Breaking News

အောင်ဒင် - “ကုလသမဂ္ဂ" သို့ "သာဝနိုင်" ၏ မပို့ဖြစ်သေးသော စာ



အောင်ဒင် - “ကုလသမဂ္ဂ" သို့ "သာဝနိုင်" ၏ မပို့ဖြစ်သေးသော စာ

(မိုးမခ) မေ ၇၊ ၂၀၂၁

ဟလို မစ္စတာ ယူအန် (UN)
ကျန်းမာရဲ့နော်
ခင်ဗျားအသံ မကြားရတာကြာလို့
ခင်ဗျားဆီ စာရေးချင်စိတ် ပေါက်လာလို့…။

ခင်ဗျားများ စိတ်ဝင်စားမလား မသိဘူး
မနေ့က မန္တလေးမှာ
ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စောင့်နေတဲ့ မိန်းကလေးတစ်ယောက်ကို
ဖက်ဆစ်တပ်သားတစ်ယောက်က
ပစ်သတ်လိုက်တယ်ဗျ…။

ရန်ကုန်မြို့က ပုဇွန်တောင် လမ်း ၅၀ မှာလဲ
ညဘက်ကြီး စစ်ကားတွေဝင်လာပြီးတဲ့နောက်
လူငယ် ၈ ယောက်ကို အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြတယ်…တဲ့၊
လားရှိုး ဆိုတဲ့ ရှမ်းမြောက်မြို့တော်မှာလဲ
ကျောင်းသားလေးတွေကို စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်ကြသတဲ့…။

ကျနော်တို့ နိုင်ငံကို
အကြမ်းဖက် သိမ်းပိုက်ထားတဲ့
ဖက်ဆစ်တပ်ကြီးရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို
ခင်ဗျားလည်း နေ့စဉ်ကြားနေရမှာပါ
ဒါပေမယ့် ခင်ဗျား မှတ်တမ်းတင်ထားချင်တယ်ဆိုရင်ဖြင့်
ဖက်ဆစ်တပ်က အာဏာသိမ်းပြီး ၉၄ ရက်မြောက်တဲ့နေ့
၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့အထိ
၇၆၉ ဦး အသတ်ခံခဲ့ကြရပြီ၊
၄၇၆၆ ဦး အဖမ်းခံရပြီး ၃၆၉၆ ဦးဟာ အကျဉ်းထောင်ကြီးများထဲမှာ ရှိနေဆဲ၊
ဖမ်းဝရမ်းထုတ်ခံရလို့ ရှောင်တိမ်းနေရတာက ၁၄၅၈ ဦး
မှတ်ထားလိုက်ပါဦးဗျာ၊
အစည်းအဝေးတွေ တက်ရင်၊ ကြေညာချက်တွေထုတ်ရင်
ခင်ဗျား ကိုးကားလို့ ရတာပေါ့…။

ဖက်ဆစ်ဗိုလ်ချုပ်တွေကတော ပြောလိမ့်မယ်
“အေအေပီပီ” က ထုတ်ပြန်တာ မယုံကြည်ရဘူးဆိုပြီး
တကယ့် အမှန်၊ နာကျင်ခံစားရသူတွေရဲ့အရေအတွက်က
ဒီကိန်းဂဏန်းတွေထက် အများကြီး ပိုပါလိမ့်မယ်ဗျာ
ကျနော်တို့ရဲ့ ဘဝတွေနဲ့ ရင်းပြီး အာမခံရဲပါတယ်၊ ယုံကြည်ပါ…။

ည၊ ည၊ အိပ်မရဘူးဗျာ၊
၈ နာရီထိုးတာနဲ့ ကျနော်တို့ သံပုံးတီးကြတယ်၊
ဒီလောက်တော့ လုပ်ရမှာပေါ့ဗျာ၊
သူများတွေ အသက်တွေတောင် စွန့်နေကြရတာ၊
သံပုံးတီးသံကြားတာနဲ့
ဒီ မအလတွေ ရောက်လာတော့တာဘဲဗျာ၊
လမ်းထဲမှာ စစ်ကားတွေကို ခေါက်တုံ့ခေါက်ပြန်မောင်းပြီး
ဆဲဆိုကြိမ်းမောင်းလိုက်၊ အိမ်တွေကို လေးခွနဲ့ ပစ်လိုက်၊
တချို့အိမ်တွေထဲ တံခါးကို ချိုးဖျက်ဝင်ရောက်ပြီး
တစ်အိမ်လုံး တစ်ယောက်မကျန် ဖမ်းဆီး၊
အိမ်ထဲရှိသမျှ ရွှေထည်ပစ္စည်းတွေကအစ
အိမ်သာသုံး စက္ကူအဆုံး ခိုးယူလုယက်
သူတို့ ကျေနပ်အားရလို့ ပြန်ထွက်သွားတော့မှ
တစ်လမ်းလုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ ကျန်ရစ်ခဲ့တာပေါ့…။

ဒါလည်း ကျနော်တို့ မမှတ်ကြပါဘူး၊
နောက်ညတွေမှာလည်း ဆက်ပြီး သံပုံးတီးကြတာပါပဲ
အတွေ့အကြုံများလာတော့
ဘယ်အချိန်မှာတီးပြီး၊ ဘယ်အချိန်မှာရပ်၊
ဘယ်လောက် ဆဲဆဲ မသိချင်ယောင်ဆောင်၊
ဘယ်အချိန်မှာ အိမ်ကို အမှောင်ချ၊
ကျနော်တို့ ကျွမ်းကျင်လာကြပါပြီ…။

ဪ၊ ဒါနဲ့
ဒီနေ့ ကျောင်းတွေ ပြန်ဖွင့်တယ်ဗျ၊
စာသင်ခန်းတွေထဲ လူနည်းနည်းပဲ ရှိပါတယ်ဗျာ၊
အများစုက ဆန္ဒပြနေကြ၊ ပြည်သူတွေကို ကာကွယ်ဖို့ လေ့ကျင့်နေကြ၊
စီဒီအမ် ဝန်ထမ်းတွေကို စောင့်ရှောက်နေကြ၊
အကျဉ်းထောင်ထဲမှာ ညှင်းပန်းနှိပ်စက်ခံနေကြရ၊
ကျောင်းတက်သူတချို့တော့ ရှိတာပေါ့ဗျာ၊
တစ်နှစ် ၂ တန်းနှုံးနဲ့ မြန်မြန်ဆန်ဆန် ဘွဲ့ရချင်တဲ့သူတွေ၊
နည်းပြဘဝကနေ ပါမောက္ခချုပ်ကြီး ခုန်ကျော်ဖြစ်ချင်ကြသူတွေပေါ့…။

သာသနာရေးစာမေးပွဲတွေ ဖြေဖို့
အသင့်ပြင်နေတဲ့ ဘုန်းကြီးတချို့လည်း ရှိတယ်ဗျ၊
ဒီအချိန်က ဓမ္မာစရိယ ဘွဲ့ကို လွယ်လွယ်ကူကူရဖို့
အကောင်းဆုံးအချိန်ပဲလေ၊
ဟိုတစ်နေ့ကလည်း
ဂျူတီကုတ်အဖြူဝတ်စုံနဲ့ ဆရာဝန်တွေ၊ ဆရာမတွေ
မိုးပျံဘူဖောင်းတွေကို ကြိုးနဲ့ လက်မှာကိုင်ပြီး
မအလ ကြီးကို ခါးကိုင်း၊ ဦးညွတ်၊ အရိုအသေပေးနေကြတာများ
ဒါပေမယ့်လည်း အဲဒီလို လူမျိုးတွေက နည်းနည်းလေးပါဗျာ
လူတစ်သိန်းလောက်မှာ သောက်သုံးမကျသူ တစ်ရာလောက်တော့ ရှိတတ်တယ်မဟုတ်လား…။

ဒီ ဖက်ဆစ်တွေကလေ
အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဗျ
သတင်းစာလွတ်လပ်ခွင့်ကို အကာအကွယ်ပေးမယ်…တဲ့၊
သူတို့ပဲ သတင်းထောက်တွေကို ဖမ်းတယ်၊
သတင်းဋ္ဌာနတွေကို ပိတ်ပစ်တယ်၊
အခုဆို ဂြိုဟ်တုစလောင်းတပ်ရင်တောင် ထောင်ချတယ်၊
တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မယ်…တဲ့၊
ပြီးတော့ တရားဥပဒေကို ချိုးဖောက်နေတာလည်း သူတို့ ကိုယ်တိုင်ပဲ၊
ပြည်သူလူထုဆီက ခိုးဆိုးလုယက်နေတာလည်း သူ့တပ်သားတွေပဲ၊
ပြည်သူတွေ အဝေးကို ထွက်မပြေးကြပါနဲ့တဲ့၊ ပြန်လာကြပါ…တဲ့၊
ပြီးတော့ သူတို့ပဲ လမ်းမှာတွေ့သမျှကို ဖမ်းဆီးထောင်ချနေတာ၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးစားပေးဆောင်ရွက်မယ်…တဲ့၊
ပြည်တွင်းငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမယ်…တဲ့၊
တစ်ဖက်သတ် အပစ်အခတ် ရပ်စဲမယ်…တဲ့၊
ပြီးတော့ သူတို့ပဲ တိုင်းရင်းသားဒေသတွေမှာ လေယဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာ၊
စစ်ဆင်ရေးတွေ အကြီးအကျယ်ဆင်နွှဲနေတာ၊
သတင်းစာထဲမှာ၊ တယ်လီဗီးရှင်းမှာ ပြောဆိုရှင်းပြနေတာများ
သူတို့ကဘဲ မတရားအနိုင်ကျင့် ခံနေရသလိုလို
စိတ်ကုန်တယ်…။

ကျနော်တို့ အဖိနှိပ်ခံရမှုတွေအတွက်
ခင်ဗျား ဘာမှ မလုပ်ပေးနိုင်တာကို
စိတ်မကောင်း မဖြစ်ပါနဲ့ဗျာ၊
ကျနော်တို့ နားလည်နိုင်ပါတယ်၊
ခင်ဗျားမှာလည်း
တရုတ်ကြီးက ရိုက်လိုက်၊
ရုရှားကြီးက ကိုက်လိုက်၊
နှစ်နှစ် တစ်ခါ လုံခြုံရေးကောင်စီထဲ ရောက်လာတတ်တဲ့
ဗီယက်နန်လို ဖက်ဆစ်တပ်ရဲ့ မဟာမိတ်တွေက ခြိမ်းခြောက်လိုက်နဲ့…။

ဒါပေမယ့်
ကျနော်တို့ကိုတော့
“အကြမ်းမဖက်ကြပါနဲ”့…တို့၊
“ငြိမ်းချမ်းစွာပဲ ဆောင်ရွက်ကြပါ”…တို့၊
“စေ့စပ် ဆွေးနွေး ညှိနှိုင်း အဖြေရှာကြပါ”…တို့တော့
လာမပြောနဲ့နော်
ခင်ဗျားကိုယ်တိုင်က နိုင်ငံတကာကိုယ်စားပြု အဖွဲ့အစည်းကြီးအဖြစ် အမည်ခံထားပြီး
အဖွဲ့ဝင်နိုင်ငံတစ်ခုက
ပြည်သူတွေရဲ့ ဘေးဒုက္ခတွေကို မကာကွယ်နိုင်မှတော့
ကျနော်တို့မှာ ကိုယ့်ကိုယ်ကို ကာကွယ်ခွင့်ရှိတယ်၊
ကိုယ့်ပြည်သူတွေကို ကာကွယ်ခွင့်ရှိတယ်၊
ကျနော်တို့ရဲ့ "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြီး" ပေါ်ပေါက်လာပြီ၊
ကျနော်တို့ ပြည်သူတွေကို မတရားအနိုင်ကျင့်ခံရမှုတွေကနေ
ခုခံကာကွယ်ကြမယ်
ဒါဟာ ကျနော်တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးဖြစ်တယ်
ခင်ဗျား သဘောမတူလည်း ဂရုမစိုက်နိုင်ပါ
"ရိုက်ရဲတာ သတ္တိမဟုတ်ဘူး၊
ခံရဲတာ သတ္တိ" ဆိုတဲ့
ဖောက်ပြန်လွဲမှားတဲ့ အယူအဆကို
ကျနော်တို့ စွန့်ပစ်ခဲ့ပါပြီ…။

ဒါပေမယ့်
ခင်ဗျားအတွက်လည်း ကျနော်တို့ စဉ်းစားထားပါတယ်၊
ကျနော်တို့ နိုင်ငံ လွတ်လပ်ရေးရပြီးရင်
ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒုတိယဖက်ဆစ်တော်လှန်ရေးကြီး အောင်မြင်ပြီးရင်
ခင်ဗျား လွတ်လပ်အောင်လည်း
ကျနော်တို့ ကူပါ့မယ်
အဲဒီအခါကျ
ကျနော်တို့က ကြေညာချက်ထုတ်ရုံမဟုတ်ဘူး
ခင်ဗျားကို ချုပ်ချယ်အနိုင်ကျင့်နေသူတွေကို
တကယ် ဝင်တီးပစ်မှာ…ဗျ…။

ခင်ဗျားဆီ စာရေးနေတာ
စိတ်တိုတိုနဲ့ စာတောင် အတော်ရှည်သွားပြီ
ခက်တာက ဘယ်လို ပို့ရမှန်း မသိတာပဲ၊
မြို့လယ်ခေါင်မှာတော့ စာတိုက်ပုံးရှိတယ်၊
ဒါပေမယ့် ကျနော်ကလည်း အင်မတန် သတ္တိပြောင်မြောက်လွန်းတော့
ကိုယ့်အိမ်ရှေ့က ရေမြောင်းကျော်ပြီး အပြင်မထွက်ရဲဘူး၊
မတော် ဖက်ဆစ်တပ်သားတွေ ရမ်းသမ်းပစ်တဲ့ ကျည်ဆံ မှန်ရင် သေမှာစိုးလို့၊
လမ်းမှာ ဖမ်းပြီး သတ်ပစ်လိုက်ရင်ရော မခက်ဘူးလား၊
ဒီတော့ ဒီစာကို ဒီအတိုင်းပဲ လုံခြုံတဲ့ တစ်နေရာမှာ သိမ်းထားလိုက်မယ်၊
တစ်နေ့တော့ ခင်ဗျား ဖတ်ခွင့်ရမှာပါ၊

ဪ၊ ဒါနဲ့ ကျနော့်နံမည် "သာဝနိုင်" ပါ…။

(မေ ၅၊ ၂၀၂၁)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar