Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၇ ရက် မြောက်နေ့ မြင်ကွင်း

photo - Chin World


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၂၇၊ ၂၀၂၁

ရေရှည်တော်လှန်ရေး အတွက် စိတ်ဓါတ်ပြင်ဆင်ကြဖို့


ခု စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ တော်လှန်ရေး၊ ဖက်ဒရယ်စနစ်တည်ဆောက်ဖို့သဘောတူ ပြင်ဆင်ကြတဲ့ တော်လှန်ရေးရဲ့ ရလဒ်ကို သီတင်းပတ်နဲ့ အဆုံးအဖြတ်ပေးနိုင်မလား၊ လနဲ့ အဆုံးအဖြတ်ပေးနိုင်မလား သို့မဟုတ် နှစ်နဲ့ အဆုံးအဖြတ်ပေးနိုင်မလား ဆိုတာ ခုချိန်မှာ ဘယ်သူမှ တိတိပပ မပြောနိုင်ဘူးလို့ ထင်ပါတယ်။

ဘယ်တော့ အပြောင်းအလဲဖြစ်လာမလဲ ဆိုတဲ့ အချိန်ကာလကို တိတိပပ မပြောနိုင်သေ်ာလည်း စိတ်ခံစားမှု ဖြစ်ချင်တဲ့ ဆန္ဒသက်သက်နဲ့မဟုတ်ပဲ အတိတ်က သမိုင်း၊ နိုင်ငံတကာရဲ့ သာဓက၊ မြန်မာနိုင်ငံရဲ့ သမိုင်းတွေကို ပြန်သုံးသပ်ပြီး ခန့်မှန်းကြည့်ရင်တော့ ရေရှည်တော်လှန်ရေး ဖြစ်လိမ့်မယ်လို့ မှန်းဆမှုတွေရှိကြတယ်လို့ ဆိုရမယ့် သဘောပါ။

အခုလို ပြောတာဟာ လက်ရှိတော်လှန်ရေးကို စိတ်ဓါတ်ကျအောင် စိတ်ပျက်အောင် ပြောဆိုတာမဟုတ်ပါ။ ခေတ်တခုပြောင်းဖို့ စနစ်တခုပြောင်းဖို့ တော်လှန်ေရး လုပ်ကြရာမှာ လနဲ့ နှစ်နဲ့ အကယ်၍ အခြေအနေရဲ့ အားသာမှု နည်းခဲ့ရင် နှစ်အတန်ကြာ သို့မဟုတ် ဆယ်စုနှစ်အထိ တိုင်သွားကြတာတွေလည်း သမိုင်းမှာ ရှိကြတာမို့ တော်လှန်ရေး မှာပါဝင်သူတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေး ရဲ့ ရုပ်ဝတ္တုဖြည့်ဆည်းမှုအတွက် ပြင်ဆင်မှုတွေ က ရေရှည်ကို တွက်ချက်ပြီး ပြင်ဆင်ကြရမယ်လို့ ဆိုချင်ပါတယ်။

ကျနော်တို့ ခေတ်သစ် မြန်မာ့သမိုင်းသင်ကြားခဲ့ကြရာမှာ ဒုတိယကမ္ဘာစစ်မီးမြန်မာနိုင်ငံကို စတင်ကူးစက်မလာမီ ရဲဘော်သုံးကျိပ်က ဂျပန်နိုင်ငံမှာ စစ်ပညာ သွားသင်ယူကြပြီး ဂျပန်နိုင်ငံကလည်း အရှေ့တောင်အာရှကို သိမ်းယူဖို့ မဟာဗျူဟာအရင် ပြင်ဆင်စတင်တိုက်ခိုက်ချိန် နဲ့ ရဲဘော်သုံးကျိပ်က ထိုင်းနိုင်ငံမှာ ဖွဲ့ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်ထူထောင်ကာ ဂျပန်တွေနဲ့အတူ မြန်မာနိုင်ငံကို တောင်ပိုင်းမှ စတင်ဝင်ရောက်ပြီးသိမ်းယူခဲ့ကြပါတယ်။

ထိုခေတ်အခါက နိုင်ငံသိမ်းတိုက်ပွဲကို လအနည်းငယ်အတွင်း မြို့တမြို့ပြီးတမြို့ သိမ်းယူခဲ့သည့် သမိုင်း အဖြစ်အပျက်တွေကို ကျနော်တို့ ငယ်စဥ်က သမိုင်းစာအုပ်တွေမှာ သင်ယူခဲ့ပါတယ်။ အဲလို သင်ယူရာမှာ ဗမာ့လွတ်လပ်ရေး တပ်မတော်ရဲ့ အင်အားကြောင့် မြန်မာနိုင်ငံကို မြန်မြန်ဆန်ဆန် သိမ်းယူနိုင်ခဲ့တယ် ဆိုတဲ့ မှတ်ယူမှုမျိုး နားလည်မှုမျိုးလည်း ရှိခဲ့ကြပါတယ်။

ထိုအချိန်က မြန်မာနိုင်ငံကို လပိုင်းအတွင်း တမြို့ပြီးတမြို့ သိမ်းယူနိုင်ခဲ့တာဟာ ကမ္ဘာစစ်ဖြစ်ပွားသည့် ဖြစ်စဥ်ကြီးထဲမှ စစ်အင်အား နောက်ခံဖြင့် ဖြစ်ပျက်ခဲ့ခြင်းမျိုး ဖြစ်တယ်လို့ နောက်ပိုင်း သမိုင်းကို သေသေချာချာဖတ်ရှု နားလည်သည့်အခါတွင် သဘောပေါက်မိပါတယ်။

ထို့ကြောင့် ယခုတော်လှန်ရေး ကို ရေရှည်တော်လှန်ရေး သဘောဟု မှန်းဆနားလည် သင့်တယ်လို့ ထင်ပါတယ်။

စစ်ရေးတခုထဲနဲ့ တော်လှန်တာမျိုး မဟုတ်ပဲ အတွေးအခေါ်အရ၊ စံနှုန်းအရ အယူအဆအရ ခံယူထားတဲ့ အယူဝါဒ အရပါ တော်လှန်တဲ့ အတွေးအခေါ် တော်လှန်တဲ့ အယူအဆ ၊ စံနှုန်းတွေ ဖြစ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ လူမျိုးစု အရေး ကိစ္စတွေနဲ့ ပတ်သက်လို့ တိုးတက်သည့် အတွေးအမြင် ရှိဖို့လိုအပ်သလို ဖက်ဒရယ် ကိစ္စနဲ့ပတ်သက်လျင်လည်း တိုးတက်သည့် အမြင်ရှိဖို့ လိုတယ်လို့ ထင်ပါတယ်။ တနည်းအားဖြင့် အယူအဆအရ ခံယူမှုအရ ကျင့်သုံးမှုအရ တိုးတက်သော အမြင်ရှိဖို့ ပြင်ဆင်ကြဖို့ လိုမယ်လို့ ထင်ပါတယ်။

ကျနော်တို့ ရည်မှန်းတဲ့ အသစ်သော အုပ်ချုပ်မှု၊ အသစ်သော နိုင်ငံရေး စနစ်ဟာ စစ်အာဏာရှင်စနစ် မဟုတ်ယုံမျှမကပဲ တိုးတက်သော စနစ်၊ လူလူချင်း တန်ဖိုးထားသော တရားမျှတမှုကို ကျင့်သုံးသော လူသားချင်း တန်းတူအခွင့်အရေး ရှိသော ၊ ကျားမခွဲခြား ဆက်ဆံမှုမရှိသော ၊ ယဥ်ကျေးမှု ကိုးကွယ်ရာ ဘာသာမတူတာကြောင့် ခွဲခြားမှု မရှိတဲ့ စနစ်ဖြစ်ဖို့ ခုကတည်းက ရည်မှန်းချက် ထားသလို ကျင့်သုံးနိုင်တဲ့ နယ်မြေတွေမှာ လက်တွေ့ ကျင့်သုံး ရမယ်လို့ မြင်ပါတယ်။

ရေရှည် တော်လှန်ရေးမှာ သက်လုံကောင်းဖို့လည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ တလ တနှစ် နဲ့ တော်လှန်ရေး အောင်ပွဲ ရချင်မှ ရမယ်ဆိုတာလည်း တွေးထားဖို့ လိုတယ်လို့ ယူဆပါတယ်။ အနာဂတ်အပေါ် အကောင်းမြင်ဖို့လိုသလို လက်ရှိပစ္စုပ္ပန်မှာလည်း သာတူညီမျှ မျှဝေ ခံစားကြဖို့ စိတ်ထားနဲ့ သွားကြရဖို့ အရေးကြီးပါတယ်။

တဖက်မှာ ဆိုးယုတ်မှု အနိုင်ကျင့်မှု၊ လုယက်မှု၊ နိုင်ထက်စီးနင်း သတ်ဖြတ်မှု လုယက်မှု အကျဥ်းချမှုတွေ လုပ်နေသလောက် ကိုယ့်ဘက်က စစ်ရေး ရည်မှန်းချက်ကလွဲပြီး အနိင်ကျင့်မှု လုယက်မှု နိုင့်ထက်စီးနင်း သတ်ဖြတ်မှုတွေကို မလုပ်ဖို့လည်း ပိုင်းဖြတ်ထားဖို့ လိုတယ်လို့ ယူဆမိကြောင်းပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar