Breaking News

မြန်မာပြည်တွင်းက CDM Support Group တာဝန်ခံတဦးနဲ့ စကားလက်ဆုံ



မြန်မာပြည်တွင်းက CDM Support Group တာဝန်ခံတဦးနဲ့ စကားလက်ဆုံ

(မိုးမခ) မေ ၂၊ ၂၀၂၁

မြန်မာပြည်တွင်းမှာ CDM ဝန်ထမ်းသပိတ်စတင်ချိန်ကစပြီး ပြည်တွင်းက ဂျန်းဇီတွေ လူငယ်တွေ ဦးဆောင်ပြီး ဝန်ထမ်းတွေကို ကူညီပံ့ပိုးမှု ကွန်ယက်တွေ ကိုယ်ထူကိုယ်ထ စတင်ခဲ့ကြပါတယ်။ အနည်းဆုံး လူငယ်တွေရဲ့ Volunteer CDM Support Network တွေ ၈ ခု နဲ့ အထက် ရှိပါတယ်။ ခုထိလည်း ရှိနေ လှုပ်ရှားနေတုန်းပါပဲ။ အဲသည်ထဲမှာ 21 Savage MM, We Support Heroes, We Pledge CDM, CDM Medium, ခိုင်မြဲသောလက်များ၊ Connect 21 တို့တွေက ထင်ရှားပါတယ်။ သူတို့နက်ဝပ်တွေပေါင်းပြီး CDM ဝိုင်းကြီးချုပ် ကင်ပိန်းကိုလည်း လုပ်ခဲ့ကြပါတယ်။ သူတို့နဲ့အတူ CRPH - CDM Support အဖွဲ့ကလည်း ချိတ်ဆက်ပြီး လှုပ်ရှားနေတာကို တွေ့ရပါတယ်။ CRPH - CDM Support Team ကတော့ CRPH ၏ ဦးဆောင်မှုနဲ့ CDM Support တရားဝင်လုပ်ကိုင်တဲ့အဖွဲ့လို့ ဆိုရမယ် ဖြစ်ပါတယ်။

ယခင်တပတ်မှာ အဲသည် Volunteer CDM Support Network တခုထဲက ဦးဆောင်လှုပ်ရှားနေသူ လူငယ်အမျိုးသမီးတဦးနဲ့ စကားလက်ဆုံ တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ မြေပြင်က ဗော်လန်တီယာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ပြည်သူတွေဆီက အလှူငွေကောက်ခံပြီး သပိတ်မှောက်ဝန်ထမ်းတွေကို ကူညီထောက်ပံ့နေကြပုံ ကြိုးပမ်းမှုများ အခက်အခဲများ စိန်ခေါ်မှုများကို ပရိသတ် ခံစားနားလည်နိုင်စေဖို့ တင်ဆက်လိုက်ပါတယ်။

မေး - ခင်ဗျားတို့ စတင်လုပ်ကိုင်ခဲ့တဲ့ ပထမဆုံးနေ့ရက်တွေကို ပြောပြပါလား

ဖြေ - ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းတယ်။ ၃ ရက်နေ့မှာ တခုခုလုပ်ကြဖို့ ဝိုင်းစဉ်းစားကြတယ်။ CDM support တော့ လိုမယ်လို့ စဉ်းစားမိတယ်။ ဌာနတွေ အများကြီး ဝန်ထမ်းတွေလည်း အများကြီးပဲဆိုတော့ ပိုက်ဆံတော့ လိုမှာပဲပေါ့။ အစကတော့ သိန်း ၃၀ လောက်နဲ့ စဉ်းစားတယ်။ ၂ပတ်အတွင်း ရှာပြီး ပိုက်ဆံလှူပြီး ပြီးပြီလို့ပဲ တွေးတာ။ စပြီး ကင်ပိန်း run မယ်ဆိုပြီး group လုပ်လိုက်တာ အသင်းဝင်တဲ့သူတွေက တညတည်းမှာတင် လူ ၅၀၀၀ လောက်ကို ရလိုက်တယ်။ ၅ထောင်လောက်ရတော့ Page ထောင်လိုက်တယ်။ ပိတ်ချ်ထောင်ပြီး ပိုက်ဆံကောက်တာ တပတ်တည်းနဲ့တင် သိန်း ၁၂၀လောက် ရသွားတယ်။

မေး - ပိုက်ဆံတွေ ကောက်တော့ ဘယ်လိုမျိုး ကောက်တာလဲ။ ဝေ့ဗ်တို့ ဘာတို့လား။

ဖြေ - အဲဒါတော့ မဟုတ်ဘူး။ အဲဒါလည်း မပြောတော့ပါဘူး။ ဒီလိုပဲ ကောက်ကြတာလို့ ဆိုပါစို့။ ပထမလမှာတင်ကို သိန်း ၁ထောင် ၂၀၀ လောက် ရတယ်။ လက်နဲ့လည်း ကောက်တယ်၊ တခြားဟာတွေနဲ့ ကောက်တယ်။

မေး - သပိတ်မှောက်တဲ့သူတွေကို ဘယ်လိုပေးတာလဲ။

ဖြေ - CDM တွေကို မက်ဆင်ဂျာကနေ Chat Bot လုပ်ပြီးတော့ (Chat Box အတွင်း အလိုအလျောက် မေးဖြေစနစ်တခု တွဲပြီး ဆက်သွယ်ခြင်း) ဘယ်သူလဲ ဘာလဲမေးပြီးတော့ CDM လုပ်နေသူတွေဆိုရင် Viber ကနေခေါ်တယ်၊ Hotline တွေကို ခေါ်ခိုင်းတယ်။ တနေ့ကို ဖုန်းလိုင်း ၃ လိုင်းကနေ ဖုန်းခေါ်တာချည်း ၁၀၀ ကျော် လာတယ်။

မေး - အဲသည် ဖုန်းလိုင်းတွေကို မပိတ်ဘူးလား။

ဖြေ - ပိတ်တာပေါ့။ ဖုန်းတွေကို လေးခါလောက် ဖုန်းတွေ ဝယ်ရတယ်။ ဖုန်းကဒ်တွေ ဝယ်ကြရတာ။ CDM သမားတွေကိုလည်း ပြောပြရတာပေါ့။ သူတို့တွေ (စစ်ကောင်စီ) အကျင့်ယုတ်နေတာ။ ဖုန်း နောက်လိုင်းတွေ ထုတ်ပြီး ပြန်ဆက်မယ်ပေါ့။ အင်တာနက်တွေ ရှိနေတုန်းက အဆင်ပြေပါတယ်။

မေး - CDM ဝန်ထမ်းတွေနဲ့ ဘယ်လို မှတ်တမ်းယူထားတာလဲ။

ဖြေ - သူတို့တွေနဲ့ အင်တာဗျူးတယ်။ အိုင်ဒီတွေလည်း ကောက်တယ်။ မိနစ် ၃၀ လောက် စကားပြောတယ်။ စာရင်းတွေ မှတ်တာပေါ့နော်။ သူတို့လိုအပ်ချက်က ဘာတွေလဲပေါ့နော်။ သူတို့ co-worker တွေက ဘယ်သူလဲ။ သူတို့တွေထဲက ၂ ဦးလောက် ဖုန်းနံပါတ် ရမလား။ reference တွေ ယူရတာပေါ့။

မေး - ခင်ဗျားတို့က အဖွဲ့မှာ လူဘယ်နှစ်ယောက်လောက် ရှိသလဲ။

ဖြေ - အနည်းဆုံး တဖွဲ့မှာ ၈ ယောက်ကနေ ၁၀ ယောက်လောက်စီ ရှိတယ်။ အဲသည်လို အဆင့်ဆင့် ဆက်ပြီး လုပ်ကြရတယ်။

မေး - အဲသည်တုန်းက CDM ဝန်ထမ်းတွေ ဘယ်လောက်များများကို ကူညီနိုင်သလဲ။

ဖြေ - အရင်လအထိ (မတ်လကို ဆိုလိုသည်) CDM လူဦးရေ ၂၃၀၀ အထိ ကူညီနိုင်တယ်။

မေး - အဲသည် ဝန်ထမ်းစာရင်း ခင်ဗျားတို့ဆီမှာ ရှိတာပေါ့။

ဖြေ - ရှိတယ်။

မေး - အဲသည်စာရင်းတွေကို CRPH ကို မပေးထားဖူးလား။

ဖြေ - ပေးထားတယ်။ CRPH နဲ့လည်း ချိတ်ဆက်ပြီး အလုပ်လုပ်တယ်။ CRPH နဲ့ centralized Database ဆောက်ထားတယ်ပေါ့နော်။ အဲဒီထဲမှာ CRPH က စာရင်းဝင်တဲ့သူတွေကို ဖြည့်၊ သည်အဖွဲ့က စာရင်းဝင်တဲ့သူတွေကိုလည်း ဖြည့်။ သူတို့ပေးပြီးပြီလား၊ သည်အဖွဲ့က ပေးပြီးပြီလား။ အဲသည်လို အချက်အလက်တွေ စစ်လို့ရတယ်။ နောက်ပိုင်းမှာတော့ သိပ်မကြည့်ဖြစ်ကြတော့ အလုပ်က Sync မဖြစ်တာတွေ ရှိတယ်။ အလုပ်မတွင်ကျယ်တာတွေ ရှိတယ်။

မေး - အဲသည်လို လုပ်ရင်းနဲ့ ဘယ်လို အခက်အခဲတွေ ဖြစ်လာသလဲ။

ဖြေ - နံပါတ် ၁ ကတော့ ဘဏ်တွေပေါ့။ KBZ တို့ ဘာတို့ကို စာတွေ ပို့တယ်။ လိုက်စစ်တယ်။ သတင်းတွေ လွှင့်တယ်။ နိုင်ငံခြားငွေ လက်ခံလို့ မရတော့ဘူး။ နောက်တော့ မိုဘိုင်းအင်တာနက်တွေ ဖြတ်ပစ်လိုက်တယ်။ သည်အဖွဲ့တွေမှာက ၈၀%သော follower တွေ contact တွေက နယ်က အဝေးက လူတွေ များတယ်လေ။ ဖုန်းတွေ သုံးကြတာများတယ်လေ။ အလှူရှင်တွေနဲ့ အဆက်ပြတ်သွားတယ်။

မေး - အလှူရှင်တွေနဲ့ အဆက်ပြတ်သွားတော့ အလှူတွေက ဘယ်လို ထိခိုက်သွားသလဲ။

ဖြေ - နေ့စဉ် အလှူငွေ လက်ခံတာ သိန်း ၃၀ လောက် ကနေ တရက်ကို ၃သိန်းလောက်ပဲ ဝင်တော့တယ်။ အဲသလောက်ကို ကျဆင်းသွားတယ်။

မေး - အဲသည်အချိန်က မတ်လဆန်းကနေ စဖြစ်တာပေါ့။

ဖြေ - ဟုတ်တယ်။ အဲသည်အချိန်ကစလို့ အလှူငွေတွေလည်း လျော့သွားတယ်။ ဒါပေမယ့် အဲသည်အချိန်ကစပြီးတော့ CRPH -CDM Support Team နဲ့ ပိုပြီး တွဲလုပ်ဖြစ်လာတယ်။ သူတို့က ဝင်ပြီး ကူညီပေးတယ်ပေါ့။ အဲသည်တော့ အလှူတွေ အထောက်အပံ့တွေကတော့ လျော့မသွားဘူးပေါ့။ အဲသည်တုန်းကဆိုရင် ၁ လ ၂ လ လောက်တော့ ဖူလုံသွားတာပေါ့။

မေး - အဲသည်တုန်းက ဘယ်လို ဖြတ်သန်းကြတာလဲ။

ဖြေ - သမီးတို့က CDM Support လည်း တဖက်ကလုပ်ကြတယ်။ ဖေဖော်ဝါရီတုန်းကဆိုရင် ဆန္ဒကလည်း ပြကြသေးတယ်။ ကိုယ့်အိမ်နားမှာ ဆန္ဒပြပွဲတွေ မရှိရင် စမ်းချောင်းအထိလောက်ကို သွားပြီး ဆန္ဒသွားပြကြရတာ။ အဲသည်မှာ ရဲကားတွေ စစ်ကားတွေ ရှိရင်လည်း အေးဆေးပဲ။ ကားပေါ်မှာ ဦးထုပ်တွေ ဆိုင်းဘုတ်တွေ တင်ပြီး သွားခဲ့ကြတာ။ အဲဒီကနေ နောက်တော့ တဖြေးဖြေးနဲ့ ဆိုးလာသလဲ ဆိုတော့ ကားတွေကို တားတယ်။ စစ်တယ်။ အဲသည်နေ့က မှတ်မိလား။ စမ်းချောင်းထဲမှာ လမ်းတွေကို ပိတ်ပြီး အိမ်တွေကိုပါ လိုက်စစ်တာလေ။ အဲသည်နေ့ကစပြီး ဆိုးတော့တာပဲ။ နောက်ကျတော့ စမ်းချောင်းလဲ သွားလို့မရတော့ဘူး။ ကိုယ်လမ်းထိပ်ကလေးမှာပဲ အစုကလေးတွေနဲ့ ဆန္ဒပြရတဲ့အထိ ဖြစ်လာတယ်။ စမ်းချောင်းထဲမှာလည်း ခနခန အပီတ်ခံရတယ်။ ခွေးတွေက အကျင့်မကောင်းဘူး။ ဗဟိုလမ်း ကျွန်းတောလမ်း ပတ်ခြာလည် ပိတ်ပိတ်ပြီး ဖမ်းတာ။ လူအုပ်တွေထဲ ဝင်ဝင်ပြီး ဆွဲတာ။ နောက်ပိုင်းကျတော့ ပစ်တာတွေပါ ဖြစ်လာတယ်။

မေး - အဲသည်အခြေအနေမှာ ဘာတွေ ဆက်လုပ်ကြသလဲ။

ဖြေ - အဲသည်ကျတော့ ဆန္ဒပြတာတွေကို လျော့လိုက်ရတယ်။ CDM ဘက်ကို ပိုပြီး ဖြည့်လာရတယ်။ CDM ကလည်း ကွင်းဆင်းရသေးတယ်လေ။ သွားပြီးတော့ စကားပြောတာ၊ ပိုက်ဆံပေးတာ။ ပိုက်ဆံပေးတယ်ဆိုတာက ကိုယ်တိုင်ပေးတာ။ တခြားနည်းလမ်းနဲ့ လွှဲတာ။ ပြီးတော့ သူတို့ဆီ အလုံခြုံဆုံး အဆင်ပြေဆုံး ရောက်အောင် လုပ်ကြရတယ်။

မေး - CDM သမားတွေက ရန်ကုန်ထဲက လူတွေများသလား။ ဘယ်သူတွေ ပါသလဲ။

ဖြေ - ရန်ကုန် မန္တလေး နဲ့ အဆက်အသွယ်တွေက ကချင်၊ ချင်း၊ ကယား အဆက်အသွယ်တွေလည်း ရှိတယ်။

မေး - တဖြေးဖြေးနဲ့ ကြပ်လာတယ်။ အခက်အခဲတွေ ဖြစ်လာတယ်။ အဲသည်အတွက် ကြိုတင်ပြင်ဆင်ထားတာ မရှိဘူးလား

ဖြေ - ဟုတ်တယ်၊ ပိုက်ဆံကလည်း နဲလာတယ်။ အသွားအလာကလည်း ခက်လာတယ်။ ဒါပေမယ့် အဖွဲ့က ကြိုတင်ပြီး စီစဉ်ထားတာတွေ ရှိတယ်။ ပိုက်ဆံကို ၂ လစာလောက် ကြို ဖယ်ထားတယ်။ တယောက်ကို ၅ သောင်းနှုန်း၊ ၈ သောင်း နှုန်းပဲ ပေးနိုင်တော့တယ်။ အစက CRPH က တယောက်ကို တသိန်းခွဲပေးမယ် ကြေညာထားတယ်။ အဲသည်တော့ CRPH ကို ပြန်ပြောရတယ်။ အခုပုံစံနဲ့ဆို မဖြစ်နိုင်ဘူးလို့။ ဖြစ်ချင်တာက လစာအတိုင်း ပေးချင်တာလို့ ပြောတယ်။ တကယ်လက်တွေ့နဲ့ ကြည့်လိုက်ရင် လခနဲ့ ပေးလို့ မဖြစ်နိုင်ဘူးလို့။ အဲသည်တော့ တယောက်ကို တသိန်းနှုန်းနဲ့ ပေးမယ်လို့ CRPH က ပြောလာတယ်။ ဒါပေမယ့် မတ်လကုန်ကျတော့ တယောက်ကို ၁သိန်းနှုန်းနဲ့တောင် ပေးဖို့ မဖြစ်နိုင်တော့ဘူး။ ပိုက်ဆံကြည့်လိုက်တဲ့အခါ တယောက်ကို ၅ သောင်းကနေ ၈ သောင်းပဲ ဧပြီကနေ စပြီး ပေးနိုင်တော့တယ်။ နောက်ပြီးကျတော့ အရမ်းရမ်းကို လိုအပ်နေတဲ့ CDM သမားတွေအတွက် ရှောင်နေရတာတွေ နေစရာ အခက်အခဲရှိနေတာတွေဆိုရင်တော့ ၈ သောင်းလောက်ပဲ ပေးနိုင်တယ်။ အဲသည်လို ကာမိအောင်ပေးတယ်။

မေး - အဖွဲ့တခုတည်းနဲ့ လုပ်လို့မရရင် ခင်ဗျားတို့ ဘယ်လိုလုပ်ကြမလဲ။

ဖြေ - သည်မှာက အဖွဲ့တွေ ၈ ဖွဲ့ ၉ ဖွဲ့လောက် ချိတ်ပြီး ဝိုင်းကြီးချုပ်ဆိုတာ ရှိတယ်။ ဝိုင်းပြီး ဖြေရှင်းပေးတာမျိုးပေါ့။ အခြားတဖွဲ့က ၁၀၀ ထည့်၊ သည်အဖွဲ့က ၁၀၀ ထည့်၊ CRPH က ၁၀၀ ထည့် အဲသလို ဝိုင်းထည့်ပြီး ကူပေးပေါ့။ ငွေကို မျှပြီး ထည့်ပေးတာပေါ့။ အဲဒါတွေ တောက်လျောက်လုပ်ဖြစ်ပါတယ်။

မေး - မတ်လ ၂၇ ရက်နေ့ဟာ နွေဦးတော်လှန်ရေးမှာ သွေးစွန်းသော သွေးမြေကျသော နေ့တနေ့ပေါ့။ အဲသည်ကနေ ဘာတွေ အပြောင်းအလဲဖြစ်သွားလဲ။

ဖြေ - သူငယ်ချင်းတွေ အဖမ်းခံရတယ်။ ကိုယ်တိုင်လည်း ပုန်းနေ ရှောင်နေရတာတွေ ဖြစ်လာတယ်။ အဖမ်းခံရသူတွေ ရှိလာတော့ ကိုယ့်အကြောင်း အဖွဲ့အကြောင်းတွေ ပေါက်ကုန်ပြီလားလို့ စိုးရိမ်ရတာတွေလည်း ရှိလာတယ်လေ။ တခြားနေရာတွေမှာ သွားနေတယ်။

မေး - နေရာတွေ တခုပြီး တခု ပြောင်းနေရတာပေါ့။

ဖြေ - ဟုတ်တယ်။ နေရာတွေ ပြောင်းနေရတော့ အဖွဲ့ဝင်တွေကိုယ်တိုင်လည်း ပိုက်ဆံကောက်ရတာ ပိုက်ဆံ ကူရတာတွေ ခက်ခဲလာတာပေါ့။ အရင်တုန်းကလို မလုပ်နိုင်တော့ဘူး။ ပိုပိုဆိုးလာတယ်။

မေး - ပိုပိုဆိုးတယ်ဆိုတာက ဘယ်ကဏ္ဍတွေလဲ။

ဖြေ - နေရာအကုန်လုံးမှာပဲ။ ဆန္ဒပြသူတွေအတွက်ကော၊ Support Group တွေကော၊ Resistence သမားတွေအတွက်ကော၊ ပြီးတော့ CDM သမားတွေအတွက်ကော အကြပ်အတည်းတွေ ဖြစ်လာတာပေါ့။ သတင်းသမားတွေ ပါသွားတာတွေ များလာတယ်။ သတင်းသမားတွေ ပါသွားရင် ပိုစိုးရိမ်ရတယ်လေ။ သူတို့ဆီမှာက အချက်အလက်တွေက များတာကိုး။

မေး - စစ်ကောင်စီဘက်က ဘယ်လို ဖမ်းဆီးနှိပ်စက်တာတွေ ရှိသလဲ။

ဖြေ - သူတို့တွေက ဦးနှောက်မကောင်းဘူး။ တိုက်ရိုက်ကြီး အဖွဲ့တွေကို လိုက်မဖမ်းနိုင်ဘူး။ သူတို့ တယောက်မိသွားရင် သူတို့နည်းလမ်းက အဲသည်တယောက်ကို ရိုက်စစ်တာပဲ။ ရိုက်ပြိး မေးမယ်။ ရတဲ့ နာမည်တခု ၂ခုနောက်ကို လိုက်မယ်။ ဖမ်းမယ်။ တခြားစမတ်ဖြစ်တဲ့နည်းသူတို့မစစ်တတ်ဘူး။ သည်တော့ သူတို့မိသွားပြီဆိုရင် ကိုယ်တွေက ဆက်ပြီး ရွှေ့ကြပေါ့။ Move Move ဆက်သွားကြပေါ့။ အဲသည်သမီးတို့ နက်ဝပ်ချိတ်ထားတဲ့ ၈ ဖွဲ့က အချင်းချင်းအကြောင်းကြားပြီး precaution တွေ ယူကြရတာပေါ့။

မေး - ချိတ်ဆက်ထားတဲ့ ၈ ဖွဲ့ဆိုတာက ဘာပြောတာလဲ။

ဖြေ - CRPH - CDM Support Team လည်း ပါတယ်။ ခုနင်ကပြောထားတဲ့ CDM Support အဖွဲ့တွေ ပါတာပေါ့။ အကုန်ရွှေ့ဆိုပြီး ရွှေ့ကြတာပေါ့။

မေး - ခင်ဗျားတို့ ဆက်သွယ်ရေးလမ်းကြောင်းတွေ လုံခြုံစိတ်ချရအောင် လုပ်ထားတယ်ဆိုရင် ခုထိ ဖေ့စ်ဘွတ်ကြီးကို ဆက်သုံးပြီး ပို့စ်တွေ ဘာတွေ တင်နေရတာလဲ။

ဖြေ - လူအများသုံးတာက ဖေ့စ်ဘွတ်ပဲ ရှိတာကိုး။ အင်ဖော်မေးရှင်း ရှယ်ဖို့ လူအများသိအောင်ကတော့ ဖေ့စ်ဘွတ်ပဲ သုံးရတာပေါ့။ ချန်ပြီး ရှယ်ရတာတွေ ရှိတာပေါ့။

မေး - အခုဆိုရင် ဆက်လုပ်လို့ မရတော့ဘူးပေါ့။ ဆက်မလုပ်နိုင်တော့ဘူးပေါ့။

ဖြေ - ဆက်လုပ်သေးတယ်။ CRPH က မတ် ၃၁ နောက်ဆုံးထားပြီး CDM တွေ စာရင်းသွင်းခိုင်းထားတယ်လေ။ အဲသည်စာရင်းတွေ ရှိနေပြီ။ ဖေ့စ်ဘွတ်တွေကနေ စာရင်းလိုက်ကောက်နေစရာ မလိုတော့ဘူးလေ။ ဖေဖော်ဝါရီတုန်းကဆိုရင် CDM Support Groupတွေက ground work အရမ်းလုပ်ရတယ်။ CDM ဝန်ထမ်းတွေ လိုက်ဆက်သွယ်ရတယ်။ စုံစမ်းရတယ်။ ပြီးရင် သူတို့ကို CDM Support လုပ်တာ ကူညီတာကို လက်ခံဖို့ တိုက်တွန်းရတယ်။ တချို့က CDM လုပ်ခါစဆိုတော့ ငွေမလိုဘူးလေ။ သူများဆီကလည်း မတောင်းဘူး။ မြန်မာတွေက အားနာတယ် ဆိုတာ ရှိတယ် မဟုတ်လား။ ဖွင့်မပြောချင်ဘူးပေါ့။ သည်တော့ ကိုယ်တွေက လိုက်ပြီး တိုက်တွန်းရတယ်။ လဘက်ရည်ဆိုင်သွားရတယ်။ ရှင်းပြရတယ်။ အလှူယူဖို့အတွက်တောင် စည်းရုံးရေးဆင်းရတယ်။ တကယ်တမ်း လိုလာလိမ့်မယ် လို့ သူတို့ကို ပြောပြရတယ်။ အခုချိန်မှာတော့ ဒါတွေ လုပ်စရာမလိုတော့ဘူးပေါ့။

မေး - ဟုတ်ပြီ၊ သည်တော့ ခုချိန်မှာ အလှူရှင်တွေ ဆက်ရှိနေဖို့ ဘယ်လိုဆက်လုပ်မလဲ။

ဖြေ - နက်ဝပ်ထဲက ရှိပြီးသားလူတွေက ပုံမှန်ဆက်ပြီး လှူနေကြတယ်။ လှူပေမယ့် ငွေကောက်ဖို့ကတော့ ခက်တာပေါ့။ အခု ရှိပြီးသားငွေတွေက လုံခြုံတဲ့နေရာတွေမှာ ဖြန့်ထားတယ်။ နောက်တလစာလောက်အထိတော့ ဖူလုံပါသေးတယ်။

မေး - အခု အဖွဲ့က လှူနေတဲ့ လူ ၂ထောင်ကျော်ထဲက တိုးသွားလား လျော့သွားလား။

ဖြေ - တချို့က အလုပ်ပြန်ဆင်းတဲ့သူတွေ ရှိတယ်။ သိတယ်။ လိုက်စုံစမ်းရတယ်။ ဌာနတခုရဲ့ ခေါင်းဆောင်တွေက အကြောင်းကြားတယ်။

မေး - ဟုတ်ပြီ။ အခု ခင်ဗျားတို့ ပါဝင်လိုက်တဲ့ ဝိုင်းလုပ်ဆောင်လိုက်တဲ့ CDM Support Movement ကြီးက ၂လကနေ ၃လအတွင်း အကြိးကြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်သွားတာ။ အဲသည်ထဲကို ရောက်သွားတာ ဘယ်လို ခံစားရသလဲ။ ဘာဖြစ်သွားသလဲ။ မြန်တယ်။ အရှိန်ကြီးတယ်၊ မမျော်လင့်တာတွေလည်း ပါတယ်။ အဲသည်အတွက် ဘာပြောချင်သလဲ။

ဖြေ - ပထမ သိန်း ၃၀ပဲ ကောက်မယ်လို့ စဉ်းစားထားတဲ့ဟာပေါ့နော်။ ပြီးတော့မှာမှ အလှူငွေ အရမ်းဝင်လာတယ်။ လုပ်ရတဲ့အလုပ်တွေကလည်း စဉ်းစားထားတာနဲ့ လက်တွေ့ အရမ်းကွာတယ်ပေါ့နော်။ Problem Sovling ပြသနာတွေကို ဖြေရှင်းရတာတွေက သမီးတို့ဦးနှောက်တွေ ခေါင်းတွေတောင် နာတယ်။ ခွေးတွေကလည်း ယုတ်တယ်လေ။ ဒါပေမယ့် သူတို့ဘယ်လောက်ယုတ်ယုတ်၊ လူငယ်တွေက problem sovling က စာတတ်ပေတတ်တွေ ဖြစ်တယ်။ သူတို့ထက် smart ဖြစ်တယ်။ ဖြေရှင်းနိုင်တယ်။ သူတို့လုပ်သမျှကို သမီးတို့က ဖြေရှင်းနိုင်တယ်။ တခုပိတ် နောက်တခု လုပ်နိုင်တယ်။ လုပ်ပြီးတော့ လုပ်နိုင်တာနဲ့အမျှ အံ့ဩစရာအကောင်းဆုံးက ဒိအလုပ်ကို ဝိုင်းထောက်ခံအားပေး ကူညီတဲ့သူတွေ ၊ အလှူရှင်တွေကအစ လျော့မသွားဘူး။ ပုံမှန်လှူသူတွေ ရှိသလို တနိုင်တပိုင်လှူနေတဲ့သူတွေကလည်း အမြဲတန်း အစဉ်မပြတ် ရှိနေတာ။ အဲဒါက ထူးဆန်းတယ်။ အကုအညီလိုပြီဆို လိုက်ရှာစရာမလိုဘူး၊ ကူတဲ့သူတွေ ပေါ်လာတာပဲ။

မေး - လူတွေဘက်က နောက်ဆုတ်သွားတာ တွန့်သွားတာတွေ မတွေ့ရဘူးလို့ ဆိုချင်တာလား

ဖြေ - ဟုတ်တယ်။ သမီးတို့တွေ သူငယ်ချင်းတွေ လမ်းပေါ်ကလူတွေ ပြည်သူတွေ အားလုံးက လန်ကျသွားတာ မရှိဘူး။ နောက်ဆုတ်သွားတာ မရှိဘူး။ အားတွေ ကျသွားတာ မဟုတ်ဘူး။ ဘာထူးဆန်းသလဲဆိုတော့ လတိုင်း လတိုင်း ရင်ဆိုင်ရတာ ဖြေရှင်းရတာတွေက မတူဘူး။ ဖေဖော်ဝါရီတုန်းက နည်းတမျိုး၊ မတ်က နည်းတမျိုး၊ ဧပြီကျတော့ နည်းတမျိုး အဲသလို အချိန်တွေ အခြေအနေတွေက ပြောင်းလဲသွားတယ်။ ဖေဖော်ဝါရီကတော့ အရမ်းနာမည်ကြီးတဲ့ ဆန္ဒပြပွဲနေရာတွေကိုသွား၊ ဆန္ဒပြပွဲတွေလုပ်၊ CDM Support အတွက် လိုက်လုပ်။ မတ်လကျတဲ့အခါကြတော့ - အင်တာနက်တွေပိတ်တာ ဆို့တာတွေကနေ လုပ်ရကိုင်ရတာ ဖြစ်လာတယ်။ ဧပြီကျတော့ ဆန္ဒပြတဲ့သူတွေကို ပစ်တာ သတ်တာလုပ်လာတော့ ပျောက်ကြားတွေ ဖြစ်လာတယ်။ တခုပြီးတခု တလပြီးတလ တမျိးဆီကို ဖြစ်နေတာ။ ဒါကို ရင်ဆိုင်တာ ကျော်လွှားနေရတာ။ ဆက်သွယ်ရေးပုံသဏ္ဍန်တွေကလည်း ပြောင်းနေတယ်။

မေး - ဒါဆို ဒီနွေဦးတော်လှန်ရေးအတွေ့အကြုံက ထူးခြားတယ် ဆိုရမှာပေါ့။

ဖြေ - ဟုတ်တယ် ဒီနွေဦးတော်လှန်ရေးက ထူးခြားတယ်။ ၈၈ မှာတုန်းက ဘယ်လိုလဲတော့ မသိဘူးပေါ့နော်။ တော်လှန်ရေးက ခုမှ ကြုံဖူးတာဆိုတော့ - သည်တော်လှန်ရေးမှာက adaptability (အခြေအနေကိုကြည့်ပြီးတုန့်ပြန်နိုင်ခြင်း ရင်ဆိုင်နိုင်ခြင်း) က အရမ်းမြင့်တယ်။ adaptable ဖြစ်မှလည်း အလုပ်က တွင်ကျယ်တယ်။ ပိုပြီး ထိရောက်တယ်။ အောင်မြင်တယ်။ ဉာဏ်ရည်လည်း မြင့်ရတယ်။ လူကိုယ်တိုင်ကလည်း သန်မာရတယ်။ တခါမှ လုပ်ခဲ့ဖူးတဲ့ အလုပ်တွေ မဟုတ်ဘူး။ fund raising တို့ အလှူခံတာတို့ လုပ်ဖူးတာ မဟုတ်ဘူး။ ဝါသနာမပါဘူး။ ပြေးတာ လွှားတာ ပုန်းတာ တိုက်တာ ခိုက်တာ protest and resistance ဆိုတာတွေကို အခုမှ လေ့လာ အခုမှ သင်ယူပြီးတော့ လုပ်ရတာလေ။ သူတို့တွေ (စစ်ကောင်စီ) ဆိုတာ တသက်လုံး သတ်တာ ဖြတ်တာ တွေ လုပ်လာတဲ့သူတွေကို သည်ပြည်သူတွေက ပြန်ပြီး တွန်းလှန်နိုင်တယ်၊ တိုက်ခိုက်နိုင်တယ်ပေါ့နော်။ ပြန်လုပ်လာနိုင်တယ်ပေါ့နော်။

မေး - ပြည်တွင်းထဲမှာ CRPH CDM Support Team တွေက နောက်ပိုင်းမှာ အဓိကကျလာတာပေါ့နော်။ တပြည်လုံး အနှံ့အပြား အဖွဲ့တွေ ရှိတယ်ဆိုတော့။ သူတို့တွေနဲ့ ချိတ်ဆက်လုပ်ရတဲ့ဆီမှာကော အခက်အခဲတွေက ဘာတွေ ရှိသလဲ။

ဖြေ - အစက ဘယ်လို ပြောရမလဲ။ သူတို့အခက်အခဲကို နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် Planning and Streadgy ဆိုတာကို အမြဲလုပ်နေရမှာပေါ့နော်။ Funding တွေ အတွက်လည်း ကြိုပြီး ကျန်အောင်နိုင်အောင် လုပ်နိုင်ရမှာပေါ့နော်။ CRPH CDM Support Team က သမီးတို့အဖွဲ့တွေ ပြီးတော့မှ ဝင်လာတာလေ။ သူတို့ဝင်လာတဲ့အခါကျတော့ သည်ဖက်ကအဖွဲ့တွေထဲမှာ ထင်တာက သူတို့တွေက ready to go လို့ ထင်တာပေါ့။ သူတို့ဝင်ပြိး manage လုပ်ပေးမယ်၊ ဖြေရှင်းပေးမယ်၊ Fund Raising တွေလည်း လုပ်ပေးလိမ့်မယ်လို့ ထင်တာပေါ့နော်။ အဲလောက် မြန်မြန် ဖြစ်မလာဘူး။ CDM သမားတွေထဲမှာလည်း လိုအပ်ချက်တွေ ရှိသွားတာပေါ့။ CRPH ကလည်း Fund တွေနဲ့ ပတ်သက်ရင် ဆုံးဖြတ်ချက် မမြန်တာမျိုးတွေလည်း ရှိတယ်။ တချို့ကိစ္စတွေကို မြန်မြန်သွက်သွက်လက်လက်လုပ်ရမှာတွေ ရှိတယ်။ ဒါတွေကလည်း ကိုယ်တိုင်က သည်တော်လှန်ရေးကနေမှ အတွေ့အကြုံနဲ့ သင်ခန်းစာ ရလာတာပေါ့နော်။ တခုခုကို အကောင်အထည်ဖော်မယ်ဆိုရင် Brain Storming (ဆွေးနွေးခြင်း) က တရက်၊ Planning (ပြင်ဆင်ခြင်း) က တရက်၊ Execution (လုပ်ကိုင်ခြင်း) က နောက် တရက်၊ streadgy (ဗျူဟာချခြင်း) ဆိုတာ လုပ်ဖို့အတွက်က ကိုယ်တွေက ၃ ရက်လောက်ပဲ အချိန်ရတာ။ အဲသည်လို လုပ်လာကြရတာလေ။ ဆိုတဲ့အခါကျတော့ အကောင်အထည်ဖော်မှုတွေကို သည်လိုဖြစ်စေချင်တယ်။ ၃ ရက်မဟုတ်တဲ့ အကောင်အထည်ဖော်မှု မလုပ်နိုင်ရင်တောင်မှ တပတ်အချိန်ယူပေါ့နော်။ သို့သော် CRPH - CDM Support Team တွေနဲ့ အလုပ်လုပ်လာတာ ၂ လလောက် ရှိလာပြီ။ solid ဖြစ်တဲ့ ဗျူဟာနဲ့ နည်းလမ်းတွေ အများကြီး ထွက်မလာသေးဘူးပေါ့နော်။ အဲသည်အပိုင်း ဆက်သွယ်ရေးအပိုင်းတွေ နည်းနည်းလိုသေးတယ် ထင်တယ်ပေါ့နော်။ ဒါကလည်း မယုံလို့ မဟုတ်ပါဘူး။ ယုံကြည်တယ်။ ကိုယ့်ရဲ့ Leader တွေ ဖြစ်လို့ လုံး၀ support ပေးမယ်။ ဒါပေမယ့် အားတော့ မရဘူး။ ကိုယ့်leader တွေ ဖြစ်တဲ့အတွက် Accountable (အားကိုးရ) ဖြစ်သင့်တယ်ပေါ့နော်။ ထောက်ပြရတာပေါ့နော်။

မေး - အစက CDM ကို ပြန်ကြည့်ရင်လည်း စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု CDM ဝန်ထမ်းသပိတ်ဆိုတာက ကျန်းမာရေး၊ ပညာရေး၊ အင်ဂျင်နီယာ၊ မီးရထားဝန်ထမ်းတွေကနေ စတင်လာတာ။ အဲသည်အတွက် CDM Call ကို ခေါ်တာက သပိတ်ခေါင်းဆောင်တွေထဲမှာ ထင်ရှားတဲ့ ဆရာဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့လို့ လူတွေက ခေါ်ကြတာ။ သည်နောက်ကနေ ဝန်ထမ်းတွေ လိုက်လာကြတာ။ အဲသည်တုန်းက NLD တို့ CRPH တို့ ဆိုတာထက် CDM လူထု၏ ဝန်ထမ်းသပိတ်။ သည်တော့ ခင်ဗျားတို့လို့ ပြည်သူတွေထဲက လူငယ်တွေ ဂျန်းဇီတွေ ကိုယ်ထူကိုယ်ထ ကိုယ်အားကိုယ်ကိုးပြီး ပြည်သူကနေ ပြည်သူဆီသို့ CDM Support Group တွေ ထူထောင်ပြီး ဝန်းယံကြတယ် ဆိုရမှာပေါ့။ နောက်ပိုင်းမှာ လူထုထောက်ခံတဲ့ မျော်လင့်တဲ့ အားကိုးတဲ့ CRPH ဦးဆောင်မှု ဖြစ်လာတယ်။ ဒေါက်တာဇော်ဝေစိုးကိုယ်တိုင်ကလည်း CRPH ကနေ CDM လှုပ်ရှားမှုကို ဦးဆောင်မှုပေးလာတယ်။ ကြားကာလဝန်ကြီးအဖြစ် ခေါင်းဆောင်လာတယ်။ အခုအချိန်မှာ လူထုကြားထဲက ခင်ဗျားတို့လို Volunteer CDM Support Group တွေ Network တွေရဲ့ အခန်းကဏ္ဍက ဘယ်လို ဖြစ်လာတယ်လို့ ထင်သလဲ။

ဖြေ - နမူနာကေ့စ်တခုဆိုရင် - ဆရာဇော်ဝေစိုးက ပြောတယ်၊ စီဒီအမ်ကို ဆက်လုပ်ကြပါ။ လတ်တလော ထောက်ပံ့ဖို့ အခက်အခဲတွေရှိတာကိုလည်း နားလည်ပေးပါလို့ ပြောလိုက်တယ်။ စီဒီအမ်သမားတွေကလည်း ရပါတယ်။ ကျနော်တို့က အဆုံးထိ စီဒီအမ်ပါလို့ ပြောကြတယ်။ ဒါပေမယ့် တကယ်တန်းကျတော့ Support က လိုတယ်။ အခက်အခဲတွေ ရှိတယ်။ သည်တော့ လူတွေက အားနာတယ်မဟုတ်လား၊ ရပါတယ်လို့ ဖြေကြပေမယ့် ကိုယ့်ဖက်က Full CDM ဆိုရင် ငွေကြေးတွေ အကာအကွယ်တွေ နေစရာ ပုန်းစရာတွေ အကုန်ကြိုပြီး ပြင်ဆင်ပေးထားရမယ်။ စဉ်းစားထားရမယ်။ ဆွေးနွေးထားရမယ်လေ။ ဒါကို သမီးတို့အဖွဲ့တွေက လိုက်စကားပြောတော့မှ နာရီဝက်လောက် စကားပြောတော့မှ အခက်အခဲတွေကို နားလည်လာတယ်။ ပေါ်လာတယ်။ သည်တော့ expectation နဲ့ reality က မတူဘူးလေ။ အပေါ်က full CDM ပြောတယ်။ အောက်ကဝန်ထမ်းတွေကလည်း လုပ်ကြတယ်။ support က ထင်သလို မဖြစ်လာတော့ သမီးတို့လို့ volunteer support group တွေက ကြားထဲမှာ အခက်အခဲတွေ ရှိလာတယ်။ တခါတလေဆို ကိုယ်တိုင်လည်း depress (စိတ်ကျတာ) ဖြစ်တာတွေ ရှိတယ်။

မေး - Support ဆိုတာ စိတ်ပိုင်းဆိုင်ရာ ပါ အားပေးကူညီတာလည်း ပါတယ် လို့ ထင်တယ်လေ။ သူတို့ဝန်ထမ်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲမျိုးစုံကို ဖေးမကူညီဖို့ ကဏ္ဍအမျိုးမျိုးတွေ လိုတယ် မဟုတ်လား။ အဲသည်အတွက် guideline တွေ ရှိပြီလား။

ဖြေ - သူတို့ CRPH Support Team အနေနဲ့ ဆက်လုပ်နိုင်ပါတယ်။ သမီးတို့တတွေ အစတုန်းကလည်း လူ ၈ ယောက်လောက်နဲ့ စပြီး လုပ်ကြတာ၊ ဝန်ထမ်းတွေ အများကြီး ကူညီနိုင်ခဲ့တယ်။ သည် ဗော်လန်တီယာအဖွဲ့တွေကလည်း ဆက်ကူနိုင်ပါတယ်။ အချက်အလက်တွေလည်း ပေးနိုင်တယ်။ ဟော့လိုင်းအတွက် အဖွဲ့တွေလည်း ရှိပါတယ်။ အဲသည်အတွက် ဝိုင်းကူနိုင်တာကို ပြောထားပါတယ်။ နောက် ဧပြီလမှာကျတော့ ပိတ်တာ ဆို့တာ ဖမ်းတာ ဆီးတာတွေ ဖြစ်ကုန်တော့ CRPH CDM Support Team ကိုယ်တိုင်လည်း stuck ဖြစ်နေတာပေါ့။ ဒါတွေ ရှိနေတာပေါ့။ နောက်တခုက တနေရာတည်းကနေ စီးဆင်းဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး မဟုတ်လား။

မေး - ဒါဆိုရင် အခု ပြည်ပကနေပြီး CRPH Support အလှူငွေပို့ပေးကြဖို့ ကိစ္စမှာလည်း အခက်အခဲတွေ အခိုက်အတန့်ဖြစ်နေတာ ရှိတဲ့အကြောင်း ရှင်းပြချင်တယ်။ အခုကျတော့ အလှူရှင်တွေက လိုအပ်တဲ့ နေရာတွေ ကဏ္ဍတွေကို မိမိဖာသာ အလှူခံ၊ အလှူငွေကို စိတ်ချရအောင် ပို့၊ သည်က CRPH အဖွဲ့ကို ကြိုတင်သဘောတူညီချက်တောင်းထား၊ အတည်ပြုချက်ယူထား၊ စာရင်းပြုစုထားဖို့ လုပ်နေကြပါတယ်။ သည်လိုမျိုး CRPH နဲ့ Approved-Volunteer Support တွေ လက်တွဲချိတ်ဆက်လုပ်တဲ့ မိုဒယ်လည်း ထုတ်ပြန်တော့မယ် ကြားပါတယ်။ (အခုသတင်းရေးချိန်မှာ CRPH - OFP ထုတ်ပြန်ပြီးဖြစ်) ပြည်တွင်းမှာလည်း ဒီမိုဒယ်က ခင်ဗျားတို့ ဗော်လန်တီယာ support group တွေနဲ့ CRPH CDM Support Team တွေ အစောကတည်းက တဦးကို တဦး အသိပေးချိတ်ဆက်လုပ်ကိုင်တဲ့ မိုဒယ်နဲ့ အလားသဏ္ဍန် တူတယ်လို့ ပြောနိုင်ပါတယ်။

ဖြေ - သမီးတို့ဆီမှာ ဒေတာဘေ့စ်တွေ ရှိတယ်။ ရှယ်ပေးတယ်။ အချင်းချင်းလည်း ကွန်ဖန်းလုပ်နိုင်တယ်။ ဒီလို ဒေတာဘေ့စ်တွေ ချိတ်ဆက်ထားနိုင်ဖို့ လိုအပ်နေပါတယ်။ သူတို့မှာ ရှိတာကော အခြားအဖွဲ့တွေ တဦးချင်းအလှုရှင်တွေဆီမှာ ရှိတဲ့စာရင်းကော တစုတစည်း စုစည်းထားနိုင်ဖို့ လိုပါတယ်။

မေး - မြေပြင်မှာ အခက်အခဲတွေ အကြပ်အတည်းတွေ ရှိနေတော့ ဘယ်လို ဆက်လုပ်ကြမှာလဲ။

ဖြေ - အရင်တုန်းတော့ သွားလာလို့ ရတယ်။ ရှောင်တိမ်းပြီး နေနိုင်တယ်။ နောက်ပိုင်းမှာတော့ ခက်လာတယ်။ လမ်းပေါ်ကလူတွေကိုလည်း စစ်တယ်။ ကားတွေကိုလည်း စစ်တယ်။ ဖမ်းမိသွားရင်လည်း သူတို့က ရိုက်နှက်စစ်ဆေးတဲ့အကြောင်းတွေလည်း ကြားတယ်။ အဖွဲ့တွေမှာ ရှိတဲ့ အချက်အလက်တွေ ပါသွားလို့ မဖြစ်ဘူး။ အဖမ်းခံလို့ မဖြစ်ဘူး။ သင်းကြန်မှာကို ကားတွေကို လူတွေကို တားပြီးတောင် စစ်တာ။ အင်ဖောင်မေးရှင်းတွေ ပါမသွားဖို့ လုံခြုံဖို့က အခုချိန်မှာ နံပါတ် တစ် အရေးကြီးတယ်။

မေး - ခင်ဗျားကော အခုအခြားဘာအလုပ်ရှိသေးလဲ။

ဖြေ - ကိုယ်တိုင်လည်း အခုလိုဆိုတော့ အလုပ်မရှိဘူးလေ။ ရှိတဲ့အလုပ်ကလည်း မတ်လကတည်းက ပြုတ်သွားပြီ။ သမီးကိုယ်တိုင်လည်း CDM ဖြစ်နေပြီပဲ။ (ရယ်လျက်)။

မေး - CDM Support ကို ဆက်လုပ်ဦးမှာပဲလား။

ဖြေ - ဆက်လုပ်ရဦးမယ်။ အားလုံး ဝိုင်းလုပ်ကြရမယ်။ centralized လုပ်တာထက် distributed network တွေနဲ့ ဆက်လုပ်ကြရမယ်။ အဆုံးထိ CDM လုပ်မှ နွေဦးတော်လှန်ရေး အောင်မြင်မှာ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar