Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၆ ရက် မြောက်နေ့ မြင်ကွင်း

Sitt Nyein Aye


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၆၊ ၂၀၂၁

မြန်မာနိုင်ငံလူထုအနေနဲ့ နံနက်မှ ည မအိပ်ခင်အထိ ပေါက်ကွဲမှု၊ ဆန္ဒပြမှု၊ ဖမ်းဆီးမှု နဲ့ အံတုမှုတွေနဲ့ တနေ့တနေ့ကို ဖြတ်သန်းနေကြပါတယ်။ ရန်ကုန်မြို့ဟာ မနက်ခင်း ပေါက်ကွဲမှု နေ့ခင်း ပေါက်ကွဲမှု ညဦးပိုင်းပေါက်ကွဲမှု စသဖြင့် နေ့တနေ့ရဲ့ ဘယ်အချိန်မဆို ပေါက်ကွဲမှုတွေ ဖြစ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ အခုချိန်ထိတော့ ေပါက်ကွဲမှုတွေဟာ လူအသေအပျောက် ဒဏ်ရာရတာ နညး်ပါးပါတယ်။ လမ်းလယ်ကျွန်းမှာ၊ လမ်းပေါ်မှာ အဆောက်အဦအရှေ့မှာ အများစု ဖြစ်ပွားတာဖြစ်ပြီးလူ အုပ်စုလိုက်ရှိတဲ့ ကုန်တိုက်လို၊ ဘတ်စကားထဲမှာလို၊ စျေးလိုနေရာမျိုးတွေမှာ ဖြစ်ပွားတာနည်းပါးပြီး လူမထူထပ်တဲ့နေရာ၊ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံးတွေရှိတဲ့ နေရာမျိုးတွေကို ပစ်မှတ်ထား တဲ့သဘော အကဲခတ်တွေ့ရှိရပါတယ်။ လူထူထပ်တဲ့နေရာတွေကို ပစ်မှတ်ထားပြီး မလုပ်တာကြောင့်လည်း မြို့နေလူထုကတော့ ဒိလောက်ကြီး စိုးရိမ်ကြောက်လန့်တော မတွေ့ရပါဘူး။ ကား၊ လူ အသွားအလာ သိသိသာသာကြီး လျော့မသွားသေးပါဘူး။

တချို့သောေပါက်ကွဲမှုတွေက စမ်းသပ်ရင်း ပေါက်ကွဲသွားတာကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက် ကောက်ချက်ချမှုတွေလည်း ရှိနေတာ သတိပြုမိပါတယ်။ ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံရေး သမိုငး်မှာ ရန်ကုန်လို စီးပွားရေး ဗဟိုအချက်အချာ ကျတဲ့ မြို့ပေါ်မှာ ပေါက်ကွဲမှုတွေ နေ့စဥ်ရက်ဆက် ဖြစ်လာလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး။ အလားတူပဲ ခုေလာက် ပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေ ရှိတဲ့အခြေအနေမျိုး ရန်ကုန်မှာ မကြံုခဲ့ကြပါဘူး။ စစ်ကောင်စီတပ်တွေရဲ့ ရက်စက်စွာ ရိုက်နှက် ဖမ်းဆီးမှု အချို့ကိစ္စတွေမှာ အသက်ဆုံးရှံးသွားရတာကို မြင်ရ ကြားရ ကြုံတွေ့ရပြီးနောက်မှာ အခုလို ဗုံးကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတာပါ။ ပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှတော့ သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပေြာတာမျိုး ခုထိမရှိပါဘူး။

ရန်ကုန်မြို့က တဖြည်းဖြည်းနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုကြောင့် ပေါက်ကွဲမှုတွေ နေ့စဥ်သတင်းထဲ ဖေါ်ပြခဲ့ကြတဲ့ အာဖဂန်နစ္စတန်လို၊ အီရတ်လိုတော့မဟုတ်သေးပါဘူး။ အဆိုပါ နိုင်ငံတွေမှာတော့ လူအသေအပျောက်များအောင် တမင်ရည်ရွယ် ဖောက်ခွဲကြတာ ၊ ပေါက်ကွဲအားများအောင် ဗုံးတွေ တလုံးမက ကားပေါ်အများအပြားတင်ပြီး ကားဗုံးဖေါက်ခွဲကြတာမျိုး အသေခံပြီး ဗုံးခွဲကြတာမျိုးကြောင့် အဆိုပါနိုင်ငံတွေနဲ့ ပတ်သက်တဲ့ သတင်း၊ သတင်းမှတ်တမ်းတွေမှာ ကြည့်ရှုရတဲ့အခါ အလွန်ကြေကွဲစရာကောင်းတာလည်း ဖြစ်ပါတယ်။ ခုမြန်မာပြည်က တော့ သွေးသံရဲရဲ အသက်ဆုံးရှုံးမှုများတဲ့ ပေါက်ကွဲအားပြင်းတဲ့ ထိခိုက်မှုပြင်းအောင် ဗုံးအများကြီး ထည့်ပြီး ဖေါက်ခွဲတာမျိုး မဟုတ်တာေြကာင့် လူအများက ဒီလောက် စိုးရိမ်သောက မရောက်ကြသေးတာဖြစ်ပါတယ်။

လတ်တလော ရန်ကုန်နဲ့ အခြားမြို့တွေမှာ ပေါက်ကွဲနေတဲ့ ဗုံးတွေနဲ့ ပတ်သက်လို့ ဘယ်သူဖေါက်တာလဲ ဘယ်သူ့လက်ချက်လဲဆိုတဲ့ အပေါ် အမျိုးမျိုးသော ထင်ကြေးပေးမှုတွေသာရှိပြီး တိကျတဲ့ အထောက်အထားနဲ့ မဖေါ်ထုတ်နိုင်တာလည်း တွေ့ရပါတယ်။ ခုချိန်မှာ အဖြစ်အပျက်ရဲ့ အဖြစ်မှန် ပေါ်ထွက်ဖို့ ခက်ခဲတဲ့အခေြအနေလည်း ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဘက်တော်သားတွေကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံကို အုပ်ချုပ်လို့မရစေရဘူးလို့ ကြွေးကြော်ထားပြီး ခု ဗုံးေပါက်ကွဲမှုဟာ စစ်အာဏာသိမ်း အကြမ်းဖက်တဲ့ တပ်တွေ ဘယ်လောက် ဖြန့်ချထားထား အဲဒီကြားထဲက ခုလို ပေါက်ကွဲမှုတွေနဲ့ ရန်သူ စစ်အုပ်စုကို မနားရအောင် လုပ်ဆောင်တာလို့ ကောက်ချက်ချမှုတွေလည်း ရှိသလို တဖက်မှာလည်း စစ်ကောင်စီ ဘက်က အခုလို ဖောက်ခွဲမှုတွေကို တဖက်လှည့်နဲ့ လုပ်ဆောင်ပြီး စစ်ကောင်စီဆန့်ကျင်သူတွေကို အမှုဆင်ကာ ဖမ်းဆီးတာ၊ နွေဦးတော်လှန်ရေးကို နာမည်ပျက်အောင် လုပ်တာလို့ ကောက်ချက်ချမှုတွေလည်း ရှိနေတာ ကြားသိရပါတယ်။ အကြမ်းမဖက် ငြိမ်းချမ်းစာ ဆန္ဒပြသူတွေကို နာမည်ဖျက်ချင်လို့ စစ်ကောင်စီဘက်က တဖက်လှည့်နဲ့ လုပ်တာဆုိတဲ့ ယူဆမှုမျိုးလည်း ရှိတာ ကြားသိရပါတယ်။

ခုသီတင်းပတ်ထဲ မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ၊ ကောလိပ်ရဲ့ စာသင်တန်း အချို့ကို စတင်ဖွင့်လှစ်နေပြီဖြစ်ပါတယ်။ ခုလိုစစ်ကောင်စီက ဖွင့်လှစ်ဖို့ ကြိုးစားတာကို မအောင်မြင်အောင် ကျောင်းမတက်ရေး နှိုးဆော်မှုတွေ ရှိနေသလို အချို့သော ဒေသတွေမှာတော့ ကျောင်းလာတက်တဲ့ ဆရာနဲ့ ကျောင်းသားတချို့ရဲ့ ဆိုင်ကယ်တွေကို မီးရှို့တယ်ဆိုတဲ့ သတင်းတွေလည်း ဒီနေ့ ဖတ်ရှုရပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စည်းရုံးရေးနည်းနာ ပရိယာယ် အရ ဘယ်လို ဖြစ်သင့်သလဲဆိုတဲ့ မတူညီတဲ့ အမြင်တွေ ရှိကြတာ ကြားသိရပါတယ်။ အချို့ကတော့ ကျောင်းမတက်ဖို့ လှုပ်ရှားမှုကို မပါဝင်သူတွေကို သစ္စာဖောက်၊ ဒလန် စသဖြင့် စွပ်စွဲပြီး ခုလိုမီးရှို့တာ လုပ်သင့်တယ် ဆိုတဲ့ အယူအဆ ဖြစ်သလို တခြားအယူအဆကတော့ ကိုယ်တွေ လောက်လုိက်မလုပ်နိုင်တဲ့သူ တွေကိုလည်း ကြားနေသူ အဖြစ် စည်းရုံးထားပြီး တဖက်ကို မထောက်ခံရေး အခြေအနေ မှာ ထိန်းထားနိုင်ရင် ကိုယ့်ဘက်က အောင်မြင်တယ်ဆိုတဲ့ အယူအဆပါ။ စည်းရုံးရေးအရ ပျော့ပြောင်းဖို့လိုတယ်၊ လှည့်သာလူးသာ ဖြစ်ဖို့လိုတယ် ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။

အထက်က အဖြစ်ကို သာဓက ပြုပြီး အခြားသော ကိစ္စရပ်တွေမှာလည်း ဒီလို မူဝါဒဆိုင်ရာ၊ အယူအဆဆိုင်ရာ အခြေအနေတွေမှာ ဘယ်လို လုပ်သင့်၊ ပြုမူသင့်သလဲ ဆိုတာတွေ အမျိုးသားညီညွတ်ရေး အစိုးရဘက်က မူဝါဒ လမ်းညွှန်မှု လူထုကို ဦးဆောင်မှုတွေ ပြောသင့်တယ်လို့လည်း ထင်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ပြည်သူလူထုတွေ နေ့စဥ်နဲ့အမျှကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကို စောင့်ကြည့်ပြီး လူထုကို လမ်းပြဖို့ လမ်း ညွှန်ဖို့ ရှေ့ဆောင်ဖို့ လုပ်ပေးသင့်ပါကြောင်း အကြံပြုပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar