မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ဝါကျဖြူ၊ ဝင်းဌေးဦး၊ ကျော်ဟုန်း
-
နွေဦးရဲ့ အော့အန်ချင်စိတ်များ
သေနေတဲ့ပိတ်ကားတစ်ချပ်ရှေ့ မှာ
ရှင်နေတဲ့လူသားတွေအတုံးအရုံး ။
တိုက်ယူရမဲ့နွေဦးထဲမှာ
အက်ကြောင်းတွေကိုဆက်ထားရတဲ့
လမ်းမီးတိုင်များ ။
နာကျင်မှုတွေနဲ့ဆွေးဆွေးမြေ့မြေ့
လည်ပတ်နေတဲ့နာရီစင်ကြီးထဲမှာ
မြို့လေးရဲ့ ပြေးပြေးလွှားလွှားဆုတ်ဖွာ
ပျံကျဲနေတဲ့စကားလုံးများ ။
ပစ်ကွင်းထဲမှာလမ်းသလားနေရတဲ့
သက်ပြင်တွေလျံထွက်ကျနေပုံ ။
ဝါကျဖြူ
22/5/21
.....
နွေဦးဟာ ဒြပ်စင်တစ်ခု ဧကန်ဖြစ်ခဲ့တယ်
နွေဦးကို မြတ်နိုးမိရဲ့လား
တကယ်စင်စစ်ပေါ့ ။
နို့ကပေါက်ဖွားလာတဲ့မလှိုင်ဖတ်တွေလိုမျိုး
နှုတ်ခမ်းတသပ်သပ်နဲ့
အခန့်သင့် ကော်ခတ်စားရုံ မဟုတ်ဘူးနော…။
မိုးခါးခါး
နှင်းခါးခါး
မုန်တိုင်းများကို
အားပါးတရဖြတ်သန်းခဲ့။
တောမီး
တောင်ယာမီးတွေနဲ့
ညှော်ခြစ်တူးနံ့တွေထဲ ကျပ်စညး်သလို
ရင်ဘတ်သားသစ်ခေါက်တွေ လောင်ကျွမ်းခဲ့။
မျက်ရည်ပူတွေ
သွေးပူတွေ
ဝေဒနာအိပ်မက်ဆိုးတွေ အလီလီထမ်းပိုးရင်း
ပျက်ကျခဲ့တဲ့သန္ဓေတွေနဲ့အတူ…။
ဒီလို
ကောင်းကင်ကြမ်းကြမ်း
ဥတုဗရမ်းဗတာ
ငရဲခန်းတွေလို လောင်မီးတွေထဲ…။
နာရီ စက္ကန့်မိနစ်ဆိုးထဲ
သက္ကရာဇ်တွေ ကျိုးကြေလို့
လေပွေအဝေ့မှာ
ကိုယ့်မျိုးစေ့ကိုယ် ပြန်ရှာခဲ့အခါခါ…။
နွေဦးသားတွေ
မြေသွေ့သွေ့
ရေငွေ့ငွေ့နဲ့
လေအရွေ့မှာ
မျိုးစေ့တွေစုဆောင်းတဲ့အနုပညာကို ရှေ့တိုးလာသူလို ။
ဒါ
ခေတ်ပေါ် ဂျန်ဇီပဲ
ဟုတ်တယ် ဒါ ခေတ်ကိုလွယ်ထားတဲ့ဂျန်ဇီတွေပဲ ။
နွေဦးဟာ
သန့်စင်ခြင်း
ဖြူစင်ခြင်း ခိုင်မာခြင်း
အသစ်ဘဝတွေမှာ
ဒဏ်ရာအစင်းစင်း အမာရွတ်တွေနဲ့လာတယ် ။
မတူညီတဲ့ထောင့်ချိုးတွေ
လေးထောင့်တွေ
စက်ဝိုင်းတွေ
စက်ဝိုင်းခြမ်းတွေ
ဒါပေမယ့် မိတ်ဆွေ သူ့ထောင့်နဲ့သူ့ဒီဂရီဟာ
ငါတို့ အလေးပြုရမယ့် သီအိုရီဖြစ်ခဲ့ကြ ။
နွေဦးကို မြတ်နိုးမိရဲ့လား
တကယ်စင်စစ်ပေါ့
ဒြပ်စင်လ်ု ဖိနှိပ် လောင်ကျွမ်း ပြီးတော့ အသစ်တဖန်……
ခေတ်ဟာ ကဗျာတစ်ပုဒ်ဖြစ်မယ်ဆိုပါတော့
သူကာရံမဲ့တာ
မမဲ့တာအရေးမကြီး
အတွေးအခေါ်မမဲ့ဖို့ပဲလိုတာမဟုတ်လား ။ ။
ဝင်းဌေးဦး
၂ ၃ ၅ ၂ ၁
.....
လုံးဝဥဿုံ အလုံးစုံ
စစ်ပွဲနဲ့ တော်လှန်ရေးက
တူသယောင်နဲ့
မတူဘူး သားကြီး။
စစ်ပွဲက
ဘက်တူချင်း
ဘက်မကွာချင်း နွှဲကြတာ။
တော်လှန်ရေးက
အဖက်ဖက်သာလွန်တဲ့ ရန်သူကို
ဘက်မတူဘဲ တိုက်ရတာ။
စစ်ပွဲမှာ
ဗျူဟာနဲ့ စိတ်ဓာတ် လိုတယ်။
တော်လှန်ရေးမှာ
မဟာဗျူဟာနဲ့ အနန္တဇွဲ လိုတယ်။
တော်လှန်ရေးက
လက်ဖျံရိုးတချောင်းနဲ့
ကျောက်တောင်ကို ထွင်းရဲမှ။
တော်လှန်ရေးက
ဝဲဂယက် မရှောင်ဘဲ
ရေဆန်ကို အလျားလိုက် ကူးရဲမှ။
ပြောရရင်
ထူးကဲနိုင်မှ သားကြီး။
တော်လှန်ရေးအတွက်
ပုံအပ်လိုက်ပြီဆိုရင်
အချိန် မမေးနဲ့ သားကြီး
အနေ အစား မတွေးနဲ့ သားကြီး။
ဘာမဆို ဖြစ်နိုင်ပျက်နိုင်တယ် တွေး
ဘာမဆိုကို ခေါင်းထဲ ထည့်
ဒါဆိုရင်
တော်လှန်ရေး စလို့ရပြီမှတ်။
ငှက်တွေ အသိုက်ဆောက်သလို
ခြတွေ တောင်ပို့ ဝင်္ကပါဖွဲ့သလို
ပျားတွေ ဝတ်ရည်ချိုစုသလို
ပြေးမြင်ကြည့်လိုက်
ဇွဲ လိုတယ်
နည်း လိုတယ်။
စနစ်တခု
ဖြိုချ၊ တည်ဆောက်
ရင်းရမှာက အသည်းနှလုံးပဲ။
အသည်းနှလုံးသားမှ မရင်းရင်
စနစ်သစ် တည်ဆောက်ခွင့် မရှိ
တိုင်းပြည် တည်ဆောက်ခွင့် မရှိ။
မိဘက သား သမီး ချစ်
မောင်နှမ ချစ်
ဆွေမျိုး ချစ်
လိင်တူ လိင်ကွဲ ချစ်
တိုင်းပြည် လူမျိုး ချစ်
အချစ် ၅ မျိုးထဲမှာ
အမြင့်မားဆုံးအချစ်က
တော်လှန်ရေးအချစ်ပဲ သားကြီး။
ဘယ်တော်လှန်ရေးမဆို
ယုံကြည်ချက်က စတာ
ယုံကြည်ချက် ရုပ်လုံးဖော်တဲ့အခါ
ယုံကြည်ရာကို ယုံကြည်မြဲမှ။
မှတ်ထား သားကြီး
တော်လှန်ရေးက
အရာရာ စွန့်လွှတ် စွန့်စား
သံသရာကောင်းဖို့အတွက်
တဘဝကို စွန့်ရဲရတာမျိုး။
ကျော်ဟုန်း
၂၀၂၁၀၅၂၀
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar