Breaking News

ခွန်ဆိုင်း - စိန်ခေါ်နေတဲ့ လမ်းများထက်- မျိုးဆက် အက်စ် ဝိုင် ဇက် ( ၁ )

စိန်ခေါ်နေတဲ့ လမ်းများထက်- မျိုးဆက် 
အက်စ် ဝိုင် ဇက်  ( ၁  ) 
ခွန်ဆိုင်း  
(မိုးမခ)မေ၊ ၂၆၊ ၂၀၂၁

ဟောင်ကောင် အခြေဆိုက် ဖီးနစ် မီဒီယာမေးခွန်းများ ကို ပြန်ဖြေတဲ့ အထဲမှာ  သူ့စစ်တပ်ကြောင့်   မြန်မာပြည်က လမ်းတွေ ပေါ်- သေရတာ   အခုအထိ ( ၂၃-၅-၂၀၂၁ နေ့ အထိ)  သုံးရာကျော်ပဲ ရှိပါတယ်။ ပြည်တွင်းပြည်ပ  မှာ   ဖေါ်ပြတဲ့ စာရင်းက သေဆုံးတာ  ၈၀၀ ကျော်ပြီလို့ ဖေါ်ပြနေကြတာ  လူတွေ မီဒီယာတွေက  ချဲ့ကား လိမ် ညာနေကြတာပါ ။ သူ့ဖက်ကလဲ  ရဲ   ၄၇ ယောက် ကျခဲ့ပါတယ်  ။ သူတို့ ကြမ်းလို့ ကိုယ်ကပြန်ကြမ်းရတာ ဆိုတဲ့အချိုးမျိုး ဟောင်ကောင်  မီဒီယာကို အသုံးချပြီး ဗိုလ်ချုပ်မင်းအောင်လှိုင်  ရီကျဲကျဲဖြေသွားတာ သတိထားမိလိုက်တယ်။  ဒီလိုစရိုက်နဲ့ ဒီလူဟာ  ၂၀၂၀  ရွေးကောက်ပွဲ မဲဆယ်သန်း မရိုးမသား မှားနေတယ်လို့  မြန်မာပြည်သား ၅၄ သန်းကို ဗြောင်ကျကျလိမ်တာ မဆန်းလှဘူးဆိုရမယ် ။ သူစွပ်စွဲတဲ့ မဲဆယ်သန်းကိစ္စကို လူထုဖက်က  ချက်ချင်းလက်ငင်း ဖြေရှင်း ဖို့ ၊ မဟုတ်ကြောင်း ချက်ချင်းသက်သေပြဖို့ မလွယ်လှပေမယ့်  မအလစစ်တပ်ပစ်သတ်လို့ - ကျူပ်သား၊ ကျုပ်သမီး၊ ကျမအဖေ ၊ ကျမ အမေ - လမ်းပေါ်မှာသေခဲ့ရတာတွေက တကယ်စာရင်းမှန်တွေ။  ဆုံးရှုံးခဲ့ကြရတဲ့ မိဘအရင်း -သားသမီး အရင်းတွေကို  ကိုယ့်အိမ်ရှေ့ကိုယ် ထွက်ရပ်ခိုင်းပြီး - စာရင်းကောက်ကြည့်စမ်းပါ။  ဘယ်လောက်သေခဲ့တယ်ဆိုတဲ့ အဖြေမှန် နာရီပိုင်းအတွင်း  ပေးကြပါလိမ့်မယ်။ မီဒီယာထဲကနေ  ငါ့စကားအတည်လုပ်ချင်တဲ့ဒီဗိုလ်ချုပ်မှာ ဒီလို စိန်ခေါ်အဖြေရှာရဲတဲ့ သွေးမျိုးလဲ  ရှိပုံမပေါ်ဘူး ။ 

အာဏာငန်းဖမ်းတဲ့  သူ့အမှု အတွက် သူ့ဖက်ကနေဝင်ကာပေးမယ့် ဝင်ရပ်ပေးမယ့် နိုင်ငံမျိုး ၊ လိုအပ်လာရင်    စစ်ရိပ်လှုံ နိုင်မယ့် နိုင်ငံမျိုး  ရှိမရှိ    အရင်  ကြို တင် တီးခေါက်ပြီးမှ အာဏာသိမ်းခဲ့တာလဲ သေချာပါ တယ်။ တိုင်းပြည်ကို လာ တဲ့ ထူးခြားဧည့်သည်၊  ပုဏ္ဏားတိုင်ထားတဲ့ စကားတွေကို သတိထားရင် ရက်စွဲတွေ ပြန်ကြည့်လိုက်ရင် -ကောက်ကြောင်း ပေါ်ပါတယ်။ စစ်အာဏာသိမ်းတာကို ဘေးကနေ ဝတ်ကြေတန်းကြေဖြန်ဖြေကြ ။ အသံတိတ် မီးစိမ်းပြကြ ၊  ပြည်တွင်းရေးကိစ္စ ကမ္ဘာက ဝင်မပါကြဘို့ - ဝင်စွက်တာကို လက်ခံမှာမဟုတ်ဘူးလို့  အသံထုတ်ကြ။ ဒါလို အခင်းအကျင်းတွေဆိုတာ အပေးအယူကင်းကင်းနဲ့  အလကားနံတဲ့ ကြောင်ချီးဒစ် ပလိုမေစီတွေတော့မဟုတ်ဘူး၊ အိမ်နီးချင်းကောင်းမပီသစွာ ရသမျှ ထပ်ခွာခံရဦးမယ့်အဖြစ် ။ တကယ့် မိတ်ဆွေ အစစ် အမှန်တွေဆီက ဒီလို အသံမျိုး  မကြားနိုင်ဘူး။

 ဒီတော့  ကျွန်တော်တို့ နွေဦးတော်လှန်‌ရေး ကို   အချိန်တိုလေးနဲ့  အော်တိုအောင်မြင်မှာ  ဆိုတဲ့ မိုတီဗေးရှင်းတွေ  အကြာကြီး ပြောကြဆိုကြတာတွေ တလှည့်  နားသင့်ကြပြီ ။  လျှောက်ရမယ့်တော်လှန်ရေးလမ်း  မဖြောင့်ဖြူးဘူးဆိုတာ ပေါ်လွင်တယ်  ။ R2P  နဲ့ QUAD သင်္ဘောကြီးတွေကို အားပါးတရ  မျှော်လင့်မယ့် အစား   အမှန်တရားအရှိတရားကို လက်ခံပြင်ဆင်ကြတာ ပိုကောင်းပါတယ်။ တိုင်းရင်းသားတွေ အားလုံး  ပြည်သူလူထုတရပ်လုံး ရဲ့ ပြင်းပြတဲ့ ဆန္ဒတွေ ၊ ညီညွတ်တဲ့ အင်အားရဲစွမ်းသတ္တိတွေနဲ့   ဒီတော်လှန်ရေးကြီး မုချအောင်ပွဲရမှာ၊   အရေးတော်ပုံကြီး အောင်မြင်  မှာ   အသေအချာ ပဲလို့ ကျွန်တော် ယုံကြည် ထားပါတယ် ။ ဒီနွေဦးတော်လှန်ရေးကြီးထဲ  ပွင့်လာကြတဲ့  မျိုးဆက်သစ် ပန်း တွေ တကယ် မွေးမြလှပလွန်းကြတာ  -တကယ် မြတ်နိုးတန်ဖိုးထားစရာ ကောင်းတာ၊    ကဗျာဖွဲ့စာဖွဲ့လို့ မမှီနိုင် မပီနိုင် ဖြစ်တာ ။  ဖွေးဖွေးလှုပ် ပွင့်မဆုံး နေ့စဉ် တွေ့မြင်နေရတာတွေကို  အံ့အားသင့်ရ လေးစားဂုဏ်ယူမဆုံးဖြစ်ရပါတယ် ။  တချိန်ထဲမှာ ကျွန်တော်တို့ဟာ ကြမ်းတမ်းခါးသီး  အလျှံ ညီးတဲ့  စစ်မီးတောက်တွေ ကို ရှောင်ကွင်း သွားလို့ မရတော့ ဘူးဆိုတာ လဲ အားလုံး သိခဲ့ရပြီ။   တချို့က မြို့ပြသပိတ်တိုက်ပွဲ  တွေ ၃လ- ၄လ အရောက်မှာ     လက်ခံခဲ့ ကြသလို   တချို့ကျတော့     နှစ် ၃၀-၄၀ ဖြတ်ခဲ့ကြပြီးပြီမို့    ခရီးအဆုံးမှာ ဒီကမ်းကို ပြန်ကပ်တာပဲ လို့ လက်ခံကြပါတယ် ။ ကိုယ့်ရေကိုယ်မြေမှာ - စစ်ဘေးကင်းပါစေ ။  ငြိမ်းချမ်းရေးရပါစေလို့  ပြည်သူအပေါင်း အညီအညွတ် ဆုတောင်းကြပေမယ့်    ဆုတောင်းမပြည့်ကြပါဘူး ။ မကြုံဆုံလိုပေမယ့် အကြောင်းတရားများ ရှိခဲ့လေတော့   အကျိုးတရားများလဲ ပေါ်ခဲ့တယ်။     အရှိတရား ကို လက်ခံ  ပြင်ဆင်ထားကြဘို့ သာ ကျွန်တော်လဲ မိတ်ဆွေတွေကို  အကြံပြုမိပါတယ် ။  
ပြီးခဲ့တဲ့ ၄ လအတွင်း  မြန်မာပြည်မှာ စီးဆင်းတဲ့ နိုင်ငံ‌ရေး ရေစီးကြောင်းဟာ  ဗြောင်းပြန်ပြန်စီးသွားခဲ့တယ် ။ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ  စိန်ခေါ်ချက်အကြီးကြီးတွေကို နေ့စဉ် ရင်ဆိုင် ဖြေရှင်းကျော်လွှားနေတယ် ။စစ်အာဏာသိမ်းချိန်က စလို့  NLD ဟာ သူလုပ်စရာရှိတာတွေကို ချက် ချင်းဆက်တိုက် လုပ်နိုင်ခဲ့ကြပါတယ်။ ၁၉၉ဝခုနှစ် က အတွေ့အကြုံ များကို  သင်ခန်းစာယူတယ်။   ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မီတီ( CRPH )ဖွဲ့လိုက်နိုင်တာ ။ စစ်ကောင်စီက ပြည်သူ့ကိုယ်စားလှယ်   အကုန် လုံးကို မဖမ်းဆီးနိုင်ခင်  အချိန်မီ ရုန်းထွက်နိုင်ခဲ့ကြတာ။ အချိန်တိုလပိုင်းအတွင်း  တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ ( Ethnic Armed Organizations : EAOs ) တခြား ပါသင့်ပါထိုက်တဲ့ အစုအဖွဲ့တွေ။  စစ်အာ ဏာရှင်ဆန့်ကျင်‌သူ  ဝန်ထမ်းသပိတ်ခေါင်း‌ဆောင် CDMs တွေ  ။  အထွေထွေ သပိတ်ကော်မီတီ GSC   ခေါင်း ဆောင်တွေ ။ လူမှုအသင်းအဖွဲ့ခေါင်းဆောင်တွေ CSOs ။ လူ့အခွင့်အရေးလှုပ်ရှားတက်ကြွ သူတွေ ။ လူမျိုးစု ခေါင်းဆောင်တွေ။ နယ်ပါယ်စုံက တတ်သိပညာရှင်တွေ။ ရနိုင်သလောက်ကို စုစည်း ညှိနှိုင်းဆွေးနွေး  သဘော တူညီချက်တွေ ရသမျှ ယူပြီး အမျိုးသားညီညွတ်ရေးအစိုးရ (   National Unity Government : NUG ) ကို ဖွဲ့လိုက်နိုင်တယ်။ NUG ဟာ အခု တစုတဖွဲ့ တပါတီ မဟုတ်ဘူး။ တဦးတယောက်တပါတီ အတွက် အလုပ်လုပ်နေတာမဟုတ်ဘူး။ တတိုင်းပြည်လုံးအတွက်  လူမျိုးအားလုံးနဲ့သက်ဆိုင်တဲ့ အစိုးရဖြစ်သွားပြီ။ 

၂၀၂၁ ဖေဖဝါရီလ ၁ရက်နေ့ ကစလို့  အာဏာသိမ်းထားတဲ့  စစ်တပ်ဟာ  လေးလ လုံးလုံး  အပြင်းအထန် ကြိုးစားပေမယ့် တိုင်းပြည်ကို စစ်ဖိနပ်နဲ့ နင်းထားလို့ မရတော့ဘူး။ လူထုကို မအုပ်ချုပ်နိုင်ဘူး ။ လူထု ကို အမိန့်ပေး ပုံစံသွင်းမရဘူး။    ၈၈ တုန်းကလို တလအတွင်း ငြိမ်ဝပ်ပိပြားသွား အောင် လူထုကို ခြောက်လှန့်လို့ မရတော့ ဘူး ။ လူထုလူတန်းစားအသီးသီး နဲ့ မျိုးဆက်သစ်တွေဟာ ၈၈တုန်းက လို မဟုတ်တော့ပဲ စစ်ကောင်စီဟာ  ကြောက်ခေတ်ကို လွန်မြောက်လာတဲ့  လူထု ရဲ့  ပုံစံမျိုးစုံ နဲ့ အပြင်းအထန်ဆန့်ကျင်တာကိုခံရတယ်။  သပိတ်မျိုးစုံ  ကို နေ့စဉ် ရင်ဆိုင်ရတယ်  ။ သပိတ်တွေကို  ချေမှုန်းရင်း စစ်တပ် မှာသာ မရှုမလှ  ကျဆုံးနေတဲ့ အဖြစ် ။ စစ်တပ်  institution တခုလုံး ဂုဏ်သိက္ခာ အားလုံး ကျဆုံးခန်း။  လူထု တရပ်လုံးရဲ့ စက်ဆုတ်ရွံရှာတဲ့  အမုန်းကို လက်ခံရတဲ့ အခန်း ။    

၂၀၂၀ လူထုထောက်ခံမှုနဲ့  အပြတ်အသတ်အနိုင် ရလိုက်တဲ့ရွေးကောက်ခံ NLDအမတ်တွေ  ဟာ ရုတ်ချည်း ပြောင်းလဲသွားတဲ့နိုင်ငံရေး အခင်းအကျင်း-နဲ့ စစ်မျက်နှာသစ်   အရွေ့တွေကို  ကောင်းကောင်း နားလည်တယ်။   လူထု အပ်နှင်းတဲ့ လုပ်ပိုင်ခွင့် mandate တွေကို  လက်မလွတ်ခဲ့ဘူး ။ အချည်းနှီးမဖြစ်စေဘူး ။ ဒီတချီဟာ  တမျိုးသားလုံး အားကိုယူပြီး ဘုံရန်သူ စစ်အာဏာရှင်ကို အမြစ်ပြတ်အောင် တိုက်နိုင်မှရတော့မယ်ဆိုတာသဘော ပေါက်ခဲ့တယ်။  အမျိုးသားညီညွတ်ရေး အစိုးရ NUG အဖြစ် အောင်မြင်စွာစုဖွဲ့နိုင်ခဲ့တာ ဘယ်နိုင်ငံတကာ အကူ အညီ အကြံပေးတိုက်တွန်းချက်ကြောင့်မှ မပါဘူး ။  မဟုတ်ဘူး ။ဘယ်သူ့ မှ မမျှော် ၊ ဘယ်သူ့ သြဇာမှမပါ။ကိုယ့်အားကိုယ်ကိုးရင်း စုဖွဲ့ကြတယ်။  အခင်းအကျင်းအသစ် ကိုနားလည် ၊ မျိုးဆက်သစ်တွေရဲ့  အရေးပါမှု  တီထွင်ကြံဆနိုင်မှုတွေကို သိတယ်။  ပြည်သူအားလုံး ကိုယ်ကျရာ -အခန်းကဏ္ဍကို သဘောပေါက်တာဝန်ကျေကြ  ၊တည်ဆောက်ရေးနဲ့  ဖြိုဖျက်‌ရေး နှစ်ပိုင်းစလုံးကို ပိုင်နိုင် နားလည်မှုနဲ့ လှုပ်ရှားနိုင်ခဲ့ ကြတဲ့  သမိုင်းဝင်  နိုင်ငံရေး အလှည့်အပြောင်းတွေပါ  ။ 

ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး မဖြစ်နိုင်အောင် အစဉ်တစိုက်  နှောက်ယှက်-အတားအဆီးကြီးအဖြစ်နဲ့  ဒုက္ခပေးခဲ့ တဲ့ ၂၀၀၈ စစ်တပ် ဖွဲ့စည်းပုံကို လုံးဝ ဖျက်သိမ်းပစ်နိုင်ခဲ့တယ်။ လူထု  ရွေး‌ကောက်တဲ့  အစိုးရတရပ် ရဲ့  အမိန့်ကိုနာခံမယ့် တခုတည်းသောဖယ်ဒရယ်တပ်မတော်ဆိုတာ  တိုင်းရင်းသား‌တပ်တွေကို အခြေခံပြီး အတူစုဖွဲ့ တည်ဆောက်ကြမှ ရနိုင်မယ်။ ရှိပြီးသားစစ်တပ်ကို  ဒီမိုကရေစီလမ်းကြောင်းပေါ်တင်‌ပေးတာ နှစ် ၃၀ ကြာပေမယ့် အလုပ်မဖြစ်ဘူး။ စစ်ဗိုလ်ချုပ်တွေ လက်မခံဘူး။  လက်ရှိစစ်တပ်ကို ပြုပြင် လို့  မရနိုင် ဘူးဆိုတဲ့  ပိုင်းပိုင်းဖြတ်ဖြတ် ဆုံးဖြတ်ချက် ကို ဒီတချီမှာ အပီအပြင်ချနိုင်ခဲ့ကြတယ်။   ခက်ခဲတဲ့ နိုင်ငံရေး အမေးပုစ္ဆာတချို့ကိုလဲ ရင်ဆိုင်ရဆဲ ။တချို့  ကို ဖြေရှင်း ကျော်ဖြတ် ခဲ့ပြီး တချို့ကို  ဆက်လက်ညှိနှိုင်းဖြေရှင်းနေဆဲ ။ 

၁၉၈၈ ပါတီတည်ဆောက်စဉ်  မှာ ကိုင်စွဲတဲ့  NLD ရဲ့  အကြမ်းမဖက် နိုင်ငံရေးလမ်းစဉ် -လက်နက် မကိုင် ငြိမ်း ချမ်းရေးလမ်းစဉ် ၊ ရင်ကြားစေ့လမ်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဉ်ဟာ မှားတယ် ။ ၂၀၁၂  ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ခဲ့ တာမှားတယ် ။  ၂၀၀၈ ဖွဲ့စည်းပုံအောက် ရွေးကောက်ပွဲဝင် အာဏာယူတာ  စစ်တပ်ကို ဒူးထောက်တာ။ စစ်တပ်နဲ့ ပူးပေါင်းတာ။ အဲဒါတွေ  မှားတယ်လို့  တချို့က ကျယ်ကျယ်၊ တချို့က တိုးတိုး   ဝေဖန်ကြအပြစ်တင်ကြ ။ ကျွန်တော်ကလူထုကိုအမှုမထားတဲ့  ဒီလိုနိုင်ငံရေးမျိုးကို မကြိုက်ပါဘူး။  အခု  NUG  ရဲ့ နိုင်ငံရေးလမ်းပြမြေပုံညွှန်း ဖြစ်တဲ့   ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဟာ   မလုံလောက်ဘူး ။ တိုင်းရင်းသားခေါင်းဆောင်တွေ အရင်တုန်းက ဆွဲထားပြီးသားဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံကို  တခါတည်း အသုံးချလိုက်လို့ မရဘူးလား ။ ဖယ်ဒရယ်တပ်မတော် ( Federal Army )ကို  တခါတည်း ဖွဲ့စည်း လို့ မရဘူးလား  ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ( People Defence Force : PDF ) ဆိုတာ ဖယ်ဒရယ်အာမီ ဖွဲ့စည်းလို့မရနိုင်လို့ ဖွဲ့လိုက်ရတာ မဟုတ်လား ။ ရိုဟင်ဂျာတွေကို နိုင်ငံသား မပေးဘူးလား / တိုင်းရင်းသားမပေးသေးဘူးလား ။ မေးခွန်းတွေဟာ ကျယ်ပြန့်လွန်းတယ်။ တမျိုးသားလုံး ဖြေရမယ့် မေးခွန်းတွေ ။  NUG  အလုပ် လုပ်နေတာတွေက နှေးကွေးတယ်။ လက်တွေ့မြေပြင်နဲ့ မနီးစပ်ဘူး။  ဒေသအလိုက် ကိုယ့်ဖာသာဖွဲ့ကြတဲ့ PDF တွေကို မချိတ် ဆက်နိုင်ဘူး ။ အထောက်အကူမပေးနိုင်ဘူး  စတဲ့ စတဲ့ အားမလိုအားမရ  အပြစ်တင်သံတွေ အဆက်မပြတ်မေးခွန်းတွေဟာ လက်ရှိစစ်ရေးနိုင်ငံရေး မုန်တိုင်း ပင်လယ်ထဲမှာ ဂယက် ပိုထစေတယ်-  စစ်ကောင်စီ အတွက် အကွက်ရ  အားရစေ တဲ့ မေးခွန်းတွေ မဖြစ်စေချင်သေးဘူး ။ 
အာဏာသိမ်းတဲ့နေ့က စပြီး ဘယ်သူနဲ့မှတွေ့ခွင့်မရတဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  သူနဲ့ တချိန်ထဲ အတူတူ  အထိန်းသိမ်းခံရတဲ့   သမတကြီး ဦးဝင်းမြင့်  ဒေါက်တာ ဦးမျိုးအောင်တို့နဲ့ အတူ  မနေ့က ပထမဆုံး အကြိမ် တရားရုံးထွက်ရတယ်။  အတူတူ တရားခံ ထိုင်ခုံတွေမှာ ထိုင်ရ-တရားခံအဖြစ် စွပ်စွဲခံနေကြရတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲခံထားရတဲ့ အမှု ၆မှုအတွက် လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေနဲ့  ပထမဆုံး လူချင်းစတင်တွေ့ခွင့်ရတာလဲ ဖြစ်တယ်။ ဒါကို မင်းအောင်လှိုင်က မီဒီယာကနေ ကြို ထွက်ပြီး( သာဝကိုတွေ့လား ။ ဘာမဆိုလုပ်ရဲတယ် ဆိုတာမျိုး )  ရီကြဲကြဲလုပ်ခဲ့တာမျိုး ဖြစ်နိုင်တယ်။ 
ဒီမြင်ကွင်းကြောင့်  ကျွန်တော့်စိတ်တွေ လွန်ခဲ့တဲ့ ၃၃ နှစ်တုန်းက  ၁၉၈၈ ဆီကို ပြန်ရောက်သွားပါတယ်။ နှစ်တွေ ဆယ်စုသုံးခုတောင် ကြာသွားပြီ ။ ၉၀ ခုနှစ်ရွေးကောက်ပွဲထဲမှာ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ဘဝ ။ သူ့ပါတီက သောင်ပြိုကမ်းပြိုနိုင်ခဲ့ ပေမယ့် သူ အကျဉ်းသားဘဝက မလွတ်မြောက်သလို သူ့ပါတီလဲ အာဏာမရပါဘူး။  စစ်တပ်က လုပ် ပေး တဲ့ ၂၀၁၀ ပထမအကြိမ်ရွေးကောက်ပွဲထိအောင်  ဒေါ်အောင်ဆန်းစုကြည်ဟာ  အပြင်လောကမှာ နေရတဲ့အချိန်က နဲနဲ။   အချုပ်သားအကျဉ်းစံဘဝအချိန်က များများပါ ။ သူ့ခြံထဲမှာ ၁၇ နှစ်ကြာအောင် ပိတ်လှောင်ထားခြင်းကိုခံခဲ့ရတယ်။ အခုလဲစစ်တပ်က သူကို တမှုမငြိ တမှုငြိအောင် အမှု‌ပေါင်း  ၆ မှုနဲ့ အကြံကြီးကြီး စွဲတင်ထားပြီးသား ။ ဂျင်ဇီတွေပြောတဲ့  ကျွန်တော်တို့ ရှုံးလို့ မဖြစ်ဘူး ။ ကျွန်တော်တို့ရှုံးရင် ကျွန်တော်တို့ အနာဂတ် ပျောက်သွားမယ်ဆိုတဲ့စကားအတိုင်းဆို  ဒီတချီ စစ်တပ် အမြစ်မပြတ်ခဲ့ရင်  တိုင်းပြည်အတွက် ဓါးစာခံဖြစ်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်လဲ ပြန်လွတ်လာမယ့်လမ်း မရှိတော့ဘူး ။  NLD  ပါတီလဲ  ဆက်တည်ရှိမှာမဟုတ်တော့ ဘူး။  UEC ဥက္ကဌ  သိန်းစိုးကော  စစ်တပ်သတင်းပြန်ကြားရေး ဇော်မင်းထွန်းကော  NLD ကို ဖျက်သိမ်းဘို့ အသံကြိုထုတ်ထားပြီးကြပြီ ။ အခု  စစ်ကောင်စီ မြေပုံက ရှင်းပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ကို အပြီးတိုင် လူထု မြင်ကွင်းက ဖျောက် ပစ်လိုက်မယ် ။ သံတိုင်နောက်ပို့လိုက်မယ် ။  NLD ကို နိုင်ငံရေးပါတီ အဖြစ်က အပြီးရပ်စဲ လိုက်မယ်  ။ ဒါမှ သူတို့  အနံ့ပေးထားတဲ့ ရွေးကောက်ပွဲ တကယ်ကျင်းပဖြစ် ခဲ့ ရင် သူတို့   စိတ်ချလက်ချ အိပ်နိုင်မှာ    ။ ဒေါ်စု အပြင်မှာ ရှိနေသရွေ့ သူတို့ မနိုင်ဘူး ၊ NLD ရွေးကောက်ပွဲ ဝင်ပြိုင်နေသရွေ့လဲ  သူတို့အာဏာ မရနိုင်ဘူး။ ဒါကို   နှစ် ၃၀ အတွေ့အကြုံ တွေ က ထိုထိုသော လူမိုက်များ ကို  သဘောပေါက်စေခဲ့ပြီ  ။ အခု စစ်ကောင်စီ  အနံ့ပေး ထားတဲ့ ရွေးကောက်ပွဲမှာ    စစ်အိမ်ဝင်ဖြည့်ပေးကြမယ့် ကြုံရာလှေနဲ့ လိုက်နိုင်ကြတဲ့   ၅၉ ပါတီထဲက  ဘယ်သူအစိုးရတက်လုပ်လုပ် တိုင်းပြည်ကို  စစ်တပ် ကသာ ချူချူခြာခြာ  ဆက်အုပ်ချုပ် ထားမှာ ။ ပိုနေမြဲ- ကျားနေမြဲ စစ်တပ် ရဲ့  အပေါ်ထိုင်စစ်မြေပုံ အပြောင်းအလဲ မရှိနိုင်ဘူး။  
အခု စစ်ကောင်စီ ရဲ့ လက်ထဲမှာ‌‌လူထုက ရွေးကောက်လိုက်တဲ့  အမတ်များစွာအကျဉ်းကျနေတယ်  ။   ကရင်ပြည်နယ်ဝန်ကြီးချုပ် ၊မကွေးတိုင်းဝန်ကြီးချုပ် ၊ မန္တလေးတိုင်းဝန်ကြီးချုပ်၊   ရန်ကုန်တိုင်းဝန်ကြီးချုပ် ၊စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ သူတို့ ဆိုရင်   ၁၉၈၈ နဲ့ ၂၀၁၀ ကြား ကာလ တွေမှာ  အကြမ်းဖျင်း တယောက်ကို    ထောင် ၁၀ နှစ်- အနှစ် ၂၀ ကြား စစ် သံတိုင်တွေ နောက်မှာနေခဲ့ကြပြီးပြီးသား။ အခုလဲ စစ်သံတိုင်နောက် ကို တခါထပ် ရောက်နေကြပြန်ပြီ ။  သူတို့ အသက်တွေက အခု ၆၀ ကျော် ၇၀ တန်းမှာ ရောက်ကုန်ကြပြီ  ( ဦးဖြိုးမင်းသိန်းမပါ ) ။ သူတို့ နောက်ထပ်  ၁၀ နှစ် ထောင်ထဲမှာ အသက်ရှင်နိုင်မလား ။ ဘယ်လိုနည်းနဲ့ အသက်ဆက်ရှင်ကြမလဲ။  ဒေါက်တာ‌ဇော်မြင့်မောင်က  ဆေးကုနေရတဲ့ သွေးကင်ဆာ ဝေဒနာရှင်တယောက်။ 
လူထုဖက်က အခက်အခဲမျိုးစုံရင်ဆိုင်ရတဲ့အခါ သူတို့ကို နဲနဲပြန် အမှတ်ရပေးပါ။ မြေပြန့်သား ကျွန်တော် အမျိုးတွေ မိတ်ဆွေတွေကိုလဲ စစ်နဲ့ နဖူးတွေ့ဒူးတွေ့ တကယ်ကြုံခဲ့ရရင် မျိုးဆက်သစ်လူငယ် ထားထက်ထက် ပြောသလို တောင်ပေါ်သွေးချင်းတွေ ကို တချက်သတိရလိုက်ပါ။ ခုမှ ငါတို့ဆီ စစ်ရောက်တာ ။ တိုင်းရင်းသားနယ်မြေတွေက လူတွေက   တိုင်းပြည်ရဲ့လွတ်လပ်‌ရေးတသက်  စစ်မက်နဲ့မကင်းဘဲ အသက်ရှင် နေထိုင်ခဲ့ကြရတယ်ဆိုတာ မြင်‌ယောင်ပြီးရင် ဘာဖြစ်သင့်တယ်ဆိုတာ  ပိုသဘောပေါက်လာကြမယ်ထင်ပါတယ်။  အခုကာလ  မြို့ကြီး ပြကြီးက  လူအတော်များများ အလုပ်အကိုင်တွေ မရှိတော့ဘူး။ ဝင်ငွေ မရှိတော့ဘူး။ ရှိတာတွေထုခွဲစားသောက်နေရတာ။ ဝေမျှကြရတာ ။ တစတစ ဆင်းရဲငတ်ပြတ်လာတာ ။ ရောဂါထူပြောနေတာ။ စစ်ပြေးစစ်ရှောင်ဘဝကို မမျှော်လင့်ထားခင် ရောက်ကုန်တာ။ မထင်မှတ်ပဲ စစ်မြေပြင်မှာနေထိုင်ရတာ ။  တိုင်းရင်းသားနယ်မြေတွေ သွေးချင်းများက ဒါမျိုးတွေကို  နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကြရပြီးပြီ ။ဒီတခါကိုယ့်အလှည့်ပေါ့ ။ဒီတခါတိုက်ပွဲတွေက တောထဲမှာမရပ်ပဲ မြို့ပြတွေအထိဖြစ်ဘို့ ပိုများပါတယ်။ အခုစတင် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့ တန့်ဆည်၊ ကနီ ၊ မြင်းခြံတလုတ်။မင်းကင်း ၊ မင်းတပ်၊  တမူး ၊ ကလေး၊ ဖလန်း ၊ဒီမောဆို ၊ မိုးဗြဲ  စတဲ့ ဒေသတွေဆို တောထဲတောင်ထဲမဟုတ်တော့ဘူး ။မြို့တွေရွာတွေ။ မြို့ထဲကို လက်နက် ကြီးကျည်တွေနဲ့ လှမ်းပစ်တာခံနေရပြီ။  ဒါမျိုးတိုက်ပွဲတွေက အခုမှ အစပဲရှိသေးတယ်။ ဂျင်ဇီတွေတချို့ အခုမှ သွေးပူလေ့ကျင့်ခန်းယူကြတုန်း။ တိုင်းရင်းသားတပ်တွေဆီမှာ ပျောက်ကြားစစ်ပညာဆည်းပူးကြတုန်း ။ အတွေ့အကြုံ ယူနေကြတုန်း။ သင်တန်းတွေ တက်နေကြတုန်း ။ 
သူတို့ကအရွယ်ကောင်းတွေ ။ ရည်ရွယ်ချက်တွေ မြင့်မြတ်ကြတယ်။ မြင့်မားကြတယ် ။ စိတ်ဓါတ်တွေကောင်း-သတ္တိတွေလဲ ကောင်းကြတယ်။ မြို့ကြီး လမ်းတွေပေါ်မှာ ကျည်အစစ်တွေကိုရင်ဆိုင်ပြီးမှ  စစ်အာဏာရှင်ကို တော်လှန်ဖို့လိုအပ်လို့ လက်နက်ကိုင်ကြတာ။ စစ်ကောင်စီကို ရင်ဆိုင်အန်တုရဲကြတယ်။ လွတ်လပ်ရေးအတွက်  တိုက်ပွဲဝင်မှရမယ်ဆိုတဲ့အသိရှိပြီး။  မှတ်ကျောက်တင်ပြီးသား  မျိုးဆက်သစ်တွေ ။ သူတို့ဟာ ပန်းတိုင်ကို  ရောက်အောင်သွားကြမယ့်သူတွေ ။ 
သူတို့ထဲမှာ  ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း  ဦးအယ်ဖေါင်းရှိုကိုလဲ တွေ့ရတယ်။ သူက ဘယ်မျိုးဆက်ကို ကိုယ်စားပြုနေမလဲ ။  သူပြောတာက  "အခု ကျွန်တော် တော်လှန်ရေးရဲဘော်တစ်ယောက် ဖြစ်နေပြီ။
ရရာလက်နက်ကိုင်ပြီး အာဏာရှင်ကိုတိုက်မယ်။
တော်လှန်ရေးလုပ်ရင်း သေသွားတာက ပိုဂုဏ်ရှိတယ်"တဲ့ ။ 
MasK လို့  လက်မှတ်ထိုးထားတဲ့ ဂျင်နရေးရှင်းဇက်တယောက်ကလဲ မနေ့က ‌သူရေးလိုက်တဲ့ စာပိုဒ်လေးတခုကို ခုလို အဆုံးသတ်ထားတယ် ။ 
တိုက်ရင်းခိုက်ရင်း ...
ကျနော် သေချင်လဲသေသွားမယ် 
ကံကောင်းပြီး ဒါကြီးပြီးသွားတဲ့အချိန်ထိ မိမွေးတိုင်းဖမွေးတိုင်း ရှိချင်လဲရှိနေအုံးမယ် ...
ဘယ်လိုဘဲ ဖြစ်သွားပါစေ ...
ကျနော့်တစ်ကိုယ်စာသမိုင်း မရိုင်းတော့ဖူး
ကျနော့် မိသားစုလဲ သူတို့သားအတွက် ဂုဏ်ယူနေမယ်ထင်ပါရဲ့ .... ။ ။
24 May, 2021.
MasK. (PDF)
အလေးပြုပါတယ်။ 
အသေချာဆုံးက  အခု မျိုးဆက် X -Y-  Z  အားလုံး တိုင်းပြည်အတွက် အဆုံးစွန်စွန့်လွှတ်မှုများစွာနဲ့ အဆုံးသတ်တိုက်ပွဲများဆီကို အပြင်းအထန် ဦးတည်ချီတက်နေကြတာ သေချာတယ် ။  

ခွန်ဆိုင်း  
( ၂၅-၅-၂၀၂၁ )
ဓါတ်ပုံ ခရက်ဒစ်  - မူရင်း ပိုင်ရှင် ကို ဂုဏ်ပြုလျက်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar