Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - မောင်လင်းရိပ်၊ နှင်းခါးမိုး၊ နေထက်နိုင်

Art - Than Htay Maung 

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
မေ ၃၁၊ ၂၀၂၁

-

စစ်ကြိုခေတ်ကဗျာတစ်ပုဒ်

အကြမ်းပတမ်း ဆင်းချလာတဲ့ ခေတ်ကို
အီဗီလေ ရပ်ကွက်က ပြည့်တန်ဆာမအိုကြီးတစ်ယောက်လို
မျက်လုံး ခပ်မှေးမှေးထားပြီး သွေးအေးအေး ကြည့်နေရတာ ပြည်သူလူထုလား
သြ ဒီဘဝမကုန်ခင် ဒါဟာ နောက်ထပ် တစ်ယောက်ပေါ့လေ
ယောကျ်ားမှန်သမျှ ဝက်တွေချည်းပဲ၊ အတူတူပဲ ဆိုတာ ဆမ္မားဆက်မွမ်ရဲ့ မိုးပစ္စုန်ဝတ္ထုထဲက 
ဟိုနိုလူလူရဲ့ မီးနီရပ်ကွက်က လာတယ်ဆိုတဲ့ မစ္စသွမ္မဆင်က ဇာတ်သိမ်းမှာ အားရပါးရပြောခဲ့တဲ့ ဒိုင်ယာလော့
“ဒီမိုးက မတိတ်တော့ဘူးလား” ဆိုတာကို ပဲ့တင်ထပ်မယ်
ဟင်္သာတမှာ ၅ ရက်တိတိရွာတဲ့ မိုးကို ကြုံဖူးတယ်
ကောင်းကင်မှာ တိမ်တွေကုန်ရင်တော့ ဘယ်မိုးနတ်မင်းကြီးကမှ ဆက်ပြီး မင်းမမူနိုင်
မင်းမူဟန် တစ်စက်မှ ရှာမတွေ့တဲ့ ခွေးခြင်္သေ့ရဲ့ ရုပ်လွှာကို နိုင်ငံပိုင်ချဲန္နယ်မှာ ရှာပါ
မျက်လုံး ခပ်မှေးမှေးထားပြီး သွေးအေးအေး ကြည့်ထားကြတာပ
စစ်သားမှန်သမျှ ဝက်တွေချည်းပဲလို့ ပြောမရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖူးရခါနီးပြီ
ဒီတစ်ခါ စစ်ချီသီချင်းတွေ တီဗီကလာရင် တံတွေးတပျစ်ပျစ် ဖြစ်ဖို့ မလိုလောက်တော့
အကြမ်းပတမ်းဆင်းချလာတဲ့ ခေတ်ကို 
အကြမ်းပတမ်းနင်းချေအဆုံးသတ်မယ့် စစ်ဟာ တဖျစ်ဖျစ်မြည်နေပြီ
ဒီနေ့ နေရာတကာက မီးပွားကလေးတွေဟာ ခေါင်းတစ်ရာဘီလူးဖြစ်တောင်
ပြာကျတဲ့ထိ ကျွမ်းလောင်မယ့် မီးပုံကြီး ဖြစ်လာတော့မယ်။


မောင်လင်းရိပ်
၂၀၂၁ မေ ၂၇
...

စစ်ပွဲအမှတ်သုံည


စစ်ကြီးဖြစ်ပြီဆို 
ဘယ်သူစ ပစ်သလဲက အရေးမကြီးတော့ဘူး
နောက်ဆုံးကျည်ဆံက ဘယ်သူ့အတွက်လဲပဲ အရေးကြီးတယ်၊

စစ်ကြီးဖြစ်ပြီဆို
အမှန်တရားအကြောင်းပြောဆိုခြင်းနဲ့
သေခြင်းတရားအကြောင်း တွေးတောခြင်းကို မေ့ထားလိုက်
အဲဒီ ၂ ခုရဲ့အရိပ်အောက်က ပြေးမှမလွတ်တော့ပဲ

စစ်ကြီးဖြစ်ပြီဆို
ပထမပေါက်ကွဲမှုနဲ့ နောက်ပေါက်ကွဲမှုတခုအကြားမှာ
အခုအလောင်းနဲ့ နောက်အလောင်းတခုအကြားမှာ
အသက်ရှုမှုတခုနဲ့ နောက်အသက်ရှုမှုတခုအကြားမှာ 
ငြိမ်းချမ်းရေးနဲ့ချစ်ခြင်းမေတ္တာကို မျက်ခြေမပြတ်စေနဲ့
မသေပဲကျန်ခဲ့နိုင်တာ ဒီ ၂ ခုပဲရှိတယ်၊

စစ်ကြီးပြီးပြီဆို
သူရဲကောင်းစာရင်းကိုလည်း သွင်းဖို့မမေ့နဲ့
တရားခံစာရင်းကိုလည်း ရှင်းဖို့မမေ့နဲ့
စစ်ကြီးကိုတော့ မေ့ပစ်လိုက်။

နှင်းခါးမိုး

...

ဗုံး​တွေ ကွဲ​နေတယ်
​ကျောင်းမသွားနဲ့ ​ကျောင်းနားထား 


ဘာလို့ လူ​တွေ ငို​ကြွေး မြည်တမ်း​နေရလဲ
ဘာလို့ ​​တော​တောင်​တွေထဲ ထွက်​ပြေး​နေကြလဲ 
ဘာလို့ ရရာလက်နက်နဲ့ ခုခံ ကာကွယ်​နေကြလဲ
ဘာလို့ ​ကျောင်း​တွေမှာ စစ်သား​တွေ ​စောင့်​နေကြလဲ 
ဘာလို့ မြို့​တွေထဲ ဗုံးတွေ ကွဲ​နေရတာလဲ
ဘာလို့ အ​မေ​တွေ သူတို့ သား/သမီး​တွေ အတွက် 
​သောက ဗ​လောင်ဆူ​နေရတာလဲ 
ဘာလို့ အိမ်​တွေထဲ ညဘက် သံပုံးတီး​နေကြလဲ 
ဘာလို့ လူ​တွေ လက်သုံး​ချောင်း ​ထောင်​နေကြလဲ 
နွေဦး​တော်လှန်​ရေး  
အ​ရေး​တော်ပုံ​ အောင်ရမယ် 
ပြည်သူ​တွေ မြို့ပြ လမ်း​တွေ​ပေါ်မှာ
စစ်အာဏာရှင် ​မောင်းထုတ်​နေကြတယ် 
​တောအရပ်​တွေမှာ ၊ တောင်တန်း​တွေမှာ ၊
ဘဝနဲ့ အသက်​တွေ ပေးပြီး 
လူထု​တွေ
စစ်အာဏာရှင်​ မောင်းထုတ် နေကြတယ် ။ 
ကဗျာဆရာ​တွေနဲ့ ​ နင့်​မောင်​လေး  ငါ့သားအရွယ်​
ကောင်လေး/ ​ကောင်မ​လေးတွေ 
လမ်းမ​တွေ​ပေါ် တိုက်ပွဲ ဝင်ရင်း​ သေ/
တချို့​ထောင်​တွေထဲ ​​ရောက်ကုန်ကြပြီ 
ပြည်သူ့ မျက်နှာကို မကြည့် 
မအလ​တွေ မိုက်တွင်း နက်လှချည့်လား ကွယ်တို့ 
​ခေတ်ဆိုးကြီး အ​ကြောင်း​တွေချည်း 
​ပြော​​နေရတာ အဆင်မ​ပြေဘူး 
ဓမ္မနံရံကို ထိမှန် ပြန်လာတဲ့
ပဲ့တင်သံမှာ 
အမှန်တရား ဘက်​တော်သား​တွေ အောင်ပွဲခံတဲ့
လူထု ရှိုက်သံ​တွေ ကြား​နေရပြီ မို့လား   ။ 

နေ ထက် နိုင်
မေလ ၂၇  ၃၀  ၂၀၂၁ 

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar