Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - နှင်းခါးမိုး၊ ဝင်းမြင့်၊ လင်းသစ္စာဦး

Art- Than Htay Maung
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
မေ ၃၊ ၂၀၂၁
.....

ငါတို့နိုင်တယ်
နှင်းခါးမိုး

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတယောက်
ကိုဗစ်ကြောင့်ပိတ်လှောင်ထားတာကိုမခံနိုင်လို့တဲ့
လေးထပ်တိုက်ပေါ်ကခုန်ချသတ်သေသွားတယ်၊

လွတ်လပ်မှုကင်းမဲ့စွာအသက်ရှင်နေရတာထက်
လွတ်လွတ်လပ်လပ်သေရတာကို သူရွေးချယ်သွားတာပဲ၊

ငါတို့လည်း မျိုးဆက်လေးခုလောက် ခုန်ချခဲ့ကြတယ်
လူကိုသတ်လို့ရတယ် လွတ်လပ်မှုကိုသတ်လို့မရဘူးလို့
အော်ဟစ်ကြရင်း။ 

.....

စက်ချို့ယွင်းခြင်း
ဝင်းမြင့်

လူတယောက်
ပြတင်းပေါက်ဖက်ကို တနေကုန်လှည့်လို့
နောက်တော့ ပြတင်းပေါက်ကနေ
ဖြူလွှလွှသဏ္ဌာန်တခု ထွက်သွားတဲ့အခါ
ခဲထားတဲ့ဆေးပေါ့လိပ်က ပါးစပ်ကလွတ်ကျ
မီးပွားတွေ အဝတ်ပေါ်လောင်နေမှ
သတိရသွားတာက
ကျနော့်ရဲ့နှင်းဆီပန်းစီး ထံကိုပါ
ခုံနံပါတ်မဲ့လိုက်လာခဲ့ပါတယ်
အုတ်ရိုးတွေ ချုပ်ရိုးမဖြည်သေးတဲ့လမ်းဖြစ်ရုံလောက်နဲ့
ကိုယ့်ရဲ့ဆောက်တည်ရာမဲ့ရလာဒ်တွေကြား
ဖိနပ်အဟောင်းလေးအတိုင်း လိုက်လာခဲ့တယ်
ငုံ့ကြည့်တော့ နံရံအသစ်တွေ
ငါမပျံတတ်ပါဘူးပြောတော့လည်း
မင်းကငြင်းတယ်
ငါပျံပြတော့လည်း မင်းကငိုနေပြန်ပေါ့  ။   ။

၁၀  ၄  ၂၀၂၀

.....


အခိုင်လမ်းပေါ်က ပန်းတွေ
လင်းသစ္စာဦး

မနက်ဖြန်ကို တစ်ဆယ်ပေးပြီး
ပျော်ပါစေ ဆုတောင်းမယ်
ရန်သူ့ အကြောင်း ခေါင်းလောင်းထိုးပြီးရင်
မင်နဲ့ မောင်းနဲ့ သားလောင်းတွေ
ရည်ရွယ်ရာကို မကွေ့ မဝိုက်နဲ့....

ဆေးရှိုက်သလို
ပျော်ပျော်နေဖို့
အကွယ် အဝှက်က ဆုတောင်း
နေရောင်ခြည်လည်း ရဲရဲ ရင့်ရင့်
နဖူးတည့်တည့်က ညီမလေး
နေကောင်း မောင်းတင်နိုင်စေ....

ခုတုန်းမှာ
မျက်ရည်ကို ကျကျနန
ဝါကျလို ပြန်စီ
ညီပြီဆို နောက်တစ်ကြိမ်
ကြိမ်ပြောစရာ လိုလို့လား
ညီလေးရဲ့ အားဟာ
အားကနဲ ဖြစ်စေမယ့် အရာ....

ဘယ်တော့လဲ
မေးခွန်းဟာ ကိုယ်တို့ အနားမှာ
ဘယ်အရာလဲ
လျာထားသမျှ လာမှာ
ချစ်ခြင်းကို မြဲမြဲ ဆုပ်
လက်လုပ် ချစ်ကြည်ရေးတွေ
ညီစေ ကွဲ့ ညီစေ....

ပျောက်နေတဲ့ နာမည်လေး
ရှာပြီး ပြန်ပေးပြီးရင်
ရည်ရွယ်ရာ အခိုင် လမ်း
ပန်းတွေ အမြိုင် အဆိုင်နဲ့
သည်ဘက်က အပျော်တွေ
ဟိုဘက်ကမ်း တိုင်စေပေါ့.....
.....

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar