Breaking News

သီအို‌ဇော် - ဓါးသွေး အားမွေးပြီး တလှေထဲစီး တခရီးထဲသွား



သီအို‌ဇော် - ဓါးသွေး အားမွေးပြီး တလှေထဲစီး တခရီးထဲသွား

(မိုးမခ) မေ ၂၉၊ ၂၀၂၁

ခေါင်းစဥ်ကိုကြည့်ပြီး စိတ်ဓါတ်ခွန်အား တက်ကြွစေဖို့ လှုံ့ဆော်ရေးသားတဲ့ဆောင်းပါးတစ်ပုဒ် လို့ထင်ကောင်း ထင်နိုင်ပါတယ်။ အမှန်ကတော့ ရွေးကောက်ပွဲသစ်ဆိုတဲ့ ရုပ်သေးစင်မြင့်မှာ PR ယိမ်းနဲ့ ပရိသတ်လက်ခုပ် သံ ဘယ်လိုခြူရပါ့ ဆိုပြီး ကသောကမျော စဥ်းစားခန်း ဝင်နေကြသူများ၊ ဆိုင်းသံ ဗုံသံလေးများကြားရင် ထိုင်ရမလို ထရမလို၊ ငိုရမလို ကရမလို ဖြစ်တတ်တဲ့ ပွဲကြိုက်ခင်၊ ပွဲကြိုက်မောင်များကို စတင်တွေ့မြင်လာ ရတဲ့အတွက် ရည်ရွယ်ရေးသားလိုက်ရခြင်းပါ။ ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်ခဲ့သူများက ပြည်သူ တစ်ရပ်လုံးရဲ့နောက်ကျောကိုထိုးမယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ ဓါးတုံးကို ပိုမိုချွန်မြလာအောင် စေတနာ့ဝန် ထမ်း ဝင်သွေးပေးမိတာမျိုးလည်း မဖြစ်စေချင်လို့ပါ။ နောက်ကျောကထိုးတဲ့ဓါး ဆိုပေမယ့် အရှေ့ကပြည်သူ ရဲ့ နှလုံးသည်းပွတ်အထိ ထိုးဖေါက်ပေါက်ထွက်သွားအောင် မိုက်မိုက်မဲမဲ ကြံရွယ်ထားကြတာကိုတော့ သံသယရှိစရာမလို။ ပြည်သူလူထုရဲ့ဆန္ဒကိုကျောခိုင်းပြီး သွေးပင်လယ်နဲ့မျက်ရည်မြစ်ထဲ ရူးရူးမူးမူး လှော်ခတ်သွား မယ့် လှေဝမ်းပေါက်နဲ့တော့ အစဥ်အလာရှိကြတဲ့ ဒီမိုကရေစီဘက်တော်သားများကို လိုက်ပါမသွားစေချင်ပါ ဘူး။

ဒီရက်ပိုင်းမှာ ရွေးကောက်ပွဲသစ်နဲ့ PR စံနစ်အကြောင်း နှပ်ကြောင်းပေး အယုံသွင်းဖို့ မရိုးမသားကြံစည် လာကြပါတယ်။ ပြည်သူလူထုအများစုကတော့ အကြမ်းဖက်စစ်အုပ်စု စီစဥ်တဲ့ ရွေးကောက်ပွဲကို မည်သည့်ပုံစံ နဲ့ ပဲကျင်းပ ကျင်းပ ယုံကြည်လက်ခံကြမှာမဟုတ်ပါဘူးဆိုတာ သိထားပေမယ့် မကြာမီကာလတွေမှာ အချို့ အ ချို့သော မဲဆန္ဒရှင်များနဲ့ ဒူးမခိုင်သော နိုင်ငံရေးသမားများကြား ပိုမိုဝေဝါးသွားအောင် PR စံနစ် ဘုန်းတော်ဘွဲ့ တွေနဲ့ ဂျင်းထည့် သပ်လျှို လာအုံးမှာသေချာပါတယ်။ အခုပြောလာတဲ့ PR စံနစ် အခြေပြုတဲ့ရွေးကောက်ပွဲ သစ် ဆိုတာ မျက်မှောက်ကာလအတွက် နိုင်ငံရေးလုပ်ကြံမှုတစ်ခုလည်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံရေးအသက်ရှုပေါက် ရလိုရငြား လှည့်ဖျားကြိုးစားနေမှုကို လုံးဝမအောင်မြင်စေဖို့ အားလုံးက ဝိုင်းဝန်း ဆန့်ကျင်ကြရပါမယ်။

တကယ်တော့မရေးချင်ဆုံးဆိုတဲ့ အကြောင်းအရာတွေထဲမှာ Proportional Representation Voting System (PR) - (ပီအာရ် - အချိုးကျကိုယ်စား ပြုစနစ်) ထိပ်ဆုံးက ပါပါတယ်။ ဘာ့ကြောင့် မရေးချင်ရတာလဲဆို‌တော့ လက်ရှိမြန်မာနိုင်ငံရဲ့ First-Past-the-Post Voting System (FPTP) – မဲအများဆုံးရသူအနိုင်ရတဲ့ မဲပေးစံနစ်ဟာ ယနေ့ထက်တိုင် ဒီမိုကရေစီစံနစ်ကိုအခြေ ခံတဲ့ ကမ္ဘာတစ်ဝှမ်းမှရွေးကောက်ပွဲများမှာ တွင်ကျယ်စွာ လက်ခံ သုံးစွဲနေတဲ့ စံနစ်ဖြစ်တဲ့အပြင် မြန်မာမဲဆန္ဒရှင်များကလည်း လက်ခံကျွမ်းဝင်ပြီးသား မဲပေးစံနစ် ဖြစ်တဲ့အ တွက် ဒီနေ့ဒီအခြေအနေမှာ မယောင်ရာဆီလူးစရာမလိုဟုယူဆမိလို့ ဖြစ်ပါတယ်။

အထူးသဖြင့် ပြည်တွင်းပြည်ပ လေ့လာစောင့် ကြည့်သူအဖွဲ့အစည်းများ ကိုယ်တိုင်အသိအမှတ်ပြု ပြောကြား ခဲ့တဲ့ မြန်မာပြည်သူများရဲ့ဆန္ဒမှန်ကို ထင်ဟပ်စေခဲ့တဲ့ တရားမျှတသော ၂၀၂၀ ရွေးကောက်ပွဲပြီးဆုံးခါစကာလ မို့လည်းဖြစ်လို့ PR စံနစ် အခြေပြုတဲ့ရွေးကောက်ပွဲသစ် ဆိုတာ လေသံလေးနဲ့တောင် မဟသင့်တဲ့အချိန်ပါ။ ဒီလိုဆိုလိုက်လို့ PR စံနစ် အပေါ်မကောင်းမြင်စိတ် များလွန်းလှတယ်မထင်လိုက်ပါနဲ့။ ရွေးကောက်ပွဲမဲပေးစံနစ် တိုင်းမှာ အားနည်းချက် အားသာချက်များရှိတယ်ဆိုတာလက်ခံထားသူတစ်ယောက်ဖြစ်လို့ မျက်စိစုံမှိတ်ပြီး ကမ္ဘာတည်သရွေ့ လက်ရှိကျင့်သုံးနေတဲ့ စံနစ်ကို မှန်မှန်မှားမှား သေတပန် သက်တဆုံး ဖက်တွယ်သွားကြရ မယ်လို့ ဆိုနေခြင်းမျိုးမဟုတ်ပါ။ ရွေးကောက်ပွဲစံနစ်နဲ့ နည်းဥဒေသများ ပြုပြင်ပြောင်းလဲရေးဆိုတာ စံနစ် တကျ ဆန်းစစ်သုံးသပ်မှုများနဲ့အတူ ပိုမိုပြည့်စုံကောင်းမွန်တဲ့ အဆင့်တစ်ခုဆီသို့ ရောက်အောင် သွားကိုသွား ရမှာပါ။

သေချာတာကတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို ဖေါ်ဆောင်လာကြတဲ့အခါမှာ တိုင်းရင်းသား ဒေသ များ၊ လူနည်းစုနေထိုင်ရာ မဲဆန္ဒနယ်များမှ မဲဆန္ဒရှင်တွေရဲ့အသံကိုထင်ဟပ်နိုင်စေမယ့် မဲပေးစံနစ်ပေါ်ထွန်း လာအောင် ကြိုးစားရမှာပါ။ အဲဒီအချိန်ကိုရောက်လာမှာဖြစ်သလို ဒီအတွက်အားလုံးမှာ တာဝန်ရှိပါတယ်။ အခုဖြစ်နေတာက စိတ်ကောင်းစေတနာကောင်းနဲ့ ပြုလုပ်ခြင်းမဟုတ်ပဲ၊ ကိုယ်နဲ့အလွမ်းသင့်တဲ့ပါတီ မနိုင်လို့ ဒီရွေးကောက်ပွဲစံနစ်ကို ပြောင်းချင်တာမျိုးမို့ပါ။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်သာ သူတို့စိတ်ကြိုက်ဖြစ်ခဲ့ရင် ဒီစကားတွေယောင်ပြီးတောင် ထွက်လာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အရှင်းလင်းဆုံးပြောရရင် အကြမ်းဖက် စစ်အုပ်စု အကောင်အထည်ဖေါ်ပေးမယ့် PR စံနစ်ကို အခြေခံတဲ့ရွေးကောက်ပွဲကို ဆန့်ကျင်တာ၊ အဆိုး မြင်တာပါ။ ဒီအတွက်‌ တရားမဝင်ကျင်းပဖို့ကြံနေတဲ့ ရွေးကောက်ပွဲသစ်ဆိုတာကို အလေးအနက်မထားသော် လည်း အကြမ်းဖက်စစ်အုပ်စု ပြောဆိုလုပ်ကိုင်တာမှန်သမျှကို တန်ပြန် ဆန့်ကျင်ရမယ်ဆိုတဲ့ အသိနဲ့ ဒီ ဆောင်းပါး ကိုရေးပါတယ်။

စာရင်းဇယားအတိအကျနဲ့ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ မဲရလဒ်တွေရှိပေမယ့် နောက်ထပ်မဲအသစ်ထပ် ထည့်ကြပါအုံးလို့ ဆိုနေခြင်းဟာ အပ်ထားတဲ့ငွေကြေးတွေတော့ပြန်မပေးပဲ ဘဏ်စာရင်းအသစ်ထဲ ထပ်စုကြ ပါအုံး ဆိုတာနဲ့တောင်ခပ်ဆင်ဆင်ပါလားလို့ ဆိုပြီးရယ်သွမ်းသွေးမိချင်ပါတယ်။ ဒါပေမယ့် PR စံနစ် နဲ့ ရွေး ကောက်ပွဲသစ် ဆိုတဲ့ထောင်ချောက်ထဲဝင်သွားလို့ကတော့ ဒီထက်အဆ‌‌ပေါင်းများစွာဆိုးရွားမှာပါ။ ဒီနေ့ဖြစ် ပျက်နေတာကို အဓမ္မအာဏာသိမ်းတယ်လို့ ပြောပိုင်ခွင့် အားလုံးမှာရှိပေမယ့် ကောက်ကျစ်တတ်သူရဲ့လှည့် ဖြားမှုထောင်ချောက်ထဲ ပိတ်မိသွားရင်တော့ “မဲဆန္ဒရှင်တွေ လိုလိုလားလားရွေးချယ်ပေးတာကို ပြန်လည်အ သိအမှတ်ပြုတဲ့အနေနဲ့ အာဏာလွှဲပြောင်းယူလိုက်ရတာပါ” ဆိုပြီး တင်တင်စီးစီးတောင် ပြောလာနိုင်ပါသေး တယ်။

အဓိကအားဖြင့် ဒီဆောင်းပါးမှာ PR စံနစ်ရဲ့ အားနည်းချက်၊ ရှုပ်ထွေးမှုများနဲ့ မလိုလားအပ်တဲ့ အကျိုးဆက်များ ကို တင်ပြလိုပါတယ်။အကြမ်းဖက် စစ်အုပ်စုနဲ့ လေသံတူမှာမဟုတ်တဲ့အတွက် ကောင်းကွက် များရှာကြံဖတ် လိုသူအတွက်ကတော့ ကြေးမုံနဲ့ မြန်မာ့အလင်းမှာစောင့်ဖတ် ရမှာဖြစ်ပါတယ်။ ကွဲပြားတဲ့မဲပေးစံနစ်များ အနက်မှ မဲအများဆုံးရသူအနိုင်ရတဲ့ မဲပေးစံ နစ် (FPTP) နဲ့ အချိုးကျ ကိုယ်စား ပြုစနစ် (PR) အကြောင်းကို အသားပေး ဆွေးနွေးလိုပါတယ်။ FPTP က မြန်မာနိုင်ငံရွေးကောက်ပွဲတွေမှာ အစဥ်အဆက်သုံးခဲ့ကြလို့ အထူး ရေး သားစရာလိုမယ် မထင်ပါဘူး။ ပထမဦးစားပေးအနှစ်သက်ဆုံးပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်ကို ရွေးချယ်ရခြင်းဖြစ်လို့ ရှင်းရှင်းလင်းလင်းရှိပါတယ်။ FPTP မှာ Majority နဲ့ Plurality ဆိုပြီးထပ်ခွဲနိုင်ကာ Majority စံနစ်အတွက် ရွေးချယ်ခံရရန် တရားဝင်မဲ အရေအတွက် ၅၀ ရာခိုင်နှုန်းကျော်ရရှိရပါမယ်။ Plurality စံနစ်မှာတော့ မဲအများဆုံးရရှိသူဖြစ်ဖို့ပဲလိုအပ်ပါတယ်။ ၅၀ ရာခိုင်နှုန်းအောက်နဲ့နိုင်ရင်လည်း နိုင်တာပါပဲ။ ကမ္ဘာ့ဒီမိုကရေစီ သက်တမ်းရင့်နိုင်ငံများဖြစ်တဲ့ ဗြိတိန်နိုင်ငံနဲ့အမေရိကန်နိုင်ငံမှာသုံးလေ့ရှိတဲ့စံနစ်ပါ။ ကမ္ဘာ့အ ကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာလည်း ဒီစံနစ်ကိုပဲသုံးပါတယ်။

PR စံနစ်က ခွဲတမ်း (Quota) စံနစ်ဖြစ်ပြီးမူကွဲများရှိပါတယ်။ ဥရောပနိုင်ငံအများစုမှာသုံးတဲ့စံနစ်က Party-list proportional representation ဖြစ်ပါတယ်။ အဲဒီထဲကမှ ပါတီမဲနိုင်တဲ့ခွဲတမ်းအရ ပါတီကပဲ အမတ်တွေကို ဆုံးဖြတ် ရွေးချယ်တဲ့ Closed list ဆိုတာရှိပြီး မဲဆန္ဒရှင်တွေက ပါတီကိုပဲကြည့်ပြီးမဲပေးကြရတာပါ။ မဲဆန္ဒရှင် တွေအနေနဲ့ ရွေးကောက်ခံကိုယ်စားလှယ်အပေါ် ကောင်းသည်၊ဆိုးသည် ဆိုပြီး ဆုံးဖြတ်နိုင်ခွင့်မရှိပါ။ Open list မှာကတော့ မဲဆန္ဒရှင်တွေက ရွေးကောက်ခံကိုယ်စားလှယ်လောင်းကို သိခွင့်ရပြီး နှစ်သက်သူကို မဲပေး ရွေးချယ်နိုင်ပါတယ်။

ဩစတြေလျနိုင်ငံရဲ့ အထက်လွှတ်တော် ဆီးနိတ်ရွေးကောက်ပွဲမှာ သုံးတဲ့ PR ကတော့ Single Transferable Vote System (STV) လို့ခေါ် ပါတယ်။ မဲဆန္ဒရှင်တွေက မိမိဦးစားပေး နံပါတ်(၁) ကိုယ်စားလှယ်လောင်းကိုရွေး ရပါတယ်။ ဒုတိယဦးစားပေး၊တတိယဦးစားပေးများစသဖြင့် ဝင်ရောက်ယှဥ်ပြိုင်တဲ့ ပါတီများမှ ရွေးကောက် ခံကိုယ်စားလှယ်လောင်းအားလုံးကို နံပါတ်စဥ်ထိုးရွေးချယ်ပေးရပါတယ်။ ပထမဦးစားပေး ကိုယ်စားလှယ် လောင်းက ခွဲတမ်းအပြည့်မဲရသွားလို့ အရွေးခံရရင် သူ့ရဲ့ ပိုလျှံမဲတွေကို ဒုတိယဦးစားပေးအဖြစ် မဲပေးသူက သတ်မှတ်ထားသော ကိုယ်စားလှယ်လောင်းကို လွှဲပြောင်းပေးရပါတယ်။အဲဒီလိုပြောင်းတဲ့နေရာမှာလည်း ပိုလျှံမဲအရေအတွက်များကို တိုက်ရိုက်ပြောင်းလို့မရပါဘူး။ Transfer value - လွှဲပြောင်းတန်ဖိုး ကိုဖေါ်မြူ လာနဲ့အရင်တွက်ရပါတယ်။ အဲဒီနောက်မှ ဒုတိယဦးစားပေးရွေးချယ်သူကို ပိုလျှံမဲ နဲ့ လွှဲပြောင်းတန်ဖိုးကိန်း ဂဏန်းနဲ့မြှောက်ပြီးလွှဲပေးရပါတယ်။ ဒီလိုရေတွက်ပုံတဆင့်ပြီးတဆင့် ကိုယ်စားလှယ်နေရာအားလုံးပြည့် သွားတဲ့အထိရေတွက်ပေးရပါတယ်။STV စံနစ် ပင်ဖြစ်သော်လည်း ရေတွက်ပုံကွဲပြားတဲ့ Hare-Clark modelကို ဩစတြေလျရဲ့ Tasmania ပြည်နယ် နဲ့ Australian Capital Territory ပါလီမန် ရွေးကောက်ပွဲမှာ အသုံးပြု ပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုအသုံးပြုလိုတဲ့ PRစနစ် ကိုတော့ တရားဝင်ချပြတာမတွေ့ရသေးပါဘူး။ ဘယ်ပုံစံကိုပဲယူယူ FPTP လို နားလည်လွယ်တဲ့စံနစ်မဟုတ်ပါဘူး။ မဲပေးသူရော၊ မဲရေတွက်ရမယ့်သူရော လုံလောက်တဲ့ မဲပေးစံနစ်ပညာပေးမှု လိုအပ်ပါတယ်။ ခွဲတမ်း တွက်ချက်ဖို့ကလည်း တရားဝင်မဲအရေအတွက် မသိသေးမချင်း၊ စတွက်ချက်လို့မရတော့ FPTP မှာ ညတွင်းချင်း မဲရလဒ် သိနိုင်ပေမယ့် PR စံနစ်ကတော့ နောက်ရက်တွေကူးပါလိမ့်မယ်။ တွက်ချက်ရာမှာလည်းသုံးမယ့်ဖေါ်မြူလာ၊ ပယ်မဲနှုတ်ပြီးကျန်မယ့်တရား ဝင်မဲအရေအတွက်၊ မဲဆန္ဒနယ်ဒေသကြီးတစ်ခုမှာ ယှဥ်ပြိုင်ရမယ့် အမတ်နေရာအရေအတွက်၊ စသည်များ ပေါ်လည်းမူတည်ပါသေးတယ်။ ဥပမာ တရားဝင်မဲအရေအတွက် နဲ့ ရွေးချယ်ခံအမတ်နေရာအရေအတွက် တူရင်တောင် ခွဲတမ်းတွက်ချက်တဲ့ နည်းပုံစံ (Hare quota vs Droop quota vs Hagenbach-Bischoff vs Imperiali) မတူရင် ခွဲတမ်းအရေအတွက် ကွာပါလိမ့်မယ်။

နောက်တစ်ခုက PR စံနစ် စစ်စစ် မှာ ကိုယ့်မြို့နယ်မဲဆန္ဒနယ်အတွက် ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ် တွေမရှိပါဘူး။ နိုင်ငံတကာမှာကျင့်သုံးတဲ့ PR စံနစ်အရ ပြောခြင်းပါ၊ ဒီစံနစ်ဟာဒေသကြီးတစ်ခုလုံးကိုလွှမ်း ခြုံကိုယ်စားပြုတဲ့ ခွဲတမ်းစံနစ်ကိုအခြေပြထားတာပါ၊ ရှိရင်းစွဲမဲဆန္ဒနယ်များ ပေါင်းထပ်ရခြင်းများလိုအပ်ပါ လိမ့်မယ်။ သိက္ခာသမာဓိရှိတဲ့ အဂတိတရားကင်းတဲ့ရွေးကောက်ပွဲကော်မရှင်လက်ထက်မှာသာ ပြုလုပ်သင့် တဲ့မဲပေးစံနစ်လို့တောင် ဆိုချင်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဌေ အခန်း(၂) အပိုဒ်၅(ဃ) မှာ ကော်မရှင်ဥက္ကဌ သည် သိက္ခာသမာဓိနဲ့ ပြည့်စုံရမယ်လို့ဆိုထားပြန်တော့ ၂၀၀၈ နာဂစ်အခြေခံဥပဌေဖြစ် မြောက်ရေးမှာ ထဲထဲဝင်ဝင်ပါခဲ့သူ၊ ၂၀၁၀ ‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဌလုပ်ခဲ့သူကိုတော့ ခြွင်းချက်များနဲ့ခန့် အပ်ထားသလားလို့တောင်ထင်မိပါတယ်။

ယခုလောက်ဆိုလျင် PR စံနစ်ရဲ့ မရိုးစင်းတဲ့ မဲပေးစံနစ်၊မဲ‌ရေတွက်ပုံတို့ကို လက်ရှိကျင့်သုံးနေတဲ့ FPTP စံနစ် နဲ့ အတော်အတန် နှိုင်းယှဥ်မြင်သာပြီလို့ထင်ပါတယ်။ အခုတောင် PR စနစ်ကျင့်သုံးတာခြင်းတူပေမယ့် နိုင်ငံပေါ် လိုက်ပြီး ကွာခြားတဲ့အချက်များကို ဥပမာလုံလောက်စွာ ပေးပြီးမရှင်းပြရသေးပါဘူး။ နိုင်ငံတကာက သဘော တူလက်ခံထားတာကတော့ FPTP စံနစ်လို မဲပေးသူများ ရှင်းလင်းစွာ သဘောပေါက်နားလည်ဖို့ခက်ခဲလှ တယ်ဆိုတာကိုပါ။

၂၅ ရာခိုင်နှုန်း အမတ်နေရာ မောင်ပိုင်စီးပြီးတဲ့နောက် FPTP မဲအများဆုံးရသူအနိုင်ရတဲ့ မဲပေးစံနစ်နဲ့ ပေါင်းစပ်လိုက်ရင် သေချာပေါက်အစိုးရဖွဲ့နိုင်ပြီလို့ ရွှေဥာဏ်တော်စူးရောက်ခဲ့ကြသော ကျွမ်းကျင်သူလို့ဆိုသူ များ၊ PR မဲပေးစံနစ်ကို နဖူးတွေ့ ဒူးတွေ့ တစ်သက်မှာတစ်ခါမျှမကြုံဘူးပဲ ဟိုလူ့မေး၊ဒီလူ့မေး၊အဘိဓါန်ပြန်လှန် ပြီးဟိုရှာဖတ် ဒီရှာဖတ်လုပ်ရင်း ကိုယ့်ကိုယ်ကို အလိုလို PR စပယ်ရှယ်လစ်လို့ထင်သွားကြသော သူများကပဲ အကြမ်းဖက် စစ်အုပ်စု အလိုကျရလဒ်ရ‌အောင် ဥာဏ်နီဥာဏ်နက်မျိုးစုံသုံးပြီး အကြံပေးအကောင်အထည် ဖေါ်နေကြအုံးမလားမသိ။ ပိုပြီးရုပ်ပျက်ဆင်းပျက် ဖြစ်လာညစ်လာနိုင်တာကတော့ အသေအချာပါ။ တစ် ဆက်တည်းပြောရရင် အဲဒီ ၂၅ ရာခိုင်နှုန်း မိုက်ကြေးခွဲသလိုယူထားသရွေ့ စစ်မှန်တဲ့ PR စံနစ် လို့ဘယ်လိုမှ မခေါ်နိုင်ဘူး ဆိုတာပြောပါရစေ။ မယုံကြည်ဘူးဆိုရင် ကမ္ဘာပေါ် မှာ PR စံနစ်ကျင့်သုံးနေတဲ့နိုင်ငံများက တတ်သိ ပညာရှင်များကို မေးမြန်းနိုင်ပါတယ်။

အခု နှစ်ပေါင်းများစွာ PR စံနစ်ကိုပြောင်းလဲစေဖို့ ကျားကုတ်ကျားခဲ ကြိုးစားနေသူများကို မေးချင်တာများ ရှိပါတယ်။ ဒီလိုနှစ်ကာလရှည်လေ့လာခဲ့တဲ့အတွက် PR စံနစ် အကြောင်းထုံးလို‌ချေရေလိုနှောက်သိရှိပြီးသွား ပြီဆိုရင် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်(ရပ်/ကျေးအပါအဝင်)၊ မဲရေတွက်မည့်တာဝန်ရှိသူ၊ မဲဆန္ဒပေး မည့်သူများ(အသက်အရွယ်ငယ်သူမှအသက်အကြီးဆုံးမဲပေးနိုင်သူအထိ၊ အလွှာစုံ မြို့ပြနေသူများမှ ကျေး လက်နေသူများ၊ မြေပြန့်သည်မှတောင်တန်းများအထိ) ပယ်မဲများဖြစ်သွားခဲ့ခြင်း၊မှားယွင်းရေတွက်မိခြင်း များမရှိအောင်၊မိမိတို့ကဲ့သို့ ရှင်းရှင်းလင်းလင်း နားလည်သွားအောင် မိမိတို့အတွေ့အကြုံပေါ်မူတည်ပြီး အချိန်မည်မျှယူ၍ ပညာပေးသင်တန်းများလုပ်ရန်အစီအစဥ်ရှိပါသလဲ။ မိမိတို့သုံးမည့် PR စံနစ်သည် ကမ္ဘာ ကအသိအမှတ်ပြုလက်ခံထားသောနည်းစံနစ်ပါလား သို့တည်းမဟုတ် မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ်စံ နစ်ကဲ့သို့ မြန်မာ့နည်းမြန်မာ့ဟန် PR စံနစ်ပါလား။တစ်တိုင်းပြည်လုံးနှင့်ဆိုင်သောရွေးကောက်ပွဲစံနစ်သစ်တစ် ခုသို့ပြောင်းလဲမည်ဆိုပါက အမျှော်အမြင်ကြီးစွာဖြင့် ရပ်ကွက်၊မြို့နယ်အဆင့်(ဥပမာ စည်ပင်ရွေးကောက်ပွဲ) များမှစ၍တစ်ဆင့်ချင်းတက်ကာ ဆောင်ရွက်ရင်း လူထုရဲ့မဲပေးမှု၊သိနားလည်မှု၊အားသာချက် အားနည်းချက် များကိုစံနစ်တကျဆန်းစစ် လေ့လာ သင်ခန်းစာယူလေ့ရှိကြပါတယ်။ ထိုကဲ့သို့အချိန်ယူပြင်ဆင်မှုများ ရွေး ကောက်ပွဲသစ်မတိုင်မီ ပြုလုပ်ရန်အစီအစဥ်ရှိပါသလား၊ မရှိပါက ပြုလုပ်သင့်ကြောင်းအကြံပြုပါမည်လား၊ သို့တည်းမဟုတ် မဲဆန္ဒရှင်များ နားလည်ကျွမ်းဝင်မှုရှိခြင်းမရှိခြင်းထက် ရွေးကောက်ပွဲအမြန်ပြီးဖို့ အရေးကြီး သည်ဟုခံယူထားပါသလား၊ ဆိုသည့်မေးခွန်းများပင်။ အခုတင်ပြခဲ့တဲ့မဲပေးစံနစ် နှစ်ခုထဲမှာ PR ကတော့ ညွန့်ပေါင်းအစိုးရဖွဲ့ဖြစ်စေဖို့ အလားအလာ အများဆုံးပါ။ ညွန့်ပေါင်းအစိုးရဖွဲ့ရဲ့ မလိုလားအပ်တဲ့အကျိုးဆက် တွေကို အခုလိုပဲတန်ပြန်ဆောင်းပါးတစ်ပုဒ်နောက်တော့ရေးပါအုံးမယ်။

စစ်အာဏာရှင်တော်လှန်ရေးအစဥ်အဆက်လိုပါပဲ၊ ဒီနွေဦးတော်လှန်ရေးမှာလည်း အသက်စွန့်ခဲ့ရ၊ဘဝပျက်ခဲ့ ရ၊ အခြေပျက်ခဲ့ရသူတွေ များစွာရှိလာရပါပြီ။ မိဘအရိပ်အောက်မှာ အပူအပင်မရှိနေထိုင်ခဲ့ရသူများ၊စာသင် ခန်းကိုကျောခိုင်းခဲ့ရသူများ၊ အောင်မြင်တဲ့အသက်မွေးဝမ်းကျောင်းကို သတ္တိရှိရှိချန်ရစ်ခဲ့သူများ၊ ထိုသူများ စွာနည်းတူ စစ်အာဏာရှင်ကို အမြစ်ဖြုတ်ဖို့ သန္ဓိဌာန်ချထားကြတဲ့ အလွှာအသီးသီးမှ တိုင်းရင်းသားညီအစ်ကို မောင်နှစ်မများတို့ဟာလည်း သူတို့ချစ်တဲ့နိုင်ငံကို သူတို့အသက်နဲ့ ပြန်ရွေးပေးဖို့ အတွက် ဘယ်တုန်းကမှ စိတ် ကူးမယဥ်ခဲ့တဲ့နေရာတစ်ခုမှာ သူတို့ဘဝကို ပေးဆပ်နေကြပါတယ်။

အခြားဝင်ငွေအားထားစရာမရှိတဲ့၊ လစာနည်းဝန်ထမ်းများလည်း ရဲဝန့်ပြတ်သားစွာနဲ့ မိသားစုနားခိုရာဝန် ထမ်း အိမ်ယာများကို ကျောခိုင်းလာခဲ့ကြတယ်၊ အကြမ်းဖက်စစ်အုပ်စုရဲ့ ယန္တရားတွေရပ်တန့်သွားစေရမယ် ဆိုပြီး၊ အကြမ်းဖက်စစ်အုပ်စုနဲ့ လုံးဝမဆက်ဆံဘူးဆိုပြီး၊ NUG နဲ့ CRPH တို့ရဲ့ မူဝါဒနဲ့ တစ်သားတည်းရပ်တည် ရင်းပေါ့။ဒီလိုအခြေအနေ အချိန်အခါမျိုးမှာ ပြည်တွင်းပြည်ပ မည်သူမျှ ယုံကြည်ထောက်ခံမှုမရှိတဲ့ အကြမ်း ဖက် စစ်အုပ်စုလက်ထက် ရွေးကောက်ပွဲသစ် နဲ့ လွှတ်တော်သစ်ကို စိတ်ကူးယဥ်အိပ်မက်နေကြတဲ့၊ အကြမ်း ဖက်စစ်အုပ်စုရဲ့ တရားမဲ့လုပ်ရပ်တွေကို မမြင်ချင်ယောင်၊ မသိချင်ယောင်ဆောင်ပြီး သွေးစွန်းတဲ့လက်ကို လက်ဆွဲနှုတ်ဆက်ရခြင်းဟာ လုပ်သင့်လုပ်ထိုက်တဲ့အရာလို့ ထင်မှတ်နေကြတဲ့ နိုင်ငံရေးသမား ဆိုသူများကို တော့အလွန်တရာမှ နားလည်ဖို့ ခက်ခဲလှပါတယ်။

ရွေးကောက်ပွဲစံနစ်ပြုပြင်ပြောင်းလဲခြင်းဆိုတာ နိုင်ငံတကာမှာ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ တ ရားဝင်လွှတ်တော်က ဆောင်ရွက်ကြတာပါ။ ဗြိတိန်နိုင်ငံမှာဆိုရင် လက်ရှိ FPTP မဲပေးစံနစ်ကို ပြောင်းလဲသင့် မသင့် အတွက် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲကို ၂၀၁၁ ခုနှစ်မှာ ကျင်းပပေးခဲ့ပါတယ်။ ပြည်သူအများစုက မပြောင်းလဲလိုတဲ့အတွက် FPTP စံနစ်ကိုပဲဆက်ကျင့်သုံးနေတာပါ။အခုတော့ တရားမဝင်အာဏာရယူထားသူ များက မဲပေးစံနစ်အသစ်နဲ့ ရွေးကောက်ပွဲသစ်လုပ်မယ်ဆိုတာဟာပြည်သူတွေရဲ့ အသိဥာဏ်နဲ့ရပိုင်ခွင့်ကိုလစ် လျူရှုပြီး တန်ဖိုးထားရမယ့်မဲဆန္ဒရှင်တွေကို မလိမ့်တပတ်လုပ်၊ နလပိန်းတုံး လိုဆက်ဆံချင်တာပါ။

အခုဆိုလာတဲ့ ရွေးကောက်ပွဲဆိုတာ သူတို့သုံးခဲ့စကားနဲ့ပဲ ပြန်ပြောရရင် ဆိတ်ခေါင်းချိတ်ပြီး၊ ခွေးသား ရောင်း ခြင်းပါပဲ။ အလိုတူအလိုပါ ခွေးသားကြိုက်သူများ အတွက်တော့ အထွေအထူး ဘာမှမပြောလိုပေမယ့် ဒီအရေခြုံလှည့်ကွက်ထဲ၊ နိုင်ငံရေးလုပ်ကြံမှုထဲ ခြေကျွံသွားကြသူ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုမိသလိုဖြစ်သွားကြသူ၊ တချိန်က ဒီမိုကရေစီအလံ ကိုမြဲမြံစွာ ဖက်တွယ်ခဲ့သူများအတွက်တော့ စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့အချိန်အခါလောက် စစ်အာဏာရှင်ကို အမြစ်ကဆွဲ နှုတ်ချင်တဲ့စိတ်နဲ့ စည်းလုံးခဲ့ကြဘူးတာမရှိခဲ့သလို၊ ဒီနေ့အချိန်အခါလောက် စည်းလုံးညီညွတ်မှု မပြိုကွဲဖို့ ထက် ဘာမှအရေးကြီးတာမရှိတော့တဲ့ ကာလမှာ မည်သူတစ်ဦးတစ်ဖွဲ့ကိုမျှ အကြမ်းဖက်စစ်အုပ်စု အလိုကျ ပဲ့ထွက်မသွားစေလိုပါ။

နိုင်ငံရေးဇာတ်ခုံမှာ ဂငယ်ကွေ့ဆိုတာ ကမ္ဘာ့ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များလည်း ဆုံးဖြတ်ခဲ့ရဖူးတာပါ ပဲ။ အဓိကကတော့ ပြည်သူ့အသံကို မပြတ်နားထောင်မိခဲ့ကြလို့ မိမိတို့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ကြတာပါ။ လာရာ လမ်းကောင်းခဲ့ပြီးရင် လားရာလမ်းထပ်ကောင်းကြဖို့လည်း အရေးကြီးပါတယ်။ လွှတ်တော်ထဲအမတ် နေရာရဖို့ အတွက် ကိုယ့်သမိုင်းနဲ့ပဲ လဲရလဲရလို့ ဆုံးဖြတ်ထားကြသူများ မဖြစ်တန်ကောင်းရာလို့လည်း ထင် မိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ယုံကြည်ခံယူချက်၊ နိုင်ငံရေးရပ်တည်ချက်နဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေး ကောက်ပွဲသစ်ဟာ တစ်ထပ်တည်းကျ နေတယ်ဆိုပြီးများ လက်ခံထားမိခဲ့တယ်ဆိုရင်တော့၊ မဲဆွယ်စည်းရုံး ရေးကာလ ရောက်တဲ့အခါ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်လေး ဖြစ်သွားအောင် မြို့မတူရိယာအဖွဲ့ကြီးကိုငှားရမ်းဖို့ ကြိုတင်ကမ်းလှမ်းထားသင့်ပါတယ်။ ဆရာမြို့မငြိမ်းသာရှိနေသေးအုံးမယ်ဆိုရင် လိုက်ဖက်ညီကြမယ့် သီ ချင်းလေး တစ်ပုဒ်ကိုတောင် လက်ဆောင်အဖြစ်ရေးပေးအုံးမယ် ထင်ပါတယ်။ သီချင်းခေါင်းစဥ်ကိုတော့ “ကံတူအကျိုးပေး” လို့ များ အမည်ပေးလေမလားပဲ။

(သီအို‌ဇော်)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar