Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၂၊ ၂၀၂၁

တနင်္ဂနွေနေ့လည်း ဖြစ်တဲ့ မေလ ၂ ရက်နေ့ကို ကမ္ဘာ့လုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးဆိုတဲ့ နှိုးဆော်မှုနဲ့ နိုင်ငံအသီးသီးရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ၊ နိုင်ငံတကာက မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ထောက်ခံသူတွေ ပါဝင် ပြိုင်တူ ဆန္ဒထုတ်ဖေါ်ကြတာနဲ့ အတူ မြန်မာနိုင်ငံထဲမှာလည်း စစ်ကောင်စီ အကြမ်းဖက် ဖြိုခွဲတဲ့ လက်နက်ကိုင်တွေ တရစပ် ကင်းလှည့်နေ စောင့်ကြည့်နေတဲ့ ကြားထဲက ဆန္ဒထုတ်ဖေါ်မှုတွေ မြို့အတော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။ ကျည်အစစ်နဲ့ ဖြိုခွဲမှုတွေလည်း ရှိခဲ့ပြီး အနည်းဆုံး ဆန္ဒပြသူ ၇ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ နေ့ဖြစ်ပါတယ်။ နောင်ချို၊ မိုးကုတ်၊ ဖားကန့်၊ ဝက်လက်၊ မန္တလေး တို့မှာ အသက်ဆုံးရှုံးခဲ့ရတာပါ။

စစ်အာဏာသိမ်းပြီး အုပ်ချုပ်နိုင်ပြီလို့ စစ်ကောင်စီက မကြွေးကြော်နိုင်အောင် ၃ လတာ ဆန္ဒပြခဲ့ကြပြီး ဧပြီလထဲ အရှိန်လျော့ကျခဲ့ရာက ခု မေလဆန်း ၁ ရက် နေ့ ၂ ရက်နေ့မှာ ပြန်လည် အရှိန်ရဖို့ တပြိုင်နက်ထဲ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း ဆန္ဒပြသူတွေကို ဆူပူ အကြမ်းဖက်သူလို့ ပြောင်းပြန် ခေါ်ဆိုပြီး ပစ်ခတ်သတ်ဖြတ်ခွင့် ပေးထားတာလည်း ဖြစ်ပါတယ်။ ဆန္ဒပြသူတွေတင်မက ရပ်ကွက်ထဲ ကျေးရွာထဲ ကိုယ့်အိမ် ကိုယ်နေထိုင်သူတွေကိုပါ မထင်ရင် မထင်သလို ဝင်စစ် ပစ္စည်းယူ ပိုက်ဆံတောင်းတာတွေ လုပ်နေတာလည်း ဓါးပြတပ်သဖွယ် ဖြစ်လာနေပါတယ်။

ဒီလို ပစ္စည်းလုယက်၊ ငွေလုယက် သိမ်းဆည်း ယူသွားတာတွေကိုလည်း တကြိမ်တခါမျှ အပြစ်ပေးတာမျိုး မရှိပဲ စစ်တပ်မိသားစု ကြ့ံခိုင်ရေးမိသားစုကလွဲရင် ကျန်တဲ့ လူထုအားလုံးကို သူပုန်တွေသဖွယ် မြေလှန်ခွင့် လုယက် သတ်ဖြတ်ခွင့် ပေးထားပြီး စစ်အာဏာ ခိုင်မြဲဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

ဒီနေ့ အထိ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အရေးတော်ပုံမှာ အသက်ဆုံးရှုံးခဲ့ရသူ ၇၅၀ ကျော်သွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ လတာအတွင်း စစ်ကောင်စီက အမိန့်ပေး စေခိုင်းထားတဲ့ စစ်တပ်၊ လုံထိန်းတပ်နဲ့ ရဲတွေရဲ့ လက်ချက်နဲ့ လူငယ်၊ လူလတ်ပိုင်းတင်သာမက အရွယ် မရောက်သေးတဲ့ ကလေးသူငယ်တွေလည်းပါ လမ်းပေါ်မှာ အိမ်ထဲမှာ မိသားစုဝင်ရှေ့မှာပါ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဆိုးရွားလှတဲ့ ကလေးသူငယ်ကို ပစ်သတ်တဲ့ အဖြစ်အပျက်တွေအတွက် ဘယ်စစ်သား၊ ရဲ တယောက်မျှ စုံစမ်းအပြစ်ပေးခြင်းမခံရ မှားယွင်းကြောင်းလည်း တလုံးတပါဒမျှ မဟပဲ ဆက်လက်မိုက်ကမ်းစွာ လုပ်ဆောင်နေတာဟာ တောင်အမေရိကတိုက်က မူးယစ်ဂိုဏ်းတွေ ရဲ့ ကြေးစားလက်နက်ကိုင်တပ်တွေနဲ့ အလားသဏ္ဍာန်တူနေပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာတော့ နေ့ခင်းကတည်းက ပေါက်ကွဲမှုတွေ ဖြစ်ပွားနေသလို ခု ည အပြင်မထွက်ရ အချိန် ကျော်လွန်ပြီးနောက်မှာ သာကေတ၊ မြောက်ဥက္ကလာ၊ သုဝဏ္ဏ စတဲ့ နေရာတွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာဖြစ်ပါတယ်။ အချို့နေရာမှာတော့ ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့လည်း ကြားသိနေရပါတယ်။ အခုပေါက်ကွဲမှုတွေဟာ စစ်ကောင်စီက တန်ပြန်အနေနဲ့ ဖောက်ခွဲပြီးပိုပြီး ဖိနှိပ်အုပ်ချုပ်နိုင်အောင် အကြောင်းပြလုပ်တာလား၊ စစ်ကောင်စီဆန့်ကျင်သူတွေဘက်က အုပ်ချုပ်ရေး တည်ထောင်နိုင်ပြီဆိုတဲ့ အနေအထားမရောက်နိုင်အောင် ရည်ရွယ်လုပ်ဆောင်တာလား ဆိုတာ မသဲကွဲပါဘူး။

ရန်ကင်း အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးသေဆုံးခဲ့တယ်လို့ သတင်းအရ သိရှိရပြီး မြို့နယ်ထဲမှာ နေထိုင်သူ အချို့ကို ဖမ်းဆီးပြီး ရက်စက်စွာ နှိပ်စက်ပြီး အဆိုပါသူတွေက ဖေါက်ခွဲတယ်လို့ စွပ်စွဲ ထုတ်ပြန်ခဲ့ပါတယ်။

အများစုသော ပေါက်ကွဲမှုတွေကတော့ လူထိခိုက်မှု မရှိတာတွေ့ရပါတယ်။ အခုလိုပေါက်ကွဲမှုတွေ ရှိေနတာကို အကြောင်းပြပြီး စစ်ဆေးမှုတွေကို တမြို့နဲ့တမြို့ ဆက်သွယ်ထားတဲ့ လမ်းတွေမှာတင်မက မြို့ထဲတွေမှာပါ နေ့တဓူဝ သွားလာတဲ့ လမ်းတွေမှာပါ စစ်ဆေးလာပါတယ်။ ဒီနည်းနဲ့ လူတွေရဲ့ အခွင့်အရေးတွေကို ပိုထိပါးလာတာ၊ ကြောက်ရွံ့လာအောင်၊ ဆန္ဒပြမှု၊ ခုခံမှုတွေမှာ မပါအောင် မြေလှန် ၊ ဖြတ်တောက်တဲ့ နည်းနာတွေနဲ့ စစ်ကောင်စီက လုပ်ဆောင် နေတာလို့ ယူဆရပါတယ်။

တိုင်းရင်းသားနယ်မြေဒေသတွေမှာ စစ်တပ်က သူတို့ကို ခုခံတိုက်ခိုက်ရင် အဲသည်က ကျေးလက်ဒေသတွေကို မြေလှန်ပြီး ဖြိုခွင်းပြီး နှိပ်ကွပ်ပါတယ်။ ရွာတွေကို မီးရှို့ပြီး လူတွေကိုပါ သတ်ဖြတ်လေ့ရှိပါတယ်။ အဓိကကတော့ ပြန်ခုခံလေလေ သူတို့က ပိုပြီး အပြစ်မဲ့ပြည်သူတွေကို နှိပ်စက်ပြီး ဓါးစာခံတွေကို သတ်ဖြတ်ပြသလိုမျိုး ကျူးလွန်တာဖြစ်ပါတယ်။ လူထုကို ပိုပြီး ကြောက်ရွံ့ပိပြားသွားအောင် ချိုးနှိမ်တာ ဖြစ်ပါတယ်။ အခုချိန်မှာ သည်လို စစ်ရာဇဝတ်မှုတွေ ကျုးလွန်လေလေ ပြည်သူတွေကတော့ ပိုပြီး အမှတ်သည်းခြေကြီးကြိးနဲ့ စစ်တပ်ပေါ်မှာ အညိူးကြိးကြီးထား ပြန်လည် ခုခံတိုက်ခိုက်ဖို့ စိတ်အားထက်သန်လေလေပဲ ဖြစ်နေပါတော့တယ်။

ပြည်တွင်းက သပိတ်တပ်သားများ အရေးတော်ပုံတပ်သားများက နာကျည်းမှုတွေ ဒေါသတွေ နာကျင်မှုတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကအချိန်တိုတိုအတွင်း စစ်တပ်ကို တိုက်ခိုက်ချေမှုန်းပစ်ဖို့ ချေမှုန်းနိုင်ရင်တောင်မှ သူတို့ကို လက်နက်တပ်ဆင်ပေးဖို့ ညွှန်ကြားချက်ပေးဖို့ အကူအညီတွေ ပေးပို့ဖို့ ပိုပိုပြီး တောင့်တကြပါတယ်။ တောင်းဆိုကြပါတယ်။ အားမလို အားမရ ဝေဖန်ကြတာတွေလည်း တွေ့ရပါတယ်။ သို့သော်လည်း လက်နက်ကိုင်နယ်မြေဒေသတွေနဲ့ တော်လှန်ရေးနယ်မြေတွေမှာ ရောက်နေကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အခုလို အချိန်တိုတို (ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ) ၃ လအတွင်း လွှတ်တော်၊ အစိုးရ နဲ့ လက်နက်ကိုင်လေ့ကျင့်မှုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပေါ်ထွန်းရေး စတာတွေကို တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေကြရတာကိုလည်း သိထားဖို့ လိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ လူမှုအဖွဲ့အစည်းတွေ နဲ့ အတိုင်ပင်ခံကောင်စီတွေ အဆင့်ဆင့်ဖွဲ့စည်းထားနိုင်တာ အချိန်တိုတိုအတွင်း လုပ်နိုင်တာကိုလည်း အသိအမှတ်ပြုဖို့ လိုပါတယ်။ ပြည်တွင်း ပြည်ပရောက် မြန်မာပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုကိုးပြီး ထောက်ခံကူညီမှုတွေရဲ့ ကြီးကျယ်သော အခမ်းကဏ္ဍကိုလည်း မေ့ထားလို့ မရပါဘူး။ သပိတ်သမားတွေ ဝန်ထမ်း CDM တွေ ပြည်တွင်းက သူရဲကောင်းတွေ၏ ပေးဆပ်စွန့်လွှတ်မှုတွေကြောင့် ခုချိန်ထိ တော်လှန်ရေးအလံတော်ဟာ အမြင့်မားဆုံး လွှင့်ထူထားနိုင်ဆဲဆိုတာကို ဂုဏ်ယူတန်ဖိုးထားရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့အရေးတော်ပုံတွေထဲမှာ စစ်အုပ်စုက ရက်ရက်စက်စက် ပစ်သတ်နှိမ်နင်းလိုက်တာနဲ့ နောက်တပတ်အတွင်း နောက်တလအတွင်း မြန်မာပြည်တွင်းက အခြေအနေတွေဟာ ငြိမ်ဝပ်ပိပြားပြီး စစ်အစိုးရလက်အောက်မှာ ပုံမှန်အခြေအနေအဖြစ်ကို ငုံ့လျိုးဝင်ရောက်သွားလေ့ရှိတဲ့ အစဉ်အလာကို မြန်မာပြည်သူတွေက ရိုက်ချိုးပစ်လိုက်ပြီဆိုတာကို သည်နွေဦးအရေးတော်ပုံက သမိုင်းမော်ကွန်း မှတ်ကျောက်တင်လိုက်ပြီ ဖြစ်တာမို့ အရေးတော်ပုံ မုချအောင်ဖို့သာ ရှိပါကြောင်း။

(Photo - US, California, Fremont Burmese in solidarity with Myanmar Spring Revolution, 2nd May Day - Global Protest Day)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar