Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - မောင်သစ်ကြည်၊ လင်းနွေးအိမ်

Art - Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
မေ ၂၉၊ ၂၀၂၁
အနာဂတ်ကိုဘယ်လိုဖြတ်သန်းကြမလဲ


ပစ္စုပ္ပန်ဟာ
ဇစ်ဖြုတ်ပြီးဆောင့်ကြောင့်ထိုင်နေတယ်

စစ်ကြေညာပြီးမှ
ရှောင်လွဲလို့မရတဲ့စစ်ပွဲနဲ့
အသက်ကိုလောင်းကြေးထပ်သူတွေက
ဂငယ်ကွေ့ ကွေ့လို့မရ
ကတိမတည်သူတွေရဲ့
မုသာဝါဒ ရောနှောထားသော နွားနို့

ထိပ်တန်းလျှို့ဝှက်
အောက်ခြေ ဗလာကျင်း

ဘဝင်မြင့်ခြင်းအိပ်မက်ကစိတ်ရဲ့ရူးသွပ်ခြင်းပေါ်မှာ
ကိုးရိုးကားရား

အနီထဲကကြယ်ဖြူပွင့်ဟာ
တော်လှန်ရေးရဲ့အလင်းလက်ဆုံးကြယ်ဖြစ်ပြီး
သတ္တိသွေးအားလုံးဟာ
အနီရောင်အလံပေါ်မှာ သိပ်သည်းကျစ်လျစ်

မေလဟာ ဒုတိယသုံးလမြောက် မီးရှုးတိုင်ဖြစ်တယ်
ခန္ဓာကိုယ်နှလုံးသားနေရာမှာ အသက်ဓာတ်
တော်လှန်ရေးဟာ လွတ်မြောက်နယ်မြေ
ဖျတ်ခနဲ..ဖျတ်ခနဲ..မြို့ပြတိုက်ပွဲများ

အဲဒီအချိန်ဝိုးတဝါး စက္ကန့်တိုင်းဟာ
အရုဏ်ဦးမှာ ရောင်နီဖူးပွင့်လာပြီ

အချိန်ဟာ
နေထွက်ခြင်းကို တားလို့မရတဲ့တိမ်တိုက်ဖြစ်တယ်

ဒဏ်ရာဟောင်းတွေရဲ့အတိတ်ဟာ
အရိပ်မည်းထိုးကျလာတဲ့အခါ

ငါတို့
အနာဂတ်ကို ဘယ်လိုဖြတ်သန်းကြမလဲ ။   ။

မောင်သစ်ကြည်
၂၆ရက်မေလ၂၀၂၁

...

နွေဦးတော်လှန်ရေးနဲ့ရုပ်နာမ်တရား

ဗုဒ္ဓတရားအရ
လူမှာ ရုပ်နဲ့နာမ် နှစ်ခုနဲ့ဖွဲ့စည်းထားတော့
ရုပ်က အမေရိကမှာရှိနေပြီး
နာမ်က မြန်မာပြည်မှာရှိနေတယ်။

ခြေလှမ်းတိုင်းမှာ 
အဓမ္မတွေကျဆုံးပါစေလို့
တရားမှတ်တယ်။

ပါးစပ်ထဲထည့်လိုက်တဲ့ ထမင်းလုပ်တိုင်းမှာ
စစ်ပြေးဒုက္ခသည်တွေ
စားနပ်ရိက္ခာရပါစေလို့ဆုတောင်းတယ်။

အမေရိကက သေနတ်ဆိုင်ရှေ့ရောက်တိုင်း
ဂျန်ဇီတွေကို သတိရတယ်။

လင်းနွေးအိမ်
မေ ၂၈ ၂၀၂၁၊
-

လရောင်အောက်ကတော်လှန်ရဲဘော်များ

ဘာမှမမှုတဲ့ စိတ်က
အမှောင်ကိုခွင်းဖို့ အလင်းရောက်လာပြီ
နိုင်ငံတော်သစ်ဆီသို့ ကတိစကားက
သွေးသစ္စာနဲ့အတူ
မိစ္ဆာတွေအသက် ပေးဆပ်ဖို့သာ....
ငါတို့ညီနောင်တွေ
ငါတို့သွေးချင်းတွေ
ငါတို့မိတ်ဆွေသင်္ဂဟတွေရဲ့မျက်ရည်တွေ
အသက်တွေ
မေ့မထားတဲ့ နှလုံးသားက
သွေးကြွေးကိုဆွေးနွေးစရာမရှိရာဇဝင်အဖြစ်
သစ္စာတို့ ကမ္ဘာတည်စေ
အဓမ္မလမ်းကိုဖျောက်ဖျက်ဖို့
ဓမ္မလမ်းနဲ့မီးတောက်ကိုထွန်းညှိ
ငါတို့ရဲ့တရားသောစစ်က
ငါ့တို့ရှေ့က ရန်သူ အမြစ်ဖြတ်ဖို့
တခုတည်း
ငါတို့နောက်မှာ ပြည်သူတွေရဲ့နှလုံးသားရှိတယ်
အောင်လံတော်ကိုလွင့်ထူရင်း
နွေဦးကို ဒီတော်လှန်ရေးနဲ့အရယူမယ်။       ။

မိုးခါး
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar