Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - မောင်လင်းရိပ်၊ နေစိမ့်၊ အာကာ


Art- Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
မေ ၉၊ ၂၀၂၂၁
-

နွေဦးအလံ
မောင်လင်းရိပ်

အလံ လဲမသွားဖို့ မြဲမြဲကိုင်ထားလိုက်
ငုတ်ရိုက်ရိုက် ကျောက်စိုက်စိုက်
လူလဲတောင် အလံမလဲဖို့ 
အသက်နဲ့ လဲသူတွေ လဲသွားကြပြီ။

မင်းတို့ရဲ့ လူမဆန်ယုတ်မာရက်စက်သမျှဟာ
ဝင်းပတဲ့ လေပဲ
အလက်ဇန်ဒါး ဘလော့ခ်ရဲ့ လေမဟုတ်
တော်လှန်ရေးရဲ့ လောင်စာစွမ်းအင်လေ
ဒီလေထဲ ငါတို့ရဲ့ တဟူးဟူးလွင့်တဲ့ အလံ
မရပ်မနား ဆန်တက်လာတာ မြေကမ္ဘာတဝန်းလုံး အသိ။

အားလုံးရဲ့ လက်ထဲ အလံမြဲနေသမျှ
အလံသက်သက်ဟာလည်း လက်နက်ပဲ
အသံသက်သက်နဲ့လည်း ရန်သူ အသည်းကွဲနိုင်လောက်တယ်
တော်လှန်ရေးရဲ့ အသက်ဟာ အလံထောင်နေသမျှပဲ
ကမ္ဘာဦးက တောင်တန်းတွေတောင် ဦးချသွားစေရမယ်။

၂၀၂၁ မေ ၇

 ...

လူရွှင်တော်နေ့များ
နေစိမ့်

မယုံပါဘူးဆိုမှ ဇွတ်ယုံခိုင်းနေတယ်
ဟာသကားတွေ မကြည့်ရတာကြာတော့ 
ရယ်စရာမဖြစ်လဲ ကျိတ်ရယ်ရတာပဲ
ဟက်ဟက်ပက်ပက်ရယ်ချင်စိတ်က ထိန်းမရ
ရယ်မောနေတဲ့အသံတွေထဲဒေါသအခိုးတွေထွက်နေတယ်
ရယ်မောနေတဲ့အသံတွေထဲ နာကျင်မှုတွေ လျှံကျနေတယ်
ရယ်မောနေတဲ့အသံတွေထဲ မျက်ရည်တွေ စီးကျနေတယ်
ဒေဝဒတ်ရဲ့ ပြက်လုံးမှာ
ငရဲသားတွေ လက်ခုတ်တီးကြတယ်
ကျွန်တော်တို့ရယ်သံတွေ
သင့်ဆီရောက်ရဲ့လား ကမ္ဘာကြီး

၂၀၂၁ မေ ၅ရက်
 ...

ဘယ်သူမှမနေရစ်ကြကြေး
အာကာ

ငါ့ကျောင်းကငါ့အလံဟောင်းနဲ့
အဲ့သလိုပဲငါ့ရင်ကိုအုပ်ချလိုက်
ပါမောက္ခကြီးတွေကထိကကြီးတွေ
ယုတ်စွအဆုံးသန့်ရှင်းရေးသမားပါ
မရှိတော့တဲ့ကျောင်းမှာယင်တွေတဝီဝီနဲ့
ပြန်မလာကြတော့ဘူး၊ မင့်ခုံတန်းလေးရေ
ပြန်ကိုမလာကြတော့ဘူး
ပြန်မလာကြတော့ဘူးတဲ့
ဟာလာဟင်းလင်းပွင့်တံခါးတွေတပ်ထားတဲ့
စစ်ကြောရေးလိုညှဉ်းပန်းနှိပ်စက်သတ်ဖြတ်
စာသင်ခန်းတွေထဲမှာ အဲ့ဒီနက်ကျောကျော
အော်သံတွေချည်းပြုတ်ပြုတ်ကျလာတယ်
သွေးစက်လက်နဲ့၊ မင့်ပရဲဇန်တေးရှင်းတွေထဲ
ပြန်မလာနိုင်ကြတော့ဘူးလို့နာကျည်းစွာ
ပြီးတော့နာကျင်စွာ ခပ်သော့သော့ရေးခဲ့
လိပ်မူစရာလူဖြင့် ငါ့ကျောင်းထဲမရှိကြမှပေါ့
မင့်ပရဲဇန်တေးရှင်းက ပရဲဇန်တေးရှင်းမမည်
ငါ့ကျောင်းလည်း ဘယ်လိုများငါ့ကျောင်းလို့မည်ပ
တစပြင်ငါ့ကျောင်းထဲ ငါ့အလံဟောင်းကိုယူလာပြီး
တိတ်တဆိတ် ငါ့ရင်ပေါ် လွှမ်းခြုံပေးလိုက်ကြ
ငါ့ရှင်သန်ခြင်းဖြင့် ငါ့ကျောင်းဖက်ငါပြန်မယ်
ငါ့ကျောင်းကိုငါပြန်ရတဲ့အခါ ဖြစ်ကိုဖြစ်မပေါ့အချစ်ရဲ့
မင့်ခုံတန်းလေးဆီလက်ချင်းတင်းတင်းဆုပ်သွားမကွဲ့
ဘယ်သူမှမနေရစ်ခဲ့ကြဘူးလို့ ငရို့အော်ကြဟစ်ကြဖို့

 ...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar