Breaking News

အောင်ဒင် - "ခက်သီ ဟာ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တယ်"



အောင်ဒင် - "ခက်သီ ဟာ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တယ်"

(မိုးမခ) မေ ၁၀၊ ၂၀၂၁

၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့၊ ညပိုင်းမှာ ခက်သီနဲ့ သူ့ဇနီးတို့ ၂ ယောက်စလုံးကို ဖက်ဆစ်တပ်သားတွေက စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က အိမ်လေးတစ်လုံးမှာ ဝင်ဖမ်းသွားတယ်လို့ သတင်းကြားရတယ်။ နောက်တစ်နေ့၊ မေလ ၉ ရက်နေ့၊ မနက်ပိုင်းမှာတော့ ခက်သီ သေဆုံးပြီတဲ့။ အချိန် ၁၂ နာရီတောင် မကြာလိုက်ပါဘူး။ ကဗျာဆရာတစ်ယောက်ကို ဖက်ဆစ်တပ်က သတ်ပစ်လိုက်ကြပြီ။

ပြီးခဲ့တဲ့ တစ်ပါတ်လောက်က သူ့ရဲ့ ဖေ့စ်ဘုတ် (မျက်နှာစာအုပ်) မှာ သူကိုယ်တိုင် ၂၀၁၉ ခုနှစ်၊ မေလ ၉ ရက်နေ့က ရေးခဲ့တဲ့ "ဂူတာပြင်" ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို အမှတ်တရဆိုပြီး ပြန်တင်တယ်။ အဲဒီ ကဗျာလေးကို ဖတ်ကြည့်ပြီး ခံစားရ၊ နာကျင်ရလို့ "လေးစားတယ် ခက်သီ" ဆိုပြီး မှတ်ချက်တိုလေး ရေးလိုက်တော့ သူက လက်မထောင်ထားတဲ့ ပုံလေးနဲ့ အကြောင်းပြန်တယ်။

အဲဒီ ကဗျာလေးကြောင့်ပဲ ဖက်ဆစ်တပ်သားတွေက သူ့ကို အညှိုးတကြီး နှိပ်စက်သတ်ဖြတ်လိုက်တာများလား။ "ဂူတာပြင်" ဆိုတဲ့ ကဗျာလေးမှာ ခက်သီက မြန်မာနိုင်ငံအနောက်ဖက်ခြမ်းမှာ ဆယ်စုနှစ်ပေါင်းများစွာ အဖိနှိပ်ခံနေကြရတဲ့ ရိုဟင်ဂျာတွေရဲ့ နာကျင်ခံစားရမှုတွေကို ကိုယ်စားဖော်ပြပေးခဲ့တယ်။ ဖက်ဆစ်တပ်သားတွေရဲ့ အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ကြရတဲ့ "ဂူတာပြင်"၊ "အင်းဒင်" စတဲ့ ကျေးရွာတွေက ရိုဟင်ဂျာတွေရဲ့အကြောင်း "ရိုဟင်ဂျာ" ဆိုတဲ့ စကားလုံး တစ်လုံးမှ မပါဘဲ ဖော်ထုတ်ရေးသားခဲ့တယ်။ မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်တပ်ကြီးက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဘယ်တုံးကမှ မရှိခဲ့ပါဘူးလို့ အကြိမ်ကြိမ် အခါခါ မျက်နှာပြောင်တိုက်ပြီး လိမ်ညာနေတာကို "ခက်သီ" ဆိုတဲ့ ကဗျာဆရာလေးက အမှန်တရားဘက်က ရပ်တည်လှောင်ပြောင်ခဲ့တယ်။ ဒါကြောင့်များ ဖက်ဆစ်တွေက ခက်သီကို အပြတ်ရှင်းလိုက်ကြတာလား။ "ခက်သီ" ကို သတ်လို့ ရပေမယ့် "ခက်သီ" ရဲ့ ကဗျာတွေကိုတော့ သတ်လို့ရမှာ မဟုတ်ဘူး။

"ဂူတာပြင်" ဆိုတဲ့ ကဗျာလေးကို ခံစားကြ၊ မျှဝေကြ၊
မြင့်မြတ်စွာ ကျဆုံးသွားတဲ့ ကဗျာဆရာကို အလေးပြုကြ။
မတရားမှုတွေ၊ မမျှတခြင်းတွေ၊ ပြည့်ကြပ်နေတဲ့
ဟောဒီကမ္ဘာမြေမှာ၊ ငါတို့တွေ၊
ကြေကွဲဖို့၊ ဆုံတွေ့ခဲ့ကြတယ်…။
(မေ ၉၊ ၂၀၂၁)

“ဂူတာပြင်”

ငါတို့လည်း
ပျူ ၊သက်၊ကမ်းယံက
နှောလာတဲ့ သွေးနှောတွေပဲ
သာကီသွေးဆိုတဲ့ ဒီအန်အေက
မင်းတို့ရဲ့ အရူးထမှုကို
လျှာထုတ်ပြလိမ့်မယ်…။

လူသားမျိုးနွယ်စု တခုဟာ
လူ့တန်ဖိုးသိမ်ဖျင်းသွားလောက်တဲ့အထိအောင်
ယဉ်ကျေးတဲ့ ကမ္ဘာမှာ ရှိသင့်တော့လို့လား…။

တိရိစ္ဆာန်လို
ခြံခတ်ပိတ်ဆို့ထားခံရတဲ့
လူသားမျိုးနွယ်စု တခုဟာ…
လူသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေ
တားမြစ်ထိန်းချုပ်ခံထားရတဲ့ လူသားမျိုးနွယ်စုဟာ…
လူနဲ့လူချင်းကို ဘုရားသခင်ရဲ့ အခွင့်ထူးခံလူသားတွေအဖြစ်
အားကျငေးမောရင်းသာ မျှော်ကြည့်နေရတဲ့ လူသားမျိုးနွယ်စုဟာ…
ရှိနေသေးတယ်ဆိုရုံနဲ့
လူသားဆန်တဲ့ အခြားကမ္ဘာသားတွေမှာ
တာဝန်ရှိသွားပြီ…။

ဂူတာပြင်မှာ
အင်းဒင်မှာ
အခြား ကမ္ဘာ့ တနေရာရာမှာ
မျိုးနွယ်စုတခုခုကို ရည်ရွယ်ပြီးသတ်ဖြတ်နေတဲ့
ဂျီနိုဆိုက်တွေ ရှိနေရဲ့…။


အတုံးအရုံး သေဆုံးသွားရတဲ့
ကလေးသူငယ် နဲ့ သက်ကြီးရွယ်အိုတွေ
ဘယ်လိုပြစ်မှုမျိုးနဲ့ သေဆုံးသွားရတယ်
သိလိမ့်မယ်မဟုတ်ဘူး
ဘုရားသခင်နဲ့တွေ့ရင် မေးကြလိမ့်မယ်
ကျွန်ုပ်တို့ အခုဆိုရင်
ငရဲက လွတ်မြောက်ကြပြီမဟုတ်လား တဲ့…။ ။


ခက်သီ
(မေ ၉၊ ၂၀၁၉)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar