Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၂ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၂ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၂၂၊ ၂၀၂၁

လူထုကတော့ နောက်ဆုတ်မှာ မဟုတ်ဘူး


ရန်ကုန်က ပစ်ပြေး ဖေါက် တိုက်ပွဲဧရိယာ ဖြစ်လာနေတယ် ၊ ခုခံစစ်မဟုတ်ပဲ ပစ်ပြေး၊ ဗုံးဖောက်တဲ့ နည်းဗျူဟာတွေ တိုးပွားလာပါတယ်။ ဒီနေ့ သင်္ဃန်းကျွန်းက နေအိမ်မှာ လက်လုပ်ဗုံး အလုံး ၇၀၀ ကျော်နဲ့ အခြား လုပ်လက်နက်တွေ မိတယ်တဲ့ ၊ ကယားက မြို့တွေအဝင်ဂိတ်တွေ သိမ်းမီးရှို့ တာ ဆက်လက်ဖြစ်နေ၊ ကယားမှာ ကေပီဒီအက်ဖ် ဆိုတဲ့နာမည်နဲ့ တိုက်ကြပြီဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ထိပ်တိုက်ရင်ဆိုင်နေတဲ့ မင်းတပ်ဒေသမှာ သီတင်းပတ် အနည်းငယ်အတွင်း စစ်ဘေးရှောင်စခန်းတွေ ဆောက်ပြီးနေကြရပြီ။ မြို့ထဲက အိမ်တွေ ဆိုင်တွေ ဖောက်ပြီး တန်ဖိုးရှိမယ်ထင်တာတွေ စစ်ကောင်စီတပ်တွေ ယူနေကြ တယ်။ သု၀ဏ္ဏမှာလည်း အထက်တန်းကျောင်းကိုသိမ်းထားတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်သွားတယ်ဆိုတယ်။

အခြေအနေက တည်ငြိမ်ဖို့ထက်ကို မြို့ပေါ် က ပေါက်ကွဲမှု၊ ပစ်ပြေးတာတွေ ၊ တိုင်းရင်းသား ဧရိယာတွေမှာ ကာကွယ်ရေး တပ်တွေနဲ့ မြို့နီးချုပ်စပ် တိုက်ပွဲ ဖြစ်တာတွေက အရှိန်မြင့်လာနိုင်ခြေ ရှိနေတယ်၊ ရှေ့လတွေမှာ လက်နက်ကိုင် ပဋိပက္ခ၊ အကြမ်းဖက်မှု၊ ဖောက်ခွဲမှု၊ မြေလှန် ချေမှုန်းတာမျိုးတွေ ပိုအရှိန်မြင့်လာနိုင်ခြေ ရှိတယ်လို့ သုံးသပ်ကြပါတယ်။ စစ်ကောင်စီက သူ့အောက်ခြေ စစ်သား ရဲသားတွေကို အသုံးချပြီး ပြည်သူတွေကို သတ်ဖြတ် နှိပ်စက်ဖို့ တရားမဲ့ အမိန့်တွေ ကျုးလွန်ခွင့်တွေ ပေးထားတွေ ပိုလုပ်လာနိုင်ခြေ ရှိပါတယ်။ သူတို့အပေါ်ပိုင်း စစ်ခေါင်းဆောင်တွေ မိသားစုအသိုင်းအဝိုင်းတွေကို မထိခိုက်အောင် ပြည်သူတွေကို စစ်အင်အားသုံး ချနင်းတာမို့ စစ်သား ရဲသားတွေ အောက်ခြေနဲ့ အလယ်က စစ်တပ် ရဲတပ်အရာရှိတွေက စစ်ရာဇဝတ်မှုတွေ လူမျိုးတုံးသတ်ဖြတ်မှုတွေ မကျုးလွန်ဖို့ ရှောင်လွဲကြဖို့ လိုပါတယ်။

ရန်ကုန်က ခုသီတင်းပတ်တွေမှာ သွားလာ လှုပ်ရှားနေကြတာ မတ်လ အခြေအနေမျိုး ပြန်ရောက်ပြီး အပြင်မထွက်ရဲကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာတဲ့ မြို့နယ် ဧရိယာတွေတိုးလာနိုင်ခြေရှိတယ်။ စစ်အုပ်ချုပ်ရေးကြေညာလိုက်ရင် အောက်ခြေစစ်ခေါင်းဆောင်လုပ်သူတွေကို အထိန်းအကွပ်မဲ့ စစ်ဦးဘီလူးလို လုပ်ခွင့်ပေးတာဖြစ်တဲ့အပြင် ပြည်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး အပြစ်မဲ့ပြည်သူတွေ စည်းစိမ်ဥစ္စာတွေ ပျက်စီးအောင် လုပ်သလို ဖြစ်ပါတယ်။ အကြောက်တရားကို ရိုက်သွင်းပြီး အပြစ်မဲ့ပြည်သူတွေကို နှိပ်ကွပ် ချုပ်နှောင်ထားရာ ရောက်ပါတယ်။

နိုင်ငံတကာစာမျက်နှာမှာတော့ စစ်ကောင်စီက အသာစီးရပြီလို့ မဆိုနိုင်ပါဘူး။ ခုချိန်ထိ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့နိုင်ငံ မရှိသေးပါ။ စစ်ကောင်စီက မြန်မာသံရုံးတွေဆီကို သူတို့ စစ်တပ်အလိုတော်ရိတွေ စေလွှတ်ပြီး မူလသံဝန်ထမ်းတွေနဲ့ အစားထိုးဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ နိုင်ငံခြားရောက် မြန်မာသံဝန်ထမ်းတွေထဲက တချို့ဟာ CDM သံဝန်ထမ်းတွေအဖြစ် ရပ်တည်နေကြပြီး လက်ကျန်ဝန်ထမ်းတွေကတော့ စစ်ကောင်စီပြန်ဆင့်ခေါ်တဲ့အချိန်မှာ မီးစင်ကြည့်ကကြမယ့်ပုံ ရှိပါတယ်။

အများသိတဲ့ open secret ကတော့ နယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံရေးသမားတွေ အတိုက်အခံတွေ သတင်းသမားတွေ စီဒီအမ်ဝန်ထမ်းတွေ သပိတ်မှောက်ရဲဘော်တွေ အများအပြား ထွက်ပြေးတိမ်းရှောင်နေကြတယ် ဆိုတာ ဖြစ်ပါတယ်။ အချို့ကတော့ CRPH NUCC NUG PDF စတဲ့ တော်လှန်ရေးလုပ်ငန်းအစုအဖွဲ့တွေထဲမှာ ဝင်ရောက် ဆောင်ရွက်နေကြပါတယ်။ အချို့ကလည်း တိုက်ရိုက်မပါဝင်နိုင်သည့်တိုင် မိမိစွမ်းသမျှ တော်လှန်ရေးကို အထောက်အကူပြုမှုတွေ လုပ်ကိုင်ကြပါတယ်။ အဲသည်ထဲမှာ စစ်ကောင်စီနဲ့ ထိုင်းအစိုးရတို့ အခြေအတင်ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီး အဲသည် တော်လှန်ရေးအင်အားစုတွေ မိသားစုတွေကို အန္တရာယ်ပြုဖို့ ဖမ်းဆီးနှိမ်နင်းဖို့အထိ လုပ်ဆောင်လာမယ်လို့လည်း သတင်းတွေ ထွက်လာပြန်ပါတယ်။ အဲသည်လို သတင်းတွေကြောင့် အထိတ်တလန့်ဖြစ်ကြသူအချို့ ရှိကြတယ်ဆိုတာ စစ်ကောင်စိသာ ကြားသွားရင် ကြိတ်ဝမ်းသားနေမလား မသိပါ။

အခု ဒီနေ့ တင်ဆက်တဲ့ မြင်ကွင်းသတင်းက စိတ်ရှုပ်ထွေးစရာတွေ များပါတယ်။ မြန်မာပြည်ထဲမှာ စစ်ကောင်စီ၏ အကြမ်းဖက်စော်ကားမှုတွေကို ကြံ့ကြံ့ခံနေရတဲ့ သာမန် ပြည်သူတွေ ဝန်ထမ်းတွေကတော့ စိတ်ဓာတ်အင်အားတခုတည်းပဲ အားကိုးကြတယ်လို့ ဆိုပါတယ်။ အခု ၃ လ တာကို ဖြတ်ကျော်ခဲ့ကြပြီ။ မိတ်ဆွေတွေ အချင်းချင်း အားပေးကြရပါတယ်။ အချင်းချင်းပဲ အားမနာတမ်း အကူအညီတောင်းကြရ၊ စောင့်ရှောက်ကူညီကြရပါတယ်။ နောက် ၃လ နောက် ၆လ နောက် တနှစ် အို ဘယ်လောက်ပဲ ကြံ့ကြံ့ခံရ တောင့်ခံရ ခံနိုင်ရည်ရှိအောင် အင်အားတွေ မွေးထားတယ်လို့ မှတ်ချက်ပေးပါတယ်။ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တွေကို ကြုံခဲ့သူတွေက ၂၀၀၃ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြိးနဲ့ နှိုင်းယှဉ်ပြီး ပြောပါတယ်။

၂၀၀၂ မေလ၃၀ မှာ - ပြည်သူတွေ တခဲနက် ကြိုဆိုထောက်ခံနေတဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီဝင်တွေ၏ ညဘက် ခရီးသွားယာဉ်တန်းကို မြန်မာပြည်အထက်ပိုင်း ကျည်ရွာ (ဒီပဲယယင်းအနီး) မှာ စစ်အစိုးရလက်ပါးစေတွေက အကြမ်းဖက်သမားတွေနဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့ကြပါတယ်။ ဒေါ်စုကို သတ်ဖြတ်ဖို့အထိ ရည်ရွယ်ပြီး ပါတီဝင်တွေနဲ့ ထောက်ခံသူတွေပြည်သူတွေကို ညအမှောင်တိုက်မှာ ဆလိုက်မီးတွေ ထိုးပြီး ဒုတ် ဒါး လက်နက်တွေနဲ့ ရိုက်နှက် တာ သတ်ဖြတ်တာအထိ ကျုးလွန်ခဲ့ပါတယ်။ အဲသည်အဖြစ်အပျက်ကို တကမ္ဘာလုံးနဲ့ မြန်မာပြည်သူတွေက နာကျည်းစွာ တုန့်ပြန်ခဲ့ကြပြီး စစ်အစိုးရဆန့်ကျင်ရေးအရှိန်ပိုမိုမြင့်မားခဲ့ရပါတယ်။ အဲသည် ၂၀၀၃ လုပ်ကြံမှုကြီးကို ပြည်သူတွေ အကြမ်းမဖက် ခါးစည်းခံပြီး တွန်းလှန် ဆန့်ကျင်ခဲ့ကြတာ နှစ်ပေါင်းများစွာကြာပါတယ်။ NLD ပါတီဝင်တွေ အတိုက်အခံအင်အားတွေ သတင်းသမားတွေကို သာမန်ပြည်သူတွေက လူမြင်ကွင်းမှာ ထောက်ခံမှု မပြရဲလောက်အောင် စစ်အစိုးရက ဖိနှိပ်စော်ကားရိုင်းပြခဲ့ဖူးပါတယ်။ ကြောက်စိတ်တွေ ဝင်အောင် ရိုက်သွင်းခဲ့ဖူးပါတယ်။ အဲသည်က အတွေ့အကြုံမျိုး သတ္တိတွေ သတိတွေ ဖက်ဆစ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ အခုချိန်မှာ လူထုလူတန်းစား ကွက်ကွက်လေးတင်မဟုတ်ဘဲ ပြည်သူနဲ့ တိုင်းရင်းသားတွေ တဝှမ်းလုံးမှာ ပြန့်နှံနေပါတယ်။ အဲသည်တုန်းက ဒေါ်စုနဲ့ အတိုက်အခံခေါင်းဆောင်တွေက ထောင်ထဲ အကျယ်ချုပ်တွေထဲမှာဖြစ်ပြီး အခုချိန်မှာ ပြည်သူတွေထောက်ခံထားတဲ့ CRPH NUG NUCC PDF ခေါင်းဆောင်တွေက မြန်မာပြည်ဒေသအနှံ့မှာ အဆင့်ဆင့် ခေါင်းဆောင်မှု စုဖွဲ့မှုတွေ လမ်းညွှန်မှုတွေ ပေးနေနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ပြည်သူတွေဟာ နည်းမျိုးစုံ လက်နက်မျိုးစုံကို ကိုင်စွဲထားဖို့ ဝန်မလေးတော့တဲ့ သဘောထားလည်း ချထားပြီး ဖြစ်ပါတယ်။ သည်အချိန်မှာ အားလုံးညီညွတ်စွာနဲ့ တပြိုင်နက်တည်း ဝိုင်းတွန်းကြမယ်လို့ ပြည်သူတွေကတော့ ရိုးသားစွာ ယုံကြည်နေကြဆဲ ဖြစ်ပါကြောင်း။

(Photo - Irrawaddy - ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်တွင် ယနေ့ဖြစ်ပွားခဲ့သော ဒေါတဝီဂိတ်သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်သားများ)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar