Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၃၀ ရက် မြောက်နေ့ မြင်ကွင်း

file photo - AP - 2015


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၃၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၃၀၊ ၂၀၂၁

မေလ ၃၀ ရက်နေ့လို့ဆိုလိုက်ရင် ဒီပဲရင်း လုပ်ကြံမှု နှစ်ပတ်လည်နေ့ကို ပထမဆုံး သတိရမိတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ် နယ်အသီးသီးကို စည်းရုံးရေး ခရီးစဥ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေ ထောက်ခံသူတွေကို အခုလို မေလ ၃၀ ရက်မှာ စစ်ကိုင်းတိုင်း ဒီပဲရင်းနယ်ထဲက ကျည်ရွာ အနီးမှာ လုပ်ကြံသတ်ဖြတ်ဖို့ စီစဥ်ခဲ့တဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ ကံအားလျော်စွာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ထိခိုက်ဒဏ်ရာ မရခဲ့ကြပေမယ့် ပါတီဝင်တွေ အသက်ဆုံးရှုံးတဲ့အထိ ရှိခဲ့ပြီး တချို့သောပါတီခေါင်းဆောင်တွေ ဒဏ်ရာ ရခဲ့ကြတာပါ။

ဒီအဖြစ်အပျက်တွေကို ပြန်ဖေါ်ထုတ်အမှတ်ရ ထုတ်ပြောနေတဲ့ အကြောင်းရင်းက အဲဒီလို လုပ်ကြံမှုတွေ၊ ရက်စက်တဲ့ ကြံစည်မှုတွေက စစ်အာဏာရှင် စနစ်နဲ့အတူ မြန်မာနိုင်ငံမြေပေါ်မှာ မပျောက်ကွယ်နိုင်သေးလို့ သတိအမြဲရှိနေဖို့ ပြန်ပြီး ထုတ်ဖေါ်ပြောနေကြတာဖြစ်ပါတယ်။ ဒီနေ့ ဒီလ၊ ဒီနှစ်ဆန်း စစ်အာဏာသိမ်းပြီးကတည်းက ဖြစ်ပျက်နေတဲ့ အဖြစ်တွေက ၈၈ ခုနှစ် အာဏာသိမ်းပြီးနောက် အုပ်ချုပ်တဲ့ စစ်အစိုးရလက်ထက်က လုပ်ခဲ့တာတွေနဲ့ ပြန်နှိုင်းစရာတွေ ဖြစ်နေပြီး တချို့သော လုပ်ရပ်တွေက အရင် စစ်အုပ်ချုပ်ရေးမှာ မလုပ်ခဲ့တာတွေကိုတောင် ခုတကြိမ်မှာ အဆင်ခြင်မဲ့စွာ လုပ်နေတာတွေမို့လို့ စစ်အာဏာရှင်စနစ်က နောက်ဆုံး အချိန်ကိုရောက်နေပြီလားလို့ ယူဆကောက်ချက်ချစရာ ဖြစ်ပါတယ်။

ဖမ်းဆီးတဲ့အခါ မှာ လူပုံအလယ်မှာ ရိုက်နှက်တာ အသက်ဆုံးရှုံးသည်အထိ ရိုက်နှက်သတ်ဖြတ်တာ လမ်းမမှာတင် ဖမ်းမိပြီးမှ ဒဏ်ရာရပြီးမှ သေနတ်နဲ့ အသေပစ်သတ်တာမျိုးတွေက စစ်မြေပြင် လက်နက်ချင်းတိုက်ပွဲမှာတောင် မလုပ်ရဘူးလို့ သတ်မှတ်ထားတဲ့ အရာတွေကို မြို့ပေါ်မှာ လမ်းလည်မှာ တဖက်က လက်နက်ကိုင်မဟုတ် ဆန္ဒပြသူ​ အလွန်ဆုံး ခဲနဲ့ ပေါက်တာလောက် တုံပြန်တဲ့ လူထုကို လမ်းမလယ်မှာ ရိုက်နှက် သတ်ဖြတ်တာတွေက အရင် စစ်အစိုးရထက် ပိုဆိုးရွားလွန်းတဲ့ လုပ်ရပ်တွေ လုပ်နေတာလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန္ဒပြမှုနဲ့မဆိုင် နိုင်ငံရေး ခုခံမှုထဲ မပါတဲ့ အိမ်တွေဆိုင်တွေက ပစ္စည်းတွေကိုလည်း သေနတ်အားကိုးနဲ့ လုယူတာ သိမ်းယူတာ၊ ဖျက်ဆီးတာတွေက အရင့် အရင်က တခါမျှ မကြုံဘူး မတွေ့ဘူးခဲ့တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။

အခုတော့ တိုင်းရင်းသားကျေးရွာတွေတင်မကပဲ လုယက်မှု ၊ သတ်ဖြတ်မှုတွေက မြို့တွေပေါ်ကို ရောက်လာပါပြီ။ ဒီလိုဆိုးရွားလှတဲ့ ဂုဏ်သတင်းနဲ့ ပြည့်စုံတဲ့ စစ်ကောင်စီ တပ်မတော်ကြီးကို လူထုက ရွံ့ရှာ စိတ်ပျက်နေပြီဖြစ်ပါတယ်။ စစ်ကောင်စီလို့ နာမည်ပေးထားပေမယ့် အမှန်တော့ လူသတ်၊ ဓါးပြ၊ လုယက်တဲ့ လက်နက်ကိုင် အဖွဲ့သာဖြစ်နေပါပြီ။ စစ်တပ်ဟာ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှု၊ သယံဇာတ၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေ အများစုကို ချုပ်ကိုင်ထားတာ ဆယ်စုနှစ် ၄၊ ၅ ခုကျော်ခဲ့ပြီး တိုင်းပြည်ရဲ့ သယံဇာတ ပိုင်ဆုိင်မှုတွေကို ထိပ်ပိုင်း ခေါင်းဆောင်တွေက အညွန့်ခူးစားပြီး အောက်ခြေတပ်သားတွေက လုံလုံလောက်လောက် မရှိတဲ့အခြေအနေနဲ့ တိုက်ခိုက်ခိုင်းကာ တိုင်းရင်းသားနယ်မေြတွေမှာ တိုက်ခိုက်တဲ့အခါ ကျေးရွာတွေမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေထံက လုယက် ယူခွင့်ပေးထားခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံတနုိင်ငံရဲ့ လက်နက်ကိုင် တပ်မတော် ၊ ကာကွယ်ရေးတပ်မတော် အဖြစ်နဲ့ ဂုဏ်သိက္ခာ မဆည်နိုင်တော့တဲ့ တပ်လည်း ဖြစ်နေပြီဖြစ်ပါတယ်။ အခုအချိန်အခါဟာ တပ်မတော် ပြုပြင်ရေးဆိုတာကို လုပ်ဆောင်ဖို့ အခွင့်အလမ်းနဲ့ အချိန်မရှိတော့ပါဘူး။ ဒီတပ်ကို ဘယ်လို ဖျက်သိမ်းပစ်နုိင်မလဲ ဆိုတဲ့ လမ်းကြောင်းပေါ် လူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့က ဦးတည် ပြင်ဆင်လုပ်ေဆောင်နေကြပြီလို့ပဲ ဆိုရပါမယ်။

ဒီလမ်းစဥ်ကို ရွေးချယ်လိုက်ကြခြင်းဟာ မြန်မာနိုင်ငံအဖို့ ပြည်တွင်းစစ်မီး အရှိန်မြင့်စွာ တောက်လောင်ဖို့ ဦးတည်နေတယ်လို့ ဆိုမယ်ဆို ဆိုနိုင်ပါတယ်။ သို့ပေမယ့် စစ်ကောင်စီက နောက်ဆုတ်အညံ့ခံခြင်းကိုရွေးချယ်မှသာ ရှောင်လွှဲနိုင်မယ်လို့ ထင်မြင်မိပါတယ်။ သမိုင်းအချိုးအကွေ့မှာ စစ်အာဏာသိမ်းမှု၊ ရက်စက်တဲ့ ဖြိုခွဲမှု သတ်ဖြတ်မှု၊ အပြစ်မဲ့သူတွေ ကလေးသူငယ်တွေကိုပါ မရှောင် ပစ်သတ်ခဲ့တာတွေက မြန်မာနိုင်ငံရဲ့ သမိုင်းကို အရုပ်ဆိုး အကျည်းတန်စေခဲ့ပြီဖြစ်ပါတယ်။

အခု ဒီဆောင်းပါးမှာ ၂၀၀၃ မေ ၃၀ ဒီပဲယင်းနှစ်လည်နဲ့ ဆက်စပ်ပြီး ရေးရတဲ့ အချက်ထဲမှာ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်ကြီးကို တရားဥပဒေနဲ့အညီ စီရင်နိုင်ရေးအတွက် ပြည်သူလူထုကြီးတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ဘက်က ရပ်တည်ပြီး စောင့်ဆိုင်းခဲ့ကြတယ်။ ဒေါ်စုက အမျိုးသားပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့ရေး သင်ပုန်းချေရေးကို သူမတဦးတည်း ဆန္ဒဖြင့် ရွေးချယ်ခဲ့တယ်။ အဲသည်မှာ မြန်မာပြည်သူတွေကော နိုင်ငံတကာကပါ ဒီပဲယင်းလုပ်ကြံမှု တရားစီရင်နိုင်ရေးကို အလျော့ပေးခဲ့ကြတယ်။ အဲသည်လိုပဲ ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး မျှတသောတရားစီရင်ရေးကို ပြည်သူတွေက မျော်လင့်ခဲ့ကြပေမယ့် ဖြစ်မလာခဲ့ပါဘူး။ စစ်အုပ်စုအသာစီးယူထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်အုပ်စုအလိုကျ တရားစီရင်ရေးက ရှေ့နေကြီးဦးကိုနီလုပ်ကြံသူတွေဘက်လိုက်ပြီး ပြစ်ဒဏ်ကို နိမ့်ချစီရင်ခဲ့တယ်လို့ လူတွေက မှတ်ချက်ပြုခဲ့ကြတယ်။ ဒေါ်စုက ဘာမှ မှတ်ချက်မပေးတဲ့အတွက် ဘာမျှ ပြည်သူတွေက တုန့်ပြန်ခြင်း မပြုခဲ့ပါဘူး။ သည်လိုနည်းတွေနဲ့ ဒေါ်စုက ရခိုင်လူမျိုးရေးအရေးအခင်း၊ ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု စတဲ့ အငြင်းပွားဖွယ် ပဋိပက္ခတွေမှာ စစ်အုပ်စုဘက်က ရပ်တည်ပေးတယ်လို့ အကဲခတ်တွေ မြန်မာ့အရေးလှုံဆော်သူတွေက ဝေဖန်ခဲ့ကြပါတယ်။ ပြည်သူတွေက ခပ်မဆိတ်နေခဲ့ကြပါတယ်။

သည်တခါ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီ ဖက်ဆစ်တပ်တွေက ကျားမ လူကြီးလူငယ် ကလေး လူတန်းစား အစုအဖွဲ့မရွေး အကုန်လုံးကို သူတို့အာဏာရှင်အကျိုးစီးပွားဘက်ကကြည့်ပြီး သတ်ဖြတ်နင်းချေ နှိပ်စက် ချေမှုန်းလာတဲ့အခါမှာတော့ဖြင့် ပြည်သူတွေ တရပ်လုံး တိုင်းရင်းသားတွေ အားလုံးက ရန်ငါစည်း တခါတည်း ပြတ်သွားပါတော့တယ်။ ပြန်လည်သင့်မြတ်ရေးတွေ၊ ရင်ကြားစေ့ရေးတွေ၊ သင်ပုန်းချေရေးတွေ တခုမှ မရှိတော့ပါဘူး။ လူထုတရပ်လုံးက စစ်အာဏာရှင်စနစ် စစ်အုပ်စုအားလုံး တမျိုးလုံး အမြတ်ပြတ် ချေမှုန်း သုတ်သင်ရေးပဲ ဆုံးဖြတ်ချက် ကျသွားပါတယ်။ သည်အတွက် စိတ်ဓာတ်လက်နက်သာမက လက်နက်မျိုးစုံ နည်းမျိုးစုံကို စွဲကိုင်ပြီး ဖက်ဆစ်တွေကို အပြတ်တွန်းလှန် တိုက်ခိုက်အနိုင်ယူဖို့ပဲ ရှိတယ်လို့ ပြည်သူတွေက သန္နဌာန်ခိုင်မိုင်သွားပြီ ဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးကို တောင်းဆိုနေဆဲ ပြည်သူတွေကိုယ်တိုင်က ဖက်ဆစ်တွေအပေါ်ကို အမှန်တရားဘက်ကရပ်တည်သော ဥပဒေများဖြင့် တရားစီရင်ပြီး အရေးယူအပြစ်ပေး ဖယ်ရှားခြင်းကိုသာ ရွေးချယ်ချီတက်နေကြပြီဆိုတာကို မှတ်တမ်းတင် ရေးသားလိုက်ပါကြောင်း။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar