မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ဟာရှိန်း ။ ကိုငြိမ်းချမ်း (တံတားဦး)
မိုးမခ မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
မေ ၂၈၊ ၂၀၂၁
-
အထိနာတဲ့ရှင်သန်မှု
ကျင့်သားရနေတော့လည်း
မျက်ရည်ကိုအလွတ်ရတယ်
လမ်းကိုအလွတ်ရတယ်
တောင်တန်းတွေပေါ် ဖြတ်သွားတော့
မိုးတွေသည်းလို့ပါပဲ
ကျနော်သိလိုက်ပါတယ်
ကျနော့်ရဲဘော်တယောက်ယောက်တော့
သူရဲကောင်းတို့ဘုံဗိမ္မာန်ကို ရောက်နှင့်နေပြန်ပြီပေါ့။
ဒီလိုနဲ့
ရောက်ရာအရပ်မှာပဲ မျက်ရည်ကိုတောက်ထုတ်ပစ်လိုက်ရတယ်
အံသွားကိုစေ့ပစ်လိုက်ရတယ်
လက်သီးကိုသွေးထွက်မတတ်ဆုပ်ထားလိုက်ရတယ်
နှလုံးသားကို တင်းမာပစ်လိုက်ရတယ်
စိတ်ဓာတ်ကို ပိုခိုင်မာအောင် အားတင်းထားလိုက်ရတယ်
အသက်ရှင်နေမှုထက်ပိုလေးမြတ်တဲ့ စွန့်ဝံ့ခြင်းကို
တိကျသပ်ရပ်စွာအလေးပြုလိုက်ရတယ်။
မျက်ရည်ကိုအလွတ်ရပြီးသည့်နောက်
ငါတို့မငိုတတ်တော့ပါဘူး။
ဟာရှိန်း
#ကျဆုံးရဲဘော်များသို့...
...
ခက်သီကိုသေချာတွေ့ကြရဲ့မဟုတ်လား
တရက်က
ခက်သီ အိမ်ကိုရောက်လာတယ်
ငါတို့ သောက်ကြမယ်ကွာတဲ့
မှတ်မှတ်ရရ
လူဘုန်းမင်္ဂလာဆောင်ကအပြန်
ပြင်ဦးလွင်ကနေ
ဆိုင်ကယ်မှောက်ပြီး လက်ကျိုးပြန်လာခဲ့တဲ့ရက်ကပေါ့ ...
ခက်သီက ဖုန်းဆက်တယ်
ငြိမ်း ရေ
အဆင်ပြေရဲ့လား
မင်းထွက်မလာနိုင်လို့
ငါထွက်လာခဲ့ပြီ
မင်းလက်ဟာ ငါ့လက်
အမြဲ ချိတ်ဆက်ထားဖို့လိုတယ်တဲ့ ...
တရက် နှစ်ရက် သုံးရက် ...
...
...
သူ့လမ်းဟာ ကိုယ့်ဆီ
သူ့ခြေတွေ လှမ်းလို့
သူ့လက်တွေ ကမ်းလို့
လက်တွေက လက်ကြောင့် သန်မာလာတယ် ...
ဟင်း အတူချက်ကြတယ်
ပခုံးအတူ ဖက်ကြတယ်
အရက် အတူသောက်ကြတယ်
လက်တွေဟာ လက်ကြောင့် သန်မာလာတယ် ...
ခက်သီ ပြန်သွားတယ်
ခက်သီ ပြန်လာတယ်
လက်တွေဟာ လက်ကြောင့် သန်မာလာတယ် ...
ငြိမ်း ရေတဲ့
ခက်သီက ဖုန်းဆက်တယ်
အိုကေပါ ခက်ရေ
လက်တွေဟာ လက်ကြောင့်သန်မာလာတယ် ...
အမှောင်ခေတ်ကြီးထဲ
ကဗျာတွေနဲ့ မြဲမြဲဆွဲထားကြ
လွတ်ကျသွားတဲ့ အသံတွေမှာ
အံကို တင်းတင်းကြိတ်ကြရင်း ...
လွှတ်မချကြဘူး
ဇွတ် မအ ကြဘူး
ခွပ်ကို ခွပ်မှ အစဥ်လှနေမယ့် ဒေါင်းတွေ ...
ငြိမ်း ရေ
အသက်ကို ပုံအပ်ပြီးပြီတဲ့
သူ့ စကားလုံးတွေမှာ
ဆွံ့အရ အခါခါ ...
ပြီးခဲ့တဲ့ညမှာ
လူကို ခွေးကဆွဲ
တို့တွေ ဝမ်းနည်းခဲ့ကြရတယ် ...
နောက်တနေ့မနက်ကျ
မသေတဲ့ ကဗျာသတင်းကြားရ
မကြွေတဲ့ ကြယ်သတင်းကြားရ
တို့တွေလည်း လက်သီးတွေကျစ်ကျစ်ဆုပ်
ဟန်မလုပ်နိုင်တဲ့ မျက်ဝန်းတွေနဲ့ ဝေရီ ...
ပြီးခဲ့တဲ့မနက်ဆီက
အာဏာရှင် စောက်ခွက်ကို
တံတွေးနဲ့ သေချာထွေးပက်ဖြစ်ခဲ့တယ်မလား ခက်ရေ ...
ပြီးခဲ့တဲ့ နေ့ဆီက
အာဏာရှင်စရိုက်ဆိုးကို
လက်ညှိုးနဲ့ သေချာငေါက်ငေါက်ထိုး
ပိုးစိုးပက်စပ်
ဖွင့်ချဖြစ်ခဲ့တယ်မလား ခက်ရေ ...
ပြီးခဲ့တဲ့ ရက်ဆီက
ဖက်ဆစ်အမှောင်တိုက်ရဲ့
အလစ်ချောင်းရိုက်ခံခဲ့ရတဲ့ညမှာ
အငိုက်မိ အံကြိတ်
ရဲဘော်တွေအတွက် တမင်တကာ အသက်ပေးခဲ့လေသလား ခက်ရေ ...
ပြန်ဆုံကြမယ် ကပ်ကြီးပြီးရင်တဲ့
တို့တွေမှာ တော်လှန်ရေးပိုးမွှားတွေ မျိုးပွားလို့
ပြန်ဆုံကြမယ် ခေတ်ကြီးပြောင်းရင်တဲ့
တို့တွေမှာ အထုထောင်းခံခဲ့ရတဲ့ ခေါင်းတွေကြေမွ ...
တို့တွေဟာ ခက်သီကို တွေ့ရှိခဲ့ကြ
သမိုင်းလှတဲ့ သူရဲကောင်းအာဇာနည်အဖြစ် ...
အသစ်တွေ ဟောင်းသွားလည်း
အဟောင်းတွေက အသစ်ပါပဲ ...
ခက်သီဟာ ခက်သည်
မေ့ဖို့ရာ မလွယ်ဘူး ...
ခက်သီက ပြန်လာမယ် ပြောခဲ့တယ်
ပြန်ရှာစရာမလိုတဲ့ လိပ်စာက အတိအကျ
တို့တွေလည်း မျှော်မိနေဆဲ ...
သူဟာ ကဗျာအဖြစ်
သူဟာ မဟာအဖြစ် ...
ခက်သီက ရှိနေဆဲပဲ
ကဗျာတွေလည်း ရှိနေဆဲပဲ ...
ခင်ဗျားတို့
ခက်သီကို အသေအချာတွေ့လိုက်ကြရဲ့ မဟုတ်လား ... ။ ။။။
ကိုငြိမ်းချမ်း (တံတားဦး)
#ခက်သီ သို့
ရင်နှင့်အမျှ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar