Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၆ ရက် မြောက်နေ့ မြင်ကွင်း

DVB news photo

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၂၆၊ ၂၀၂၁

ပြည်တွင်းစစ်ကို ရှောင်လွှဲ မရပြီလား


ဒုတိယကမ္ဘာစစ် ကို ဖယ်လိုက်ပြီး မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်လို့ သတ်မှတ်တဲ့ စစ်က ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ၈ လခန့်အကြာ ၁၉၄၈ ခုနှစ်နှောင်းပိုင်းကနေပြီး တိုက်ခိုက်ခဲ့တဲ့ ၁၉၅၀၊ ၅၁ ခုနှစ်ကာလများကို မြန်မာနိုင်ငံ၏ ကျယ်ပြန့်သည့် ပြည်တွင်းစစ်ကာလဟု သတ်မှတ်ရမည်ထင်ပါသည်။

လွတ်လပ်ရေး ရပြီးနောက် သခင်စိုး ဦးဆောင်သည့် အလံနီပါတီ၊ ရခိုင်အမျိုးသားတပ်များ၊ မူဂျာဟစ်သူပုန် စသည့် လက်နက်ကိုင် အဖွဲ့တွေက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) က လက်နက်ကိုင် လမ်းစဥ်မကိုင်စွဲမီ လအနည်းငယ်အလိုကပင် လက်နက်ကိုင် တို်က်ခိုက် ခဲ့ကြပြီဖြစ်သည်။

ထိုစဥ်က မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းအတော်များများကို သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့များက အသီးသီး သိမ်းယူထားခြင်း၊ ရန်ကုန်မြို့တွင် ရုံးစိုက်သည့် အစိုးရ အနေဖြင့် ရန်ကုန်မြို့ကို မကျဆုံးအောင် အပြင်းအထန် ခုခံနေရခြင်းတို့ကြောင့် သတင်းစာများက ရန်ကုန်အစိုးရဟု ခေါ်ဆိုခဲ့ကြသည် အထိဖြစ်ခဲ့သည်။

ထိုခေတ်ထိုအခါက စစ်ပွဲဒဏ်ခံခဲ့ရသည့် အကြောင်း ကျနော်တို့ရဲ့ မိဘများက ပြန်ပြောပြခဲ့သည်ကို နားထောင်ခဲ့ဖူးသည်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ မြို့ကို သိမ်းသည့်အကြောင်း၊ ကျေးလက်များမှ ဆေွမျိုးများ မြို့ပေါ် စစ်ဘေးလာရှောင်ကြသည့် အကြောင်းတွေကို ငယ်စဥ်က တကြိမ်မက ကြားခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် ထိုကာလသည်သာ ပြည်တွင်းစစ်ဖြစ်သည်တော့မဟုတ်ပါ။ ၅၀ ကျော်ခုနှစ်တွေနောက်ပိုင်း ၁၉၆၀ ကျော် ခုနှစ်များ ၁၉၇၀ ကျော်ခုနှစ်များသည်လည်း တိုင်းရင်းသား နယ်မြေဒေသနှင့် ပြည်မတိုင်း ဒေသအချို့တို့တွင်လည်း စစ်ပွဲများဆယ်စု နှစ်နဲ့ချီ ဖြစ်ခဲ့ကြခြင်းကြောင့် ပေါ်တာဆွဲခံရခြင်း၊ ကား၊ ရထား၊ သဘေင်္ာ ပစ်ခတ်ခံရခြင်း၊ သေဆုံးခြင်းများ ပေါ်တာကြေး ဆက်ကြေး အကောက်အစား စသည့် အဖြစ်အပျက်များ နှင့် ယဥ်ပါး လိုက်လျောညီအောင် နေထိုင် လုပ်ကိုင် စားသောက်ခဲ့ရသည်။

မြန်မာလူထု တိုင်းရင်းသားနယ်မြေများတွင် နေထိုင်သည့် လူထုအနေဖြင့် ဆယ်စုနှစ်နဲ့ချီပြီး ပြည်တွင်းစစ် အကြောင်း ကိုယ်တိုင် ကြုံဖူးခဲ့ကြသည် လက်ရှိလည်း ကြုံနေကြရသည့် ဒေသအများအပြား ရှိပါသည်။ ကရင်ပြည်နယ်၊ ရှမ်းမြောက်၊ ကချင်ပြည်နယ်၊ မကြာသေးခင်နှစ်များက ရခိုင်ပြည်နယ် မြောက်ပိုင်း တို့သည် စစ်ဒဏ် ခံနေကြရသည့် နေရာ ဒေသများဖြစ်သည်။

သို့ဆိုပါလျင် ခု စစ်ကောင်စီအာဏာသိမ်းပြီး နောက် အရိပ်လက္ခဏာ ပေါ်ထွက်လာသည့် ပြည်တွင်းစစ်ဆိုသည်က ဘာထူးခြားသလဲ ဟုမေးစရာ ရှိနိုင်ပါသည်။

ယခုစစ်ကောင်စီ အာဏာသိမ်းပြီးနောက် အရိပ်အရောင်သမ်းလာသည့် ပြည်တွင်းစစ်ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်က ယခင် ဆယ်စုနှစ်များက သေနတ်သံ၊ ဗုံးသံ မကြားခဲ့ကြရသည့် မြို့၊ ရွာတွေမှာပါ သေနတ်သံ ဗုံးသံ၊ စည်းစိမ်ဥစ္စာ ဆုံးရှုံးမှု၊ အိမ်မီးလောင်၊ ရွာမီးလောင် မြို့ပေါ်က အဆောက်အဦတွေမီးလောင် လူတွေ ရရာမှီရာ ပစ္စည်းယူငင်ပြီး ရှောင်တိမ်းကြ၊ ချန်ရစ်ထားခဲ့သည့် အိမ်တွေ၊ ဆိုင်တွေ လုယက်ဖောက်ထွင်းခံရ၊ ဖျက်ဆီးခံရ၊ ၊ ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်း ဘာသာရေး အဆောက်အဦတွေပါမကျန် ဗုံးဒဏ် လက်နက်ဒဏ် ခံကြရသည့် မြင်ကွင်းမျိုး အြဖစ်မျိုး ကြုံရမည့် အလားအလာပင် ဖြစ်သည်ဟု ထင်ပါသည်။

နကိုကတည်းက မငြိမ်းသေးသည့် ပြည်တွင်းစစ်မီးကို ပိုတောက်လောင်လာစေမည့် သဘောလည်း ဖြစ်သည်။

ခုရက်ပိုင်း ခုသီတင်းပတ်ပိုင်း တွေ့မြင်ကြားသိလာရသည့် သတင်းများအရ ဆိုလျင် အထက်က ဆိုခဲ့သည့်ကျယ်ပြန့်သည့် ပြည်တွင်းစစ် လိုမျိုး ဖြစ်နိုင်ချေတဖြည်းဖြည်း မြင့်တက်လာနေပြီဟု ယူဆပါသည်။ ပြည်တွင်းစစ်သည် နိုင်ငံရေး ကိစ္စရပ်များ၊ အပေးအယူ၊ အစရှိသည်တို့ ကို အောင်မြင်အောင် မလုပ်နိုင် ကြခြင်းကြောင့် သို့မဟုတ် ဘက်တဘက်က အာဏာကို နောက်ဆုံးအချိန်ထိ ကိုင်စွဲထားမည်ဟု ဆုံးဖြတ်ခြင်းကြောင့် လက်နက်ကိုင်တိုက်ခိုက်သည့် နည်းဖြင့် အဖြေရှာကာ အင်အားသုံးအနိုင်ယူဖို့ ကြိုးစားကြခြင်း ဖြစ်သည်။

အင်န်အယ်လ်ဒီပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းခဲ့သည့် စီအာရ်ပီအိတ်ချ် ၊ နောက်တဖန် အမျိုးသားညီညွတ်ရေး အစိုးရ NUG စသည့် အဖွဲ့အစည်းတွေက လက်နက်ကိုင်တော်လှန်ရေးကို ကိုင်စွဲတော့မည့် ထုတ်ပြန်ချက် တွေ ပြီးခဲ့သည့် သီတင်းပတ်တွေတုန်းက ထုတ်ပြန်ခဲ့သလို နယ်ဒေသအသီးသီးမှာ ရှိတဲ့ ကာကွယ်ရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ကာ လက်နက်ကိုင်တော်လှန်ရေး ကို အရှိန်မြှင့် လုပ်ဆောင်သွားမည့် အနေအထားလည်း ဖြစ်ပါသည်။

သို့ဖြစ်၍ ရွေးကောက်ပွဲ မဲစာရင်းကို အကြောင်းပြပြီး စစ်ကောင်စီက စတင်လိုက်သည့် အာဏာသိမ်းမှုသည် မြန်မာနိုင်ငံကို နကို အရှိန်သေစပြုနေသည့် ပြည်တွင်းစစ် အခြေအနမှ ကျယ်ပြန့်သည် ပြည်တွင်းစစ်နွံထဲ ဆွဲချခဲ့သည့် သဘောလည်း ဖြစ်သည်ဟု ဆိုရပါမည်။

လူထုမဲဆန္ဒအများစုဖြင့်ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပြီး သက်တမ်းတခုဖြင့် တိုင်းပြည်အုပ်ချုပ်ခွင့်ပေးရသည့် နိုင်ငံရေးလမ်းစဉ်ကို လက်မခံခြင်းကြောင့် ယခုထက်ထိ မြန်မာပြည်တွင် လက်နက်အားကိုး အင်အားသုံးအနိုင်ယူသူက အုပ်ချုပ်သည့် နည်းလမ်းက ရှေ့တန်းရောက်နေရသည်။ ယခု ထိုအာဏာရှင်လမ်းစဉ်ကို ဖြိုဖျက်ဖို့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည့်သူများက နိုင်ငံရေးသမားများ၊ ပြည်သူများ လက်ချင်းချိတ်ဆောင်ရွက်နေသော နိုင်ငံရေးနည်း စစ်ရေးနည်းတို့ ပြိုင်တူသုံးပြီး ဆောင်ရွက်နေကြသည်ကို ကမ္ဘာကကော မြန်မာတိုင်းရင်းသားတို့ကပါ ဝင်ရောက်ဖြတ်သန်း ရင်ဆိုင်နေကြရပါသည်။

နိဂုံးချုပ်မှာ သတင်းခေါင်းစဉ်အချို့ ကောက်နုတ်ရလျင် - အမေရိကန်နှင့် ပြင်သစ် စွမ်းအင်ကုမ္မဏီကြီးက ၎င်းတို့အစုရှယ်ယာရှင်များ၏ ဆန္ဒဖြင့် မြန်မာပြည်သို့ ပေးသွင်းရသည့် စွမ်းအင်လုပ်ငန်းမှ ဝင်ငွေအချိုးကျကို စစ်ကောင်စီသို့ မပေးဘဲ ဆိုင်းငံ့ထားလိုက်သည်။ ချက်သမ္မတနီုင်ငံက NUG အစိုးရ၏ သံတမန်ကို အသိအမှတ်ပြုသည်ဟု ထုတ်ပြန်သည်။ UN ၏ အဖွဲ့အစည်း WHO က မြန်မာပြည်က အငြင်းပွားဖွယ် စစ်ကောင်စီကိုယ်စားလှယ်ကို လက်မခံသေးကြောင်း၊ အခြား NUG ကိုလည်း အတည်မပြုသေးကြောင်း ဆိုင်းငံ့ဆုံးဖြတ်ချက် ထုတ်ပြန်သည်။ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO အစည်းအဝေး ဂျနီဗာက ကုလသမဂ္ဂမှာ ကျင်းပနေရာမှာလည်း စစ်ကောင်စီကိုယ်စားပြုမှုကို လက်မခံရန် မြန်မာ့အရေး အလုပ်သမားအရေးလှုပ်ရှားသူတို့က ကြိုးပမ်းလျက်ရှိသည်။ လာမည့် မေ ၂၉ တွင် တကမ္ဘာလုံး နွေဦးတော်လှန်ရေးလှုပ်ရှားမှုအဖြစ် တိုင်းရင်းသားများ နိုင်ငံတကာမိသားစုများဖြင့် ပူးပေါင်းဆန္ဒပြပွဲများ ကျင်းပကြမည်ဟု ဆိုသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar