Breaking News

မောင်စွမ်းရည် - ဗိုကဗျာများ



မောင်စွမ်းရည် - ဗိုကဗျာများ

(မိုးမခ) မေ ၁၃၊ ၂၀၂၁

"ဗိုချုပ်ကြီး"

မိုး ထောင်မပစ်
တည့်တည့်ပစ်တော့
ပစ်တိုင်းသေတာ ပြည်သူပါ၊၊

ချဲလင်း

ဒုတ်ကို ဒုတ်ချင်း
ဓား ဓားချင်းတဲ့
ကလောင်ချင်းများ ယှဥ်မလားဟေ့၊၊

ဧည့်သည်ကြီး

ကျည်ဆံလဲပြတ်
ပြည်သူငတ်ပြီ၊
တပ်ကိုပြန်ကြ ပါတော့လေ၊၊

"ပန်ကြားလွှာ"

ပြည်သူလဲသေ
ပြည်လဲကြေပြီ
နေဝင်း တပ်ကြီး ဖျက်ပါတော့၊၊

ဗြောင်းဗြန်

တိုင်းပြည်လဲကြပ်
ပြည်သူငတ်တော့
စစ်တပ်ကြီးသာ ဘီလျံနာ။

ဗြန်ဗြောင်း

တိုင်းပြည်လဲ ပြို
ပြည်သူငိုပြီ
စစ်ဘိုတွေသာ မီလျံနာ၊၊


"သာရေး"

တပ်နှင့် ပြည်သူ
ကြည်ဖြူသောခါ
တိုင်းပြည် သာလိမ့်၊၊

"နာရေး"

တပ်နှင့် ပြည်သူ
မကြည်ဖြူလျှင်
ပြည်သူ နာပိမ့်၊။


'ပျက်ခဲ့ပြီ'

နှစ်ခြောက်ဆယ်ဖျက်
တိုင်းပြည်ပျက်ကို
ရက်ခြောက်ဆယ်နဲ့ မပြင်နိုင်၊၊

များ

ဗိုတွေကများ
ဗိုချုပ်များသမို့
ဗိုချုပ်မယား များခဲ့ပြီ၊၊

ကား

ဗိုတွေကများ
ဗိုချုပ်များလို့
ဗိုချုပ်ကားလဲများလိမ့်မည်၊၊
ကားတွေပျားလို တဝီဝီ၊၊ ။

ဗို

စစ်ဗိုတွေဖျက်
ဗိုပြည်ပျက်ကို
ဆက်ပြီး ဗိုလုပ်ကြပေတော့၊၊

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar