူတွေဘက်ကလည်း ရုပ်ဝတ္တုဆုတ်ကပ်၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ဆုတ်ကပ် မျိုး မဖြစ်အောင် မိမိတို့တတ်နိုင်တဲ့ဘက်က အချင်းချင်းယိုင်းပင်း ကူညီ၊ စာနာ၊ ဖေးမ၊ လူသားတန်ဖိုး၊ ကျားမရေးရာ တန်းတူတန်ဖိုး၊ တရားမှျတမှုတန်ဖိုးဆိုတဲ့ ကိုယ်ကျင့် စာရဏတရားအဆင့်အတန်းတွေကို မြှင့်တင်ထိန်းသိမ်းကြဖို့လိုအပ်တယ်လို့ ယူဆမိပါတယ်။ တိုက်ပွဲဝင်စဥ်မှာ ရန်သူက ကျားမရေးရာ စော်ကားမှု လိင်စော်ကားမှု လုပ်ကြတာတွေ ရှိနေတာကြောင့်၊ အရေးတော်ပုံထောက်ခံသူတွေဘက်က အဲဒါနဲ့ဆန့်ကျင်ဘက် ကျားမရေးရာတန်းတူမှုကို အတတ်နိုင်ဆုံး ကာကွယ်ပေးကြမယ်၊ လိင်စော်ကားမှုကို ဖြစ်စေတဲ့ အပြုအမူအပြောအဆိုတွေ မဖြစ်အောင် စောင့်ထိန်းကြမယ်၊ အချင်းချင်း ပညာပေးကြဖို့ လိုအပ်ပါမယ်။ အလားတူပဲ လူသားချင်းတန်းတူမှု၊ လူမျိုးစုငယ်၊ လူမျိုးစုကြီး၊ လူများစု၊ လူနည်းစုများအကြား ခွဲခြားဆက်ဆံမှု အဆင့်အတန်းခွဲခြားမှု ကန့်သတ်မှုတွေကို မရှိစေဖို့ ကိုယ်တိုင်လည်းကျင့်သုံး အများကိုလည်း ဝိုင်းဝန်းစည်းရုံးလှုံ့ဆော်ကြဖို့ လိုအပ်ပါလိမ့်မယ်။ ဘာသာရေး အမျိုးသားရေး လူတန်းစားအရေး မိသားစုအရေးတွေထဲမှာ မှိုင်းတွေ ဂျင်းတွေ သွင်းထားတာတွေကို ဖယ်ခွာချပြီး အားလုံး မျက်နှာစုံညီ စကားပြောကြ သံသယတွေ ဖယ်ရှားကြဖို့ လိုပါတယ်။

နွေဦးတော်လှန်ရေးဆိုတာကိုက ပိုပြီး ပွင့်လင်းတဲ့ လူ့ဘောင်၊ ပိုပြီးတန်းတူညီမှျမှုရှိတဲ့ လူ့ဘောင်၊ အသားအရောင်၊ ကိုးကွယ်ရာဘာသာ၊ လူမျိုး၊ စတာတွေအပေါ် မူတည်ခွဲခြား ဆက်ဆံမှု ကန့်သတ်မှုမရှိတဲ့ လူ့ဘောင်ကို ရောက်ချင်လို့ ဖြစ်တာကေြာင့် မြင့်မားတဲ့တန်ဖိုး၊ ရည်မှန်းချက် ကို မြင့်မားတဲ့ ကိုယ်ကျင့်သိက္ခာနဲ့ ချီတက်ကြဖို့လိုအပ်မယ်လို့ ထင်ပါတယ်။ အချင်းချင်းကြားက သဘောထားကွဲပြားမှု ပဋိပက္ခတွေကို သဘောထားကြီးမှုနဲ့ ဖြေရှင်းကြမယ်၊ တန်းတူ သဘောထားနဲ့ ဖြေရှင်းကြမယ်၊ တန်ဖိုးတွေ စံနှုန်းတွေကို ရလဒ်ထက် ပိုတန်ဖိုးထားကြဖို့လိုအပ်မယ်လို့လည်း ယုံကြည် ယူဆပါတယ်။

ဒီနေ့အတွေး ဒီနေ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာဆွေးနွေးပြီးနောက် မေလ ၅ ရက်နေ့ရဲ့ အဖြစ်အပျက်တချို့ကို အကျဥ်းချုပ် ဖေါ်ပြရမယ်ဆိုရင် တရုတ်ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ ကျောက်ဆည်မြို့နယ်ထဲက ကျေးရွာတရွာ အနီးက ပိုက်လိုင်းစောင့် ရဲကင်းကို ရွာသားတွေလို့ယူဆရသူတွေက ဓါးနဲ့ဝင်ခုတ်လို့ ရဲ ၃ ဦးသေဆုံးသွားတဲ့ဆိုတဲ့ သတင်းပါ။ နွေဦးေတာ်လှန်ရေး စတင်ကာစကတည်းက စစ်အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံရဲ့ သဘောထား၊ ကုလသမဂ္ဂမှာ တရုတ် နိုင်ငံက စစ်ကောင်စီကို အကာအကွယ်ပေးမှုတွေကို မကျေနပ်ကြတဲ့ ဆန္ဒပြသူတချို့က ရေနံပိုက်လိုင်း ကို ဖေါက်ခွဲပစ်မယ် ဘာလုပ်မယ် ညာလုပ်မယ် ဆိုတဲ့ သတင်းတွေ ဆုိရှယ်မီဒီယာမှာ တက်လာဖူးပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနက ပိုက်လိုင်းလုံခြုံရေးအတွက် တာဝန်ရှိသူတွေ၊ လုံခြုံရေးတပ်ဖွဲ့က ဗိုလ်ချုပ်တွေနဲ့ အွန်လိုင်းက နေအစည်းအဝေး လုပ်ခဲ့ဖူးပါတယ်။ အစည်းအဝေးမှတ်တမ်းပါ အချက်အလက်တချို့ ဆိုရှယ်မီဒီယာကို ပေါက်ကြားတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိကြီးတချို့ အဖမ်းခံရတဲ့ သတင်းလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။

ဒီနေ့အတွက် မျက်နှာဖုံးသတင်းဖြစ်မယ့် သတင်းတပုဒ်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်လို့ မြန်မာလိုခေါ်ဆိုပြီး အင်္ဂလိပ်လို People Defence Force - PDF လို့အတိုကောက် အားဖြင့်ခေါ်ဆိုမယ့် ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးလက်နက်ကိုင်တပ်ကို ဖွဲ့စည်းလိုက်တဲ့ သတင်းဖြစ်ပါတယ်။

ဖက်ဒရယ်တပ်မတော်ကို ဘယ်လိုပုံဖွဲ့မယ်ဆိုတဲ့ အပေါ်မှာတော့ ထပ်မံဆွေးနွေးစရာတွေ သဘောတူညီမှုရအောင် လုပ်ရမယ့် အချက်တွေ သမိုင်းဆိုင်ရာ ပြန်လည်ထည့်သွင်းစဥ်းစားစရာ တွေအများကြီးရှိနိုင်ပါတယ်။ ခုဖွဲ့စည်းလိုက်တဲ့ PDF ကတော့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်လာတဲ့သဘောပဲ ဖြစ်ပါတယ်။ လူအင်အား လက်နက်အင်အား စတဲ့အချက်အလက်တွေတော့ ထုတ်ဖေါ်ပြောဆိုခြင်း ထွက်ပေါ်လာခြင်း မရှိေသးပါဘူး။

PDF မထွက်ပေါ်ခင် လွန်ခဲ့တဲ့ ၁ ရက်မှာ NUG အစိုးရက ဝန်ကြီးဌာနအချို့နဲ့ ဒုဝန်ကြီးတွေကို တိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။ CRPH - NUG ဟာ ဧပြီ ၁၇ နေ့ကစလို ခြေလှမ်းတွေ လှမ်းလာခဲ့တာ အခုဆိုရင် တတိယမြောက်ပတ်ကို ရောက်လာပါပြီ။ တိုင်းရင်းသားနယ်မြေတွေမှာ CRPH - NUG ကို လက်ခံမှု ကြိုဆိုမှု ဆွေးနွေးမှုတွေ ရှိနေတယ်၊ အကျိုးရှိနေတယ်ဆိုတာ သေချာပါတယ်။ NUG ၏ အစိုးရစုဖွဲ့မှုတွေမှာ Civil Society နဲ့ Activism Field ထဲက မျိုးဆက်သစ်တွေ၊ တိုင်းရင်းသား လူငယ် လူရွယ်မျိုးဆက်သစ်တွေ ပါဝင်လာတာကို ကြည့်ရင် နွေဦးတော်လှန်ရေးဟာ ရွက်ဟောင်းကို ချွေ ရွက်သစ်ဝေ စိမ်းလမ်းတဲ့ လမ်းသစ် အမြင်သစ်တွေဆီ ဖောက်ကြတဲ့ စိတ်ရော ကိုယ်ပါ တော်လှန်ရေးတရပ်ဖြစ်တယ်လို့ ယုံကြည်ရမည် ထင်ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် သတင်းအပြင် အခြားသတင်းတွေ အနေနဲ့တော့ ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့အခြားမြို့တွေမှာ ပေါက်ကွဲမှုဆိုတာနေ့တဓူဝ ဖြစ်ပျက်လေ့ရှိတဲ့ ကိစ္စသဖွယ် ဖြစ်လာနေပါတယ်။ ပေါက်ကွဲမှု အသံကြားရင် ဘယ်နားလဲ နီးလား ဝေးလားဆိုတဲ့ စောကြောမှုလောက်သာလုပ်ကြပြီး နောက် လုပ်စရာရှိတာ ဆက်လုပ်နေကြတဲ့ သဘောဖြစ်လာနေပါတယ်၊ ပေါက်ကွဲမှု အများစုက လူသေဆုံး ထိခိုက်မှုနည်းပြီး အချို့သော ပေါက်ကွဲမှုတွေတော့ ထိခိုက်မှုရှိပါတယ်။

ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတာကြောင့် စာသင်ကျောင်းတွေကလည်း ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာတွေ ဖြစ်လာပြီး မနက်က ဒဂုံတက္ကသိုလ် သွားတဲ့ ဘတ်စကား ပေါက်ကွဲမှု ဖြစ်ပွားသလို နယ်မြို့အချို့က စာသင်ကျောင်းတချို့မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားတဲ့ သတင်းတွေ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ ဒါ့အပြင် ဒီနေ့ နေပြည်တော် ပျဥ်းမနားမြို့ပေါင်းလောင်းရပ်ကွက်ဘက်မှာ ဖြစ်တဲ့ ပေါက်ကွဲမှုမှာ ရဲမေ တဦးဒဏ်ရာရတယ်လို့ သတင်းထဲမှာ ဖတ်ရပါတယ်။

နွေဦးတော်လှန်ရေးက အကြမ်းမဖက်တဲ့ ဆန္ဒထုတ်ဖေါ်မှုနဲ့ စတင်ခဲ့သော်လည်း စစ်ကောင်စီရဲ့ ရက်စက်တဲ့ ဖြိုခွဲမှု၊ ဥပဒေမဲ့ ပစ်သတ်တာတွေ ရိုက်နှက်တာတွေ၊ ကလေးသူငယ်တွေအပါအဝင် အသက်ဆုံးရှုံးရတာတွေ တွေ့မြင်လာရတဲ့နောက် အချို့သော ဆန္ဒပြသူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့နည်းလမ်းကို စွန့်လွှတ်ခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေဆီထွက်ခွာပြီး လက်နက်နဲ့ တုံ့ပြန်ဖို့ လမ်းကို ရွေးခဲ့သလို အချို့သော ဆန္ဒပြသူတွေကတော့ အဖမ်းခံ ပစ်သတ်ခံရနိုင်တဲ့အန္တရာယ်ကြားက ငြိမ်းချမ်းစွာ ဆန္ဒပြနေတာလည်း ရှိပါတယ်။

အခုချိန်မှာ ပြည်တွင်းကော ပြည်ပက နည်းမျိုးစုံ ဘက်ပေါင်းစုံက ကိုယ်ထူကိုယ်ထ ကိုယ်အားကိုယ်ကိုးပြီး တော်လှန်ရေး ဆင်နွှဲနေသူတွေ ထောက်ပံ့နေကြသူတွေ ရင်ဆိုင်ကြရမယ့် မေးခွန်းနဲ့ ရွေးချယ်မှုကတော့ CRPH - NUG က တော်လှန်ရေးတပ်ဦးကနေ ပြတ်ပြတ်သားသား ဦးဆောင်တိုက်ပွဲတွေ တိုးမြှင့်လာတာနဲ့အမျှ CRPH - NUG - PDF - NUCC ခေါင်းဆောင်တွေ ကွန်ယက်တွေနဲ့ ဘယ်လို ထိထိရောက်ရောက် နီးနီးကပ်ကပ် ချိတ်ဆက် လက်တွဲ ဆောင်ရွက်နိုင်ကြမလဲဆိုတဲ့ အချက်လည်း အဓိကဖြစ်လာပါလိမ့်မယ်။ ရခိုင်ပြည်နယ်က အင်အားကြီး ရခိုင်အမျိုးသားပါတီ (ANP) ကတော့ စစ်ကောင်စီနဲ့ လက်တွဲဖြုတ်မယ်လို့ ပြောလိုက်ပါတယ်။ သူတို့တွေ ဘယ်လမ်းလိုက်မလဲ။ AA ရခိုင်တပ်တော်ဦးဆောင်မှုနောက်ဆိုရင် - တနေ့တချိန် AA ရခိုင်တပ်တော်က နွေဦးတော်လှန်ရေးတပ်သားများနဲ့ ဦးတည်ချက်တွေကို ဘယ်လို ချိတ်ဆက် မဆက်ဆိုတာ စိတ်ဝင်စားစရာ သမိုင်းသင်ခန်းစာဖြစ်လာပါမယ်။

Photo - မန္တလေးမြို့ပေါ်က အင်ဂျင်နီယာ မိသားစု သပိတ်စစ်ကြောင်း (MPS PressPhoto)  

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar