Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၅ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၂၅၊ ၂၀၂၁

စစ်ရေးကို နိုင်ငံရေးဦးဆောင်မှုကနေ ထိန်းကြောင်းဖို့

ခုရက်တွေမှာ ဖြစ်ပျက်နေတာတွေက ဗုံးကွဲတာ၊ စစ်ကောင်စီတွေနဲ့ တိုက်ခိုက်တာ၊ ရဲစခန်းကို တိုက်ခိုက်တာ၊ ကျောင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံး မီးလောင်တာတွေ နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးမှု တွေ extrajudicial killing တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ က လွှမ်းမိုးနေတာ ဖြစ်ပါတယ်။

နေ့စဥ် သတင်းတွေမှာ ပေါက်ကွဲမှု၊ ဖမ်းဆီးမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေက အများစုနေရာယူထားကြတာ တွေ့ရပါတယ်။ အရပ်သားသာမန်လူထု အနေနဲ့ စစ်ကောင်စီ လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးမှု၊ ညှင်းဆဲသတ်ဖြတ်မှုတွေကို ရွံ့ရှာခြင်းနဲ့ ကြောက်ရွံ့ခြင်းတို့ တွဲလျှက်ခံစားနေကြရတဲ့ အနေအထားပါ။

အထက်က စစ်ကောင်စီအကြမ်းဖက် အာဏာရယူသူရဲ့ တပ်ဖွဲ့တွေရဲ့ ရက်စက်မှု ကြမ်းကြုတ်မှု ယုတ်မာမှုတွေကို တိမ်းရှောင်ရင်း ခုခံရင်း ပြန်တုံ့ပြန်မှုတွေလည်း လူထုထဲက ထွက်ပေါ်လာကြတာပါ။ ဖိနှိပ်မှု အင်အားသုံး အနိုင်ယူမှု​ နှိပ်ကွပ်မှုတွေက တုံ့ပြန်မှုမရှိပဲ အဆုံးသတ်လေ့ တည်မြဲလေ့မရှိပါဘူး။ နိုင်တဲ့ အင်အားနဲ့ နည်းလမ်းနဲ့ ပြန်ခုခံ တုံ့ပြန်လေ့ရှိတာ လောကရဲ့ သဘာဝဖြစ်ပါတယ်။

အခုလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖိနှိပ်မှု ရက်စက်မှုကို လက်နက်ကိုင် တိုက်ပွဲဖွဲ့စည်းပြီး ပြန်တိုက်ခိုက်တဲ့ ပုံစံနဲ့ တွန်းလှန်ဖို့ အနိုင်ယူဖို့ လုပ်ဆောင်မှုတွေလည်း သန္ဓေတည်စပြုနေပါပြီ။ ဒါက ရေရှည်တိုက်ပွဲပုံစံဖြစ်ပြီး စစ်ရေးနဲ့ နိုင်ငံရေး တွဲဖက်ပြီး ရေရှည်တိုက်ပွဲဆင်ရမယ့်သဘောလို့ ယူဆပါတယ်။

အလားတူ မြို့ပေါ်တိုက်ပွဲလို့ ခေါ်ဆိုရမလားမသိ … ဗုံးခွဲတာ၊ စစ်ကောင်စီတပ်/ရဲတွေကို ပစ်ပြီးပြေးတာ သူတို့အခြေစိုက်ရာ ရုံးတွေ၊ နေရာတွေကို ဗုံးခွဲတာ၊ နောက် အများသွားလာရာ လမ်းတွေ နေရာတွေမှာ မသက်ဆိုင်သူ အထိအခိုက်နည်းအောင် ဖေါက်ခွဲတာတွေကလည်း မြို့ပေါ် တိုက်ပွဲနည်းလမ်း အချို့ဖြစ်ပါလိမ့်မယ်။

ယခုအချိန်ထိတော့ မြို့ပေါ်က ဗုံးခွဲမှုတွေမှာ အရပ်သားအများအပြားသေဆုံးတာတွေ မရှိသေးပါဘူး။ သို့ပေမယ့် ဒီနေ့ ဖြစ်ပွားတဲ့ သင်္ဃန်းကျွန်းက ပါဆယ်ဗုံးကွဲမှုမှာတော့ အရပ်သား ၄ ဦးသေဆုံးခဲ့ပါတယ်။ ဗုံးကွဲမှုတွေနဲ့ပတ်သက်လို့ ခုချိန်ထိ မြေအောက် အဖွဲ့အစည်း ဖြစ်ေစ တဦးချင်းဖြစ်စေ မည်သူကမှ သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြောတာတွေမရှိသေးပါဘူး။

ဆိုရှယ်မီဒီယာတွေ ပို့စ်တွေ ကွန်းမင့်တွေမှာတော့ တပ်ဖက်ကဖွဲ့တဲ့ လက်ဝေခံ အရပ်သား အကြမ်းဖက်အဖွဲ့လို့ ဆိုနေကြတဲ့ ပျူစောထီးလက်ချက်လို့ စွပ်စွဲ ပြောဆိုရေးသားတာတွေ ရှိသလို စစ်ကောင်စီရဲ့ ရက်စက်စွာ ဖြိုခွဲမှုကို မခံမရပ်နိုင်လို့ အုပ်ချုပ်ရေး မတည်ဆောက်နိုင်အောင် လုပ်တာမျိုး ၊ စစ်ကောင်စီ တပ်ဖွဲ့တွေကို လက်စားချေတာလို့လည်း ယူဆစရာတွေ ရှိပါတယ်။

လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းဒေသ/ ပြည်နယ်တွေ နယ်စပ်ဒေသတွေ မှာ နေသူတွေ ကျေးရွာလူထု အသက်အရွယ်ကြီးသူတွေ ကလေးသူငယ်တွေ အမျိုးသမီးတွေ တောထဲ တောင်ထဲ တိမ်းရှောင်နေကြရလို့ သူတို့ရဲ့ ဘဝတွေလည်း နေ့စဥ် အသက်ရှင်ဖို့ စားရေးမပြည့်မစုံ အမိုးအကာ လုံလုံခြုံခြံုမရှိတာရယ် လက်နက်ကိုင် စစ်ကောင်စီတွေရဲ့ အန္တရာယ်ကြောင့် အသက်ဘေးနီးသလိုပဲ ရန်ကုန်မြို့မှာနေထိုင်သူတွေလည်း နေ့စဥ် ကွဲနေတဲ ဗုံးတွေနဲ့ အသက်ဘေးနီး ကြတာအမှန်ပဲ ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေဘဝကတော့ ပိုပြီး ကြမ်းတမ်း အန္တရာယ်များတာ မှန်ပါတယ်၊ တဖက်မှာ မြို့ပေါ်ကသူတွေလည်း စစ်အာဏာသိမ်းပြီးနောက် အသက်အန္တရာယ် အသက်ဘေးက နေ့စဥ်လိုလို ရှိတယ်ဆိုတာကို ဆိုလိုတာ ဖြစ်ပါတယ်။

ခုလို ဖေါက်ခွဲမှု ဘယ်အဖွဲ့က လုပ်သည် ဖြစ်စေ အများသွားလာတဲ့နေရာတွေ မှာ ဗုံးထောင်တာတွေနဲ့ ပတ်သက်လို့ လူအများလုံခြုံရေးကို ထောက်ပြီး ရှောင်ကြဥ်သင့်တယ်လို့ မြင်ပါတယ်။ ခုချိန်ထိတော့ အသေအပျောက်ကိန်းဂဏန်း သိပ်မများသေးပေမယ့် မကြာခင်ကာလတွေမှာ လူစုဝေးရာ စျေးလို၊ ကုန်တိုက်လို၊ အခြားနေရာတွေမှာ ပေါက်ကွဲလာရင် လူအသေအပျောက် ရှိလာနိုင်တာလည်း ဖြစ်ပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ နိုင်ငံရေး အရ ဦးဆောင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ သဘောထား မှတ်ချက်ထုတ်ပြောသင့်တယ်လို့လည်း ယူဆမိပါတယ်။ နိုင်ငံရေးဦးတည်ချက်အတွက် စစ်ရေး ၊ လက်နက်ကိုင် တိုက်ခိုက်တာဟာ သဘောသဘာဝ ဖြစ်ပါတယ်။ သို့သော် ဖေါက်ခွဲမှု၊ လုပ်ကြံမှုနည်းလမ်းတွေကို အလွန်အကျွံအားထားပြီး လုပ်ခဲ့ရင်လည်း အချိန်ကြာလာတဲ့အခါ ဒီလို ဖောက်ခွဲမှု လုပ်ကြံမှု နည်းလမ်းတွေရဲ့ အကျိုးဆက်တွေ အရပ်သားထိခိုက်နိုင်မှုတေွကြောင့် လူထု အနေနဲ့တော်လှန်ရေးကို စိတ်ပျက်လာတဲ့ အကျိုးဆက်တွေ ထွက်ပေါ်နိုင်ပါတယ်။ နှစ်ဘက်စလုံးက အကြမ်းဖက်လက်တုန့်ပြန်တာ တရားမျှတတယ်လို့ တဖက်သပ်ကောက်ချက်ချမှုဟာ တရားဝင်သွားရင် ကြားကာလ တရားမျှတမှု တရားစီရင်ရေးအာမခံမှုတွေအတွက် အနှောက်အယှက်ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းတွေ အနေနဲ့ နေ့စဥ် ဘဝတွေမှာ ဖြစ်ပျက်နေတာတွေအနက် လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ သဘောထားမှတ်ချက်ပေးတာ၊ လမ်းညွှန်တာ အနားသတ်ပေးတာတွေ လုပ်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။

ဒီလိုလုပ်တာတွေဟာ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ ပါဝင်ပတ်သက်မှု မရှိဘူးဆိုခဲ့ရင် မရှိကြောင်း၊ ဒီလို အဖြစ်အပျက်တွေအပေါ် ဘယ်လို သဘောထားကြောင်းလည်း ရှင်းလင်းစွာ ထုတ်ပြောသင့်တယ်လို့ ထင်ပါတယ်။ နို့မဟုတ်ရင် ယုန်ထင်ကြောင်ထင် ဖြစ်ေစတာမျိုး နားလည်မှု ရှုပ်ထွေးတာမျိုးလည်း ဖြစ်ပေါ်စေနိုင်တာဖြစ်ပါတယ်။

ဖောက်ခွဲမှုတွေအပြင် အချို့သော မီးရှို့မှုတွေနဲ့ပတ်သက်လို့ လည်း နိုင်ငံရေးဦးဆောင် အဖွဲ့အစည်းတွေက သဘောထား မှတ်ချက်ပြုသင့်တယ်လို့လည်း တိုက်တွန်း ချင်ပါတယ်။ ဥပမာ စာသင်ကျောင်း မီးရှို့တာမျိုးတွေလည်း လတ်တလောမှာ ဖြစ်ပျက်နေတာကြောင့် စာသင်ကျောင်းမီးရှို့မှုက ဘယ်သူလုပ်သည်ဖြစ်ေစ လက်မခံနိုင်တဲ့ ကိစ္စမျိုး လို့ထင်ပါတယ်။ ရပ်ကွက်ရုံးနဲ့ စာသင်ကျောင်း သဘာဝချင်း မတူတာကြောင့် စာသင်ကျောင်းအနီး ဗုံးခွဲတာမျိုးနဲ့ မီးရှို့တာမျိုးကိုတော့ အားမပေးသင့်ကြောင်း လည်း ထုတ်ပြောသင့်တယ်လို့ မြင်မိပါတယ်။ ယခင် ရှမ်းပြည်နယ်မှာ ဗကပအင်အားကောင်းစဉ်က ဗကပတွေ ထူထောင်ပေးတဲ့ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦတွေကို မြန်မာစစ်တပ်က ပစ်မှတ်ထား ဗုံးကြဲတာ၊ အမြှောက်နဲ့ပစ်တာတွေ လုပ်ခဲ့တာ ရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသားနယ်မြေတွေမှာ တော်လှန်ရေးတပ်တွေက ဘယ်တော့မှ ပြည်သူတွေကို မိုင်းမထောင်ဘူး၊ အသက်အိုးအိမ် မဖျက်ဆီးဘူး၊ အဆောက်အအုံတွေ မတိုက်ခိုက်ဘူးဆိုတဲ့ အမြင်မျိုး နားလည်မှုမျိုး ရှိခဲ့ကြဘူး ပါတယ်။

တော်လှန်ရေး လုပ်တာရဲ့ ရည်ရွယ်ချက်၊ ပန်းတိုင်က နိုင်ငံရေးအရ အောက်ခြေကစလို့ ပြောင်းလဲဖို့ လို့ နားလည်ပါတယ်။ အဲဒီလိုအောက်ခြေက စပြီးပြောင်းလဲဖို့ရာ နိုင်ငံရေးအပြောင်းအလဲကို အတားအဆီးဖြစ်နေစေတဲ့ စစ်တပ်အင်အားသုံးပြီး တားဆီး ပိတ်ဆို့ထားတဲ့ အင်အားစုတွေကို အနိုင်ယူဖို့ သူတို့ကိုအနိုင်ရဖို့က ရည်ရွယ်ရင်း ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ဖွဲ့တာတွေက နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ဖို့ပဲ ဆိုတဲ့ ဦးတည်ချက်ကိုမမေ့ပဲ အစဥ်အမြဲ စစ်ရေးဆောင်ရွက်မှုတွေက နိုင်ငံရေးဦးဆောင်မှုရဲ့ အောက်မှာ အမြဲဖြစ်သင့်ပါတယ်။

နိုင်ငံရေးရည်ရွယ်ချက်အတွက် လူတစုရဲ့အကျိုးမဟုတ်ပဲ အများအကျိုးအတွက် နိုင်ငံရေးရည်ရွယ်ချက် အတွက် စစ်ရေးနဲ့ ဖြစ်စေ၊ လူထုလှုပ်ရှားမှုနဲဲ့ ဖြစ်စေ၊ အခြားသော နည်းလမ်းတွေနဲ့ ဖြစ်စေ လုပ်ဆောင်ကြတယ်ဆိုတာမျိုး အမြဲသတိချပ်ဖို့ လိုအပ်ကြောင်း အကြံပေး တိုက်တွန်းခြင်းဖြစ်ပါတယ်။
(Photo - ထားဝယ်ခရိုင် လောင်းလုံက စစ်တပ်နှင့်ကပ်လျက် ကျောင်း မီးလောင်၊ နေရာတကာသတင်းဂျာနယ်)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar