Breaking News

ကိုအောင်မှိုင်း - ကျွန်တော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး -၂



ကိုအောင်မှိုင်း - ကျွန်တော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး -၂

(မိုးမခ) မေ ၁၃၊ ၂၀၂၁

ခုခံစစ်အတွက် ပြောက်ကျားစစ်သေနင်္ဂဗျူဟာကို ပြင်ဆင်ခြင်း


၁။ တတိုင်းပြည်လုံးရှိ ပြည်သူလူထုတရပ်လုံးကိုစည်းရုံးလှုံ့ဆော်ရမည်။ မိမိတို့ရည်ရွယ်ချက်နှင့် စစ်ရေး နိုင်ငံရေးရည်မှန်းချက်များကို ပြည်သူလူထုတရပ်လုံးနားလည်သိရှိရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန်ရှင်းပြ ရပါမည်။ ဖိတ်ခေါ်မှုများလဲပြုလုပ်ရပါမည်။ လူထုလမ်းစဉ်ကို အခိုင်အမာကျင့်သုံးရမည်ဟု ဆိုလိုခြင်းဖြစ် ပါသည်။

၂။ စစ်တပ်အတွင်းရှိ အမှန်တရားကို လိုလားသော တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ရှိသည့် အရာရှိ အရာခံ အ ကြပ် တပ်သားများကို နည်းနာမျိူးစုံဖြင့်ချဉ်းကပ်ကာ အဖြစ်မှန်များကို အသေအချာရှင်းလင်းပြနိုင်ရန် ကြိုး စားရပါမည်။ မင်းအောင်လှိုင်၏ လောဘကြောင့်တိုင်းပြည်ပျက်စီးသွားမည့် ဘေးမှကာကွယ်ရန် အတူ တ ကွပူးပေါင်းတိုက်ပွဲဝင်ကြရန် ဖိတ်ခေါ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ရပါမည်။

၃။ မိမိတပ်အားလည်း စစ်ရေး နိုင်ငံရေးအရ အခိုင်အမာတည်ဆောက်ရပါမည်။ စစ်ရေးအတတ်ပညာများ အား လေ့လာစေခြင်းအပြင် နိုင်ငံရေးအရတိုင်းပြည်တည်ဆောက်မှုအတတ်ပညာများကိုပါ လေ့လာရန် တိုက်တွန်း ရပါမည်။ ရဲဘော်တိုင်း တပ်မှုးငယ် တပ်မှုးကြီးများအဖြစ် မိမိကိုယ်ကိုမိမိတောင်းဆိုတည် ဆောက်ကြရန်အားပေးရပါမည်။

၄။ လူထုစည်းကမ်းများ၊ စစ်ရေးစည်းကမ်းများ၊ စည်းရုံးရေးစည်းကမ်းများကို ရဲဘော်တိုင်း တပ်မှုးတိုင်း နား လည် သဘောပေါက်ရန် စီစဉ်ဆောင်ရွက်ရပါမည်။

၅။ စစ်ပွဲသည် တခုလုံးလက္ခဏာဆောင်၍ တိုက်ပွဲသည် တခုချင်းလက္ခဏာ ဆောင်သည်။ သို့ရာတွင် အ ဆုံး အဖြတ်ပေးနိုင်သောတိုက်ပွဲကြီးများသည် စစ်ပွဲအားအမှန်တကယ်ပြောင်းလဲသွားစေနိုင်ကြောင်း တပ် မှုး တပ်သားအားလုံးကို ပညာပေးရပါမည်။

၆။ ပြောက်ကျားစစ်ဖြစ်သောကြောင့် တပ်၏လျှိူ့ဝှက်ကိစ္စများကို တိတိကျကျ မျက်လုံးအိမ်သဖွယ် စောင့် ရှောက်သင့်ကြောင်း အလေးအနက်ပညာပေးထားရပါမည်။

ရ။ ပြောက်ကျားစစ်၏အတွင်းသဘောမှာ မိမိအကြောင်းရန်သူမသိရန်နှင့် ရန်သူအကြောင်း အကုန်အစင်သိရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ထောက်လှမ်းရေးလုပ်ငန်းများ ကောင်းမွန်အောင် ဆောင်ရွက်ထားရပါမည်။ အဓိကမှာ လူထုအတွင်း မိမိတို့ရဲဘော်များနေရာအနှံ့တွင် ပုံသဏ္ဍာန်မျိူးစုံဖြင့် တည်ရှိနေရန် ကြိုးစားရပါမည်။ လူထုကို အဓိက မှီခိုအားကိုးရပါမည်။

၈။ အဓိကတောင်းဆိုသည့်အချက်မှာ လက်နက်ကိုင်တော်လှန်ရေးနည်းဖြင့်သာ မင်းအောင်လှိုင်၏ လူမဆန်သည့်စစ်တပ်ကို အနိုင်ရနိုင်သည် ဆိုသည့်ယုံကြည်ချက်နှင့် လူထုသည်မိမိတို့၏အရှင်သခင်များ ဖြစ်ကြသည်ဆိုသည့် ယုံကြည်ချက်ပင်ဖြစ်ပါသည်။ ကနေ့ စစ်အုပ်စုနှင့် အပေါင်းပါများထုတ်လွှင့်နေသော “လက်နက်ကိုင် တော်လှန်ရေးဟာ ခေတ်မမီတော့ဘူး” “အကြမ်းဖက်တုံ့ပြန်ရင် ရန်သူဆင်တဲ့ အကွက်ထဲရောက်သွားမယ်” “ လက်နက်ကိုင်တော်လှန်ရေးဆိုတာ အကြမ်းဖက်တာမိုလို့ လက်မခံနိုင်”ဆိုတဲ့ စစ်ဂျင်းတွေ ဖွတ်ဂျင်းတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ဘို့လိုပါသည်။ ၎င်းတို့သည် လက်နက်ကိုင် တော်လှန်ရေးကို အားပျော့သွားစေရန် စနစ်တကျထုတ်လွှင့်နေသော စစ်တပ်စိတ်ဓါတ်စစ်ဆင်ရေး ဌာန၏ ဆို က်ဝါးများဆိုသည်ကို အတွေးအခေါ်အရဖြစ်စေ လက်တွေ့အရဖြစ်စေ ရှင်းရှင်းလင်းရှိဘို့လိုပါသည်။

၉။ ပြောက်ကျားစစ်အတွက် အရေးအကြီးဆုံး လိုအပ်ချက်အချိူ့မှာ

(က) ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်နိုင်မှု initiative

(ခ) ရွှေ့ပြောင်းနိုင်မှု mobility

(ဂ) ပြုပြင်ပြောင်းလွဲနိုင်မှု flexibility တို့ဖြစ်ကြပါသည်။

ပြောက်ကျားစစ်သားတဦးချင်းစီသည် ကိုယ်ပိုင်ထိုးထွင်းသိမြင်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ် ဆောင်ရွက်နိုင်မှု သည် အလွန်အရေးကြီးပါသည်။ ဤအရည်အသွေးကို ပြည့်မီအောင် အတတ်နိုင်ဆုံးကြိုးစား တည်ဆောက် ရန်လိုပါသည်။ အခြေအနေများသည် ပြောက်ကျားဒေသတွင် အမြဲဆိုသလိုပြောင်းလဲနေတတ်ပါသည်။ ကြို တင်ခန့်မှန်းချက်များနှင့် ကွဲလွဲနေတတ်သည်မှာလည်း သဘာဝပင်ဖြစ်ပါသည်။ ဤအခြေအနေများနှင့်ကြုံ တွေ့လာပါက တပ်မှုးတပ်သားများသည် အမိန့်ကိုစောင့်ရန် အချိန် မလုံလောက်ပါ။ အမြဲတစေ ဆိုသလိုပင်အမိန့်ကို စောင့်စားရန် အကန့်အသတ်ရှိနေတတ်ပါသည်။ ဤအခြေအနေမျိူးတွင် အမိန့်ကို စောင့်မနေဘဲ ကိုယ်ပိုင်ဆုံးဖြတ်ဆောင်နိုင်ဘို့လိုပါသည်။ တောင်းဆိုမှုမှာ “အကောင်းဆုံးမဟုတ်သော် လည်း တခုခုဆောင်ရွက်လိုက်ခြင်းသည် မှားမှာစိုးပြီး ဘာမှမလုပ်တာထက် ပိုကောင်းသည်” ဟူသည့် သဘောတရားကို ဆုတ်ကိုင်ရန်လိုအပ်ပါသည်။

၁၀။ ပြောက်ကျားစစ်သည်တော်တဥိးသည် မြို့ပြပြောက်ကျားသဏ္ဍာန်၊ တပ်စုတပ်ဖွဲ့ပြောက်ကျားစစ်သည် သဏ္ဍာန်၊ မြို့ပြနှင့် တပ်စုတပ်ဖွဲ့ပြောက်ကျားစစ်သည် ပေါင်းစပ်မှုသဏ္ဍာန်စသဖြင့် သဏ္ဍာန်အမျိူးမျိူးဖြင့် လှုပ် ရှားနိုင်မှသာ ပြောက်ကျားစစ်သည်တော်ကောင်းတဦးဟု သတ်မှတ်နိုင်မည်ဖြစ်ပါသည်။ အချိူ့သည် မြို့ပြ ပြောက်ကျားလုပ်ငန်းကို အားသန်သည်။အချိူ့မှာမူ တပ်ဖွဲ့ပြောက်ကျားသဏ္ဍာန်ကို အားသန်တတ်သည်။ ဖြစ်နိုင်လျှင် ၂မျိူးလုံး ဆက်စပ်ဆောင်ရွက်နိုင်မှုသည် အကျိူးများစွာ ဖြစ်ထွန်းစေပါသည်။

ကျွန်တော်အတွေ့အကြုံတခုကို မိတ်ဆက်ပေးလိုပါသည်။ ၈ လေးလုံးကာလအတွင်း မြို့နယ်တခုတွင် ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးအဖြစ် သပိတ်ကို တာဝန်ခံဆောင်ရွက်ခဲ့စဉ်ကဖြစ်ပါသည်။ ကျွန်တော်မှာ မှိုင်းရာပြည့်ကျောင်းသားရဲဘော်တဦးဖြစ်ပြီး ကျောင်းဆရာတဦးဖြစ်သောကြောင့် ကျွန်တော်တို့မြို့မှ ကျောင်းသားများအပါအဝင် မြို့မိမြို့ဖများ နိုင်ငံရေးသမားများက လေးစာသမှုရှိကြပါသည်။ သပိတ်စခန်းတွင် ကျောင်းသားများနှင့်အတူ လှုပ်ရှားကြရာ ကျွန်တော့အနားသို့ ကျောင်းသားအရွယ်လူငယ်တယောက် အခြားကျောင်းသားများနှင့်အတူ ရောက်လာခဲ့ပါသည်။ ထိုကလေးမှာ ရဲသတင်းပေးဖြစ်နေသည်ကို ကျွန်တော်လုံး၀မသိခဲ့ပါ။ လက်နက်ကိုင်တော်လှန်ရေးအတွက်ပြင်ဆင်သောအခါ ထိုကလေးကပင် ရဲသတင်းပေးလုပ်ခဲ့ရာ ကျွန်တော်ယုံကြည်အားကိုးရသော ရဲဘော်အချိူ့ အဖမ်းခံထောင်ကျသည့်အဖြစ်မျိူး ကြုံခဲ့ဘူးပါသည်။ အရေး ကြီးသောအချက်မှာ မိမိစုဖွဲ့မှုကို တာဝန်ခံသူများသည် အသေအချာစစ်ဆေးမှုများ စီစစ်မှုများကို အကြိမ်ကြိမ် အထပ်ထပ်လုပ်သင့်သည်ဟု ထင်ပါသည်။အထပ်ထပ် အခါခါ စီစစ်မှုများ ပြုလုပ်သင့်ပါသည်။ ထောက်လှမ်းရေးများ သူလျိုဒလန်များ ရဲသတင်းပေးများသည် လွန်စွာအန္တရယ်ကြီးကြောင်း လက်တွေ့သင်္ခန်း စာများစွာ ရှိပါသည်။ ပြောက်ကျားတပ်ဖွဲ့များတွင် ဤကိစ္စကိုလည်း အထူးသတိပြုရပါမည်ဖြစ်ပါသည်။

ဆက်ရေးပါဦးမည်
ကိုအောင်မှိုင်း
မေလ ၁၁ရက် ၂၀၂၁ခုနှစ်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar