Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ခက်သီ၊ ကျော်ဟုန်း


ART- THAN HTAY MAUNG

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
မေ ၆၊ ၂၀၂၁

ဝင်းမော်ဦး မြသွဲ့သွဲ့ခိုင်မှသည်
ခက်သီ

တိုက်ပွဲ မရှိရင် အောင်ပွဲမရှိ
အော်ဟစ်ကြွေးကြော်သံတွေနဲ့အတူ
စီးမျောလာတဲ့လူအုပ်ကြီး။

ကျားလှောင်အိမ်ထဲမှာ ဆွေးနွေလို့ရမလား
ကျားသနားမှ နွားချမ်းသာမျှော်ဦးမလား
နိုင်ငံရေးဟာ အောက်ကြေးနှိုက်မရ။

သစ်ငုတ်တို ရွှေချတဲ့နိုင်ငံရေးကိုရွေးမလား
အမြစ်လှန် အသစ်စိုက်ဖို့ကြိုးစားမလား
လူထုရဲ့အသံကို နားစွင့်မိတယ်။

မင်းတို့က ငါတို့ကို မြေမြှပ်ဖို့ကြိုးစားတာကိုး
ငါတို့က သစ်စေ့တွေဆိုတာ မင်းတို့မသိဘူး 
စကားပုံတခုမှာ မှတ်သားမိခဲ့။

ဓားကနေ အပင်မပေါက်လည်း
မြေရိုင်းကို ရှင်းလင်းဖို့ ဓားလိုတယ်
၂၁ ရာစုမှာ နည်းပညာဟာ ဓားတလက်ပဲ
သူတို့မှာ သေနတ်ကိုင်တဲ့ လူ ၄ သိန်း
ငါတို့မှာ စမတ်ဖုန်းကိုင်ထားတဲ့ စမတ်လူငယ်တွေ သန်းပေါင်းများစွာ။

ဝင်မော်ဦး မြသွဲ့သွဲ့ခိုင်မှသည်
တော်လှန်ဝိညာဉ်တွေ
စစ်အာဏာရှင် အမြစ်မပြတ်သ၍
အမျှဝေလို့မဖြစ်သေး 
ဉာဏ်ပညာနဲ့ နှလုံးသား ဘက်ညီမျှတဲ့ တော်လှန်ရေး
တောက်ပသော အနုပညာတရပ်
ကမ္ဘာ့လူသားများ မတ်တပ်ရပ်ပေးကြပါ။      ။

19.2.2021

.....

နွေဦး ဇာတ်ကြမ်းတွဲ
ကျော်ဟုန်း

စဖွင့်ကတည်းက
ကန့်လန့်ကာက မီးစွဲနေတာ
ဇာတ်လမ်းကလည်း ဗရမ်းဗတာ။

ခေါင်ထိအကုန်ထင်ပြီး
ဘုရင်နဲ့ ဘုရင်မကို ဖမ်းလိုက်မှ
တနိုင်ငံလုံး မီးဟုန်းဟုန်းတောက်တဲ့ ဇာတ်။

မီးငြိမ်းတာ လွယ်တယ်ထင်တဲ့
စစ်ဓားပြ(ဒမြ)ကောင်တွေဟာ
မီးမငြိမ်းတဲ့သူတွေကို ရက်စက်
ရက်စက်တော့ နာကြည်း
နာကြည်းမှုဟာ တော်လှန်မှုရဲ့အင်အားဖြစ်
အဲ့ဒိမှာ တနိုင်ငံလုံး မီးထလောင်နေတော့မှ
ရှေ့တိုး ခက်၊ နောက်ဆုတ် ခက်နဲ့
မရဲဘဲ ကျွဲဖြဲစီးနေရပြီ။


သေမထူး နေမထူးချင်းတူရင်
ရက်စက်ဒဏ်ခံရသူက ပို သတ္တိရှိတယ်။

ဒီဇာတ်ဟာ ဗရမ်းဗတာနိုင်လွန်းလည်း
ဇာတ်ကြောရိုးကိုက
သူသေ ကိုယ်ရှင် ဇာတ်လမ်းမို့
သွေးချင်းချင်းနီ
၁၈ နှစ်အောက်ပါ ဝင်သရုပ်ဆောင်နေရပြီ။

ဇာတ်လမ်းဆိုတော့လည်း
ပြီးဆုံးအောင် ကကြရမယ်မဟုတ်လား။


၂၀၂၁၀၅၀၅

.....

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar